အလှနေရာ
ပြောင်းကြမယ်
အရှင်ဥာဏိက
အသက်လေးဆယ်အရွယ်ဆိုတာ
လူငယ်တွေအတွက်တော့ လူကြီးပါ။ ဒါပေမယ့် လူကြီးတွေအတွက် တော့ အသက်ငါးဆယ်ဆိုတာက လူငယ်ပါပဲ။
(ဗစ်တာ ဟူဂို)
ဟိုက်၊
သူ့အလိုအရဆို ကိုယ့်အရွယ်က ခုမှ ချာတိတ်မျှသာ ရှိသေးသပ။ သို့ပေမယ့် တကယ့်ချာတိတ်
တွေ ဘယ်လိုမှ တွေးဆလို့မရနိုင်တဲ့ ချွတ်ယွင်းချွတ်ချော်မှုများကတော့ ခန္ဓာကိုယ်နဲ့အပြည့်ဖြစ်လို့နေ
ပြီ။
အသိတစ်ယောက်က
ငယ်စဉ်ကတည်းက အသက်အပိုင်းအခြားလိုက် အမှတ်မထင် ဟိုနားဒီနားမှာ မှတ်တမ်းတင်ရိုက်ကူးလာတဲ့
သူ့ဓာတ်ပုံတွေကို ပီကာစာဖိုင်နဲ့ပေးပို့ပါတယ်။ တစ်ကိုယ်တော်ရိုက်ထား ပုံတွေကများပေမယ့်
ပုံတွေထဲမှာ မိတ်ဆွေငါးဦး စုပေါင်းရိုက်ထားတဲ့ ပုံနှစ်ခုကိုထူးထူးခြားခြား အမှတ် ပြုမိလိုက်ပါတယ်။
အဲဒီနှစ်ပုံကတော့ ဆယ်ကျော်သက်အရွယ် နုပျိုစဉ်ကပုံနဲ့ အရွယ်လတ်ပိုင်းဖြစ်တဲ့ လက်ရှိအရွယ်ပုံတစ်ပုံရယ်ပါ။
ပုံတွေကိုကြည့်ပြီး ဘယ်လိုထင်မြင်သလဲလို့ ပွင့်ပွင့်လင်းလင်းလေး မှတ် ချက်ပေးပါဦးလို့
သူကဆိုလိုက်ပါသေးတယ်။
သာမန်မြင်တွေ့ရတဲ့
ပုံတွေကိုကြည့်ပြီး အားမနာတမ်း မှတ်ချက်ပေးရမယ်ဆိုလျင်တော့ ပိုပိုသစ်လာတဲ့ နောက်ပိုင်းပုံတွေက
အရောင်တွေစုံ၊ ဓာတ်သားတွေ ပိုကောင်းလာပေမယ့် ဓာတ်ပုံရှင်ရဲ့ ရုပ်ကတော့ ပိုပိုဟောင်းနွမ်းလာတယ်လို့
ထင်ရပါတယ်။ တဖြည်းဖြည်းနဲ့ အကောင်းထက် အဆိုးတွေကသာ များ လာတယ်လို့ ထင်မိပါတယ်။ ငယ်ရွယ်နုပျိုစဉ်ကပုံနဲ့
ရင့်ရော်ကာမှ ရိုက်ကူးထားတဲ့ပုံတွေကို နှိုင်းယှဉ်ပြီး ပုံသက်သက်ကိုသာကြည့်လို့ ပြောရမယ်ဆိုလျင်
ရင့်ရော်ရွယ်ရဲ့ပုံတွေက အားနည်းမှုများတာချည်းပါပဲ။ ငယ်ရွယ်စဉ်က ပြည့်ဖြိုးမှုတွေ(ဝတာမဟုတ်ပါ)
နုပျိုလန်းဆန်းမှုတွေ၊ အပူကင်းစင်တဲ့မျက်နှာတွေက ကြီးကာမှရိုက်ထားတဲ့ပုံတွေထဲမှာ
မတွေ့ရတော့သလို ခံစားမိတယ်။
သို့ပေမယ့်
ဓာတ်ပုံပိုင်ရှင်ဖြစ်တဲ့ သူမှသာ တဖြေးဖြေး ကြီးရင့်လာခဲ့တာ မဟုတ်ဘူးလေ။ သူ့ပုံတွေကို
ဝေဖန်ခိုင်းတဲ့ ကိုယ်ကိုယ်တိုင်လည်းပဲ သူ့လိုပဲ ကြီးရင့်လာခဲ့တာပဲ။ ဒါကြောင့် ကြီးရင့်မှုနဲ့အတူပါလာတဲ့
အသိတရား ခလုတ်က ကိုယ့်စိတ်ထဲမှာ ထင်တဲ့အတိုင်း ပြောလိုက်ဖို့ ခွင့်မပြုဘူးလေ။ အကျိုးမများနိုင်
မယ့် စိတ်အားငယ်ဖွယ်စကားတွေထက် စိတ်ချမ်းမြေ့ပျော်ရွှင်ဖွယ်ရာစကားကိုသာ ပြောပေးရလျင်
ပို ကောင်းမှာပဲဆိုတဲ့တွေးစိတ်က ရှေ့ကနေ နေရာဝင်ယူခဲ့ပါတယ်။ ဒီအတွက် သူ့ပုံတွေကိုကြည့်ပြီး
အကောင်းဆုံးဖြစ်နိုင်တဲ့အရာတွေကို ကြည့်ကာ ချီးမွန်းစကားဆိုလိုက်ပါတယ်။
ကြီးရင့်မှုနဲ့အတူပါလာတဲ့
ရင့်ကျက်မှု၊ တည်ငြိမ်မှုစတဲ့ကောင်းတဲ့အချက်တွေက ဓာတ်ပုံထဲမှာ အထင် အရှား မြင်လိုက်ရတယ်လို့
ထင်မိပါတယ်။ ဒါကြောင့် ဓာတ်ပုံများနဲ့စပ်ပြီး ချီးမွန်းစကား ပြောလိုက်ပြီး ဒီထက်ပြည့်စုံတဲ့
မှတ်ချက်ကိုတော့ အချိန်ရလို့ စာရေးချင်စိတ်ပေါက်တဲ့အခါမှာ ပေးပါဦးမယ်လို့လည်း ပြောလိုက်ပါတယ်။
သူ့ကိုအဲဒီလိုပြောဖြစ်ခဲ့တာသည်ပင် တစ်နှစ်နီးပါးရှိပြီ။ ဒီတစ်နှစ်နီးပါးအတွင်းမှာပင်
သူ့ပုံက ဘယ်လောက်ပြောင်းသွားလေမလဲ မသိ။ တစ်နှစ်အတွင်းမှာပင်လျင် ကိုယ့်ရုပ်အသွင်
တော် တော်ပြောင်းသွားတာကိုတော့ ကိုယ့်ကိုယ်ကို မှတ်မှတ်ထင်ထင်ကို သတိပြုမိပါတယ်။
ရုပ်အသွင် ပြောင်းလဲမှုနဲ့အတူ စိတ်အဆင်ပါ ပြောင်းလဲနိုင်အောင်ကြိုးစားဖို့ လိုတယ်ဆိုတဲ့အသိကိုလည်း
မကြာ ခဏ သတိရမိတတ်ပါတယ်။
ရင့်ရော်ခြင်းတွေ
တိုးလာတာနဲ့အတူ ရင့်ကျက်ခြင်းတွေတိုးလာတာ။ ဆံဖြူခြင်းနဲ့အတူ စိတ်ဓာတ်ဖြူ ခြင်း။ ခွန်အားတွေ
နည်းလာခြင်းနဲ့အတူ လောဘ ဒေါသ မောဟ အတ္တတွေ မာန်မာနတွေပါနည်းလာ ခြင်းမျိုးတွေကိုပါ အတူယူဆောင်နိုင်မယ်ဆိုလျင်
အိုခြင်းအဓိပ္ပါယ်က ဘယ်လောက်တောင်ပြည့်ဝသွား လေမလဲ။ အများစုသော အလုပ်တွေကို ငယ်ရွယ်သူတွေ၊
ခွန်အားရှိသူတွေမှ လုပ်နိုင်မယ်ဆိုပေမယ့် အရွယ်ရင့်မှုနဲ့မှသာ ယူဆောင်လို့ရနိုင်တဲ့
အချို့အရာတွေအတွက် ဘယ်လိုခွန်အားရှိတဲ့ လူငယ်တွေမှ အရမယူနိုင်တဲ့အလှတွေလည်း လောကထဲမှာ
အများကြီးပဲလေ။
ဘဝတစ်ခုရလာလျင်
ဘဝအတွက်လိုအပ်တဲ့ သင်ယူလေ့လာစရာတွေက အများသားပါပဲ။ တစ်ချို့လေ့ လာသင်ယူစရာတွေဆိုတာက
တစ်နေ့ထဲနဲ့သင်လို့ရနိုင်တာမျိုး မဟုတ်ဘူးလေ။ နှစ်ပေါင်းတာရှည် လေ့ လာမှရနိုင်တာမျိုး
မဟုတ်လား။ အသက်အရွယ်ကြီးရင့်လာသူတစ်ယောက်အဖို့ ခုလိုနှစ်ရှည်လများသင် ယူလေ့လာမှရနိုင်တဲ့အရာများကို
သင်ယူခွင့်ရခဲ့လေပြီရယ်လို့ ဝမ်းမြောက်ဂုဏ်ယူနိုင်ပါတယ်။ အတွေ့ အကြုံဆိုတာ ဝယ်ယူလို့
မရနိုင်ဘူးလို့ ဆိုတယ်ပဲ မဟုတ်လား။
အိုရွယ်တာကို
စိတ်မပျက်ပါနဲ့၊ လူတိုင်းအိုချင်လို့ အိုခွင့်မရနိုင်ပါဘူးတဲ့။ ဟုတ်တာပေါ့လေ။
ကြားနေမြင် နေရတဲ့ ပတ်ဝန်းကျင်မှာတင်ကိုပဲ အိုခွင့်မရရှာပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆုံးပါးသွားကြသူတွေ
နည်းတာမှ မဟုတ်တာ။ ကိုယ့်အနီးဆုံး အသိုင်းအဝန်းအတွင်းမှာကိုပဲ ကိုယ့်အောက်ငယ်သူတွေ၊
ကိုယ်နဲ့ရွယ်တူ တွေ ဆုံးပါးသွားကြတာ သိသိသာသာကိုပဲ များနေပြီ။‘မျှော်လင့်မှု အိပ်မက်တွေနေရာမှာ
စိတ်ပျက်အား ငယ်မှုတွေနဲ့ အစားမထိုးသေးသမျှ သင် မအိုသေးပါဘူး’ လို့ တစ်ယောက်ကတော့
ပြောဖူးတယ်။ ဒီတော့ တစ်ခုခုအတွက် မဆုံးနိုင်တဲ့စိတ်ကူးအိပ်မက်တွေ ဆက်မက်ကာနေဖို့လိုမယ်ပေါ့။
ငယ်ရွယ်စဉ်က
လုပ်နိုင်ခဲ့တဲ့အရာ၊ ရနိုင်ခဲ့တဲ့အရာတွေကို ကြီးရင့်လာတဲ့အခါ မရနိုင်တော့ကောင်းလား
လို့ ငယ်ဘဝနဲ့လက်ရှိကြီးရင့်မှုကို နှိုင်းယှဉ်ပြီး စိတ်ပျက်အားလျှော့နေဖို့ လိုမ်ယ်မထင်ပါဘူး။
စိတ်ပျက် အားလျော့နေခြင်းအတွက်လည်း ဘာကောင်းကျိုးမှ ဖြစ်နိုင်မယ် မဟုတ်ပါဘူး။ မနိုင်နိုင်မဲ့အရာတွေကို
မဖြစ်နိုင်မှန်းသိလျက် ယှဉ်ပြိုင်နေတာထက်စာလျင် ယှင်ပြိုင်နိုင်လို့ရတဲ့အရာတွေထဲက ကိုယ့်အတွက်
လည်း အကောင်းဖြစ်စေ၊ သူတစ်ပါးတွေအတွက်လည်း အကောင်းချည်းသာဖြစ်စေမယ့် အရာမျိးမှာ သာ
ပြိုင်ဆိုင်ဖို့ သင့်မယ်မဟုတ်လား။
သူ့ပုံတွေကိုပြပြီး
ကိုယ့်ငယ်ရွယ်စဉ်က ဓာတ်ပုံတွေကိုလည်း ပြပါဦးလို့ ဆိုပါသေးတယ်။ ကိုယ့်မှာငယ်
ရွယ်စဉ်ပုံဆိုတာ မရှိဘူးလေ။ ဓာတ်ပုံတောင်မှ မှတ်မှတ်ရရ မြို့ကိုရောက်မှ စာမေးပွဲအတွက်
ဝင်ခွင့် လျှောက်လွှာတင်ဖို့လိုလာမှ ပထမဆုံး ဓာတ်ပုံရိုက်ဖူးတာ။ အဲဒီတော့ ကိုယ်ဓာတ်ပုံစရိုက်တော့
အသက်က တစ်ဆယ့်ခြောက်နှစ်လောက်ရှိနေပြီ။ အဲဒီနောက်မှာလည်း သူ့လိုအသက်အရွယ်အရ စီကာစဉ်ကာရိုက်ဖြစ်တာမျိုး
မရှိပါဘူး။ သုံးလေးနှစ်နေကာမှ တစ်ခါတောင်ရိုက်ချင်မှ ရိုက်ဖြစ်တာ။ ဒီတော့ သက်တမ်းအရ
မှတ်တမ်းပုံက ဘယ်မှာရှိနိုင်မှာလဲ။
ဓာတ်ပုံမှတ်တမ်းမရှိလို့
ငယ်စဉ်ပုံနဲ့လက်ရှိအရွယ်ပုံတွေကို နှိုင်းယှဉ်မကြည့်နိုင်ပေမယ့် အရွယ်အတန် ရလာမှ
မှတ်တမ်းတင်ဖြစ်တဲ့ပုံတွေနဲ့ ခုလက်ရှိအနေအထားပုံတွေသည်ပင်လျင် တော်တော်ကွာခြား သွားပြီ။
ဘယ်လိုမှဖုံးကွယ်လို့မရနိုင်တဲ့ ကြီးရင့်မှုရဲ့ အရိပ်နိမိတ်တွေက ခုနောက်ပိုင်းရိုက်ခဲ့တဲ့ပုံတွေမှာ
ပိုမိုထင်ရှားလာပြီ။ တကယ်လို့သာ အပြင်မှာတကယ်ရှိနေတဲ့ ခန္ဓာကိုယ်ရဲ့အတွင်းအပြင်
အနေအထား အတိုင်းသာ ဓာတ်ပုံထဲမှာ ပေါ်ခဲ့မယ်ဆိုလျင်တော့ ရိုက်ထားတဲ့ပုံတွေက တစ်နှစ်နဲ့တစ်နှစ်
ပိုမိုလို့ပင် ကွာခြားပေလိမ့်မယ်။ တကယ့်ခန္ဓာကိုယ်ရဲ့ချွတ်ယွင်းမှုက ဓာတ်ပုံထဲမှာတွေ့ရတဲ့
ပြောင်းလဲလာမှုထက် ပိုမိုတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ကတော့ ကောင်းကောင်းသိနေလေပြီ။
သို့ပေမယ့်
နုပျိုခြင်းနဲ့အလှတရားဆိုတာ ရုပ်ချည်းသက်သက်အပေါ်မှာသာ မှီတည်နိုင်မျိုးမှ မဟုတ်ပဲ
လေ။ “မျက်နှာမှာ ပေါ်လွင်ခဲ့တဲ့အလှတရားတွေကို
နှလုံးသားဆီသို့ ပြောင်းရွှေ့ပေးနိုင်မယ်ဆိုလျင် သင် ဟာ ဘယ်သောအခါမှ အိုမင်းသူတစ်ယောက်
ဖြစ်မလာနိုင်ပါဘူး” တဲ့။ ပျိုရွယ်မှုတွေ၊ မျက်နှာပြင်အလှ
တရားတွေကို နှလုံးသားဆီ နေရာပြောင်းနိုင်အောင် ကြိုးစားကြရမှာပေါ့။ ဒါဆို ဘယ်သောအခါမှာမှ
မအိုနိုင်တဲ့သူတစ်ဦး ဖြစ်ပြီပေါ့။
“သစ်ပင်ရင့်လျင်
မီးဆိုက်လို့ ပိုကောင်းတယ်။ နှစ်ချို့ဝိုင်ဟာလည်း ပိုသောက်လို့ကောင်းတယ်။ မိတ်
ဆွေဟောင်းလျင်လည်း ပိုပြီးယုံကြည်ရတယ်။ စာရေးဆရာအိုရဲ့ စာဟာလည်း ပိုပြီးဖတ်သင့်တယ်’တဲ့။
ကဲ ဒီလိုဆိုတော့ကာ
ဒီစာဟာဖြင့် ဖတ်သင့်တဲ့စာတစ်ပုဒ်ဖြစ်မယ်ထင်ပါရဲ့။ ။







