Thursday, May 28, 2020

ဂက်တီသို့ အလည်တစ်ခေါက်

ဂက်တီသို့ အလည်တစ်ခေါက်
•~•~•~•~•~•

သြဂုတ်လရဲ့ နွေနေ့လယ်က သာမန်ထက်ပိုကဲတဲ့ အပူရှိန်ကို ခံစားရတယ်လို့ ထင်နေမိတာ။ ဖြတ်သန်းလာတဲ့ လော့စ်အင်ဂျလိစ် (အယ်လ်အေ) မြို့ကြီးရဲ့ တံလျပ်ရောင်ထနေတဲ့ ဖရီးဝေးလမ်းမအချို့ပေါ်မှာ ကတ္တရာမြစ်ကြီးတွေ စီးမျောနေသလားလို့ ထင်မိလောက်အောင်ပဲ အနက်ရောင်စီးကြောင်းများက ဖိတ်ဖိတ်လက်လို့နေတယ်။ သွားရမယ့်နေရာက တောင်ကုန်းတစ်ခုပေါ်မှာဆိုတော့ ခုလောက်ပြင်းတဲ့ နေရှိန်အောက်မှာ ဒီနေရာလေးကပေးမယ့် ရသအလှကို အပြည့်အဝ ခံစားလို့မှရနိုင်ပါ့မလားရယ်လို့ လမ်းသွားရင်း သံသယစိတ်နဲ့ ရောက်လာခဲ့တာ။

အယ်လ်အေကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ရောက်ခဲ့ပေမယ့် သူ့အကြောင်းကို နာမည်လေးတောင် တစ်ခါမှ မကြားမိဘူးခဲ့လောက်အောင်ကိုပဲ ညံ့ဖျင်းထုံအနိုင်လွန်းခဲ့သူပါ။ ဒီလို နာမည်လေးပင် သဲ့သဲ့မျှ မကြားခဲ့ဘူးတဲ့ဒီနေရာက သာမန်မျှသာဖြစ်လိမ့်မယ်၊ နောက်ပြီးလည်း ကြည့်ရှုဖွယ်ရာ အနည်းအကျဉ်းသာရှိတဲ့ နေရာငယ်လေးတစ်ခုသာ ဖြစ်လိမ့်မယ်၊ ချောင်ကြိုချောင်ကြားမှာ ခပ်ကုပ်ကုပ်အဆောက်အဦလေးနဲ့ မထင်မရှားလေးသာ ဖြစ်လိမ့်မယ်လို့လဲ ထင်ထားတာ။ ဒီလိုထင်ထားတဲ့အပေါ်မှာမှ ခုလိုအပူရှိန်က ထပ်ဆင့်ကဲလိုက်ပြန်သေးတော့ ဒီနေ့အတွက်တော့ ကံကောင်းခြင်းလက်ဆောင်က ကိုယ့်ဆီကို ရောက်လာနိုင်တော့မယ် မထင်တော့ဘူးလို့လည်း တွေးမိလိုက်ခဲ့ သေးတယ်။

ဒါပေမယ့် ခပ်လှမ်းလှမ်းကနေ မြင်ရတဲ့မြင်ကွင်းက ထင်ထားခဲ့တာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာကို စပြီးတွေ့လိုက်ရတယ်။ သူ့အနားကိုယ်ရောက်သွားတဲ့ အခါမှာတော့ ဘာဖြစ်လို့ ကိုယ့်အနီးမှာရှိတဲ့ ဒီလောက်စွဲမက်ဖွယ်ကောင်းကာ အလှပေါင်းစုံနေတဲ့ နေရာတစ်ခုရဲ့ အမည်လေးကိုပင် မကြားမိနိုင်လောက်အောင် ည့ဖျင်းနိုင်လွန်းစွာ ထုံအနေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိလိုက်တယ်။

ကြည့်စမ်းပါဦး။ ဘယ်လောက်များ လှပတဲ့နေရာလေးတစ်ခုပါလဲ။ စွဲ မက်မြတ်နိုးဖွယ် နေရာလေးပါလဲ။ အနုပညာဆိုင်ရာပြတိုက်တစ်ခုအတွက် ရွေးချယ်မှုမှာ နေရာဆိုတာ အခရာပဲလို့ ဆိုပါလျင် ဂက်တီအတွက် ဖြည့်စွက်စရာ လိုနိုင်တော့မယ် မထင်ပါဘူး။

ကိုယ်တွေ့ဖူးသမျှ ပြတိုက်တွေဆိုတာက ရှေးဟောင်းဆန်ဆန် အဆောက်အဦတွေသာလေ။ ဒီတော့ ပြတိုက်ဆိုလျင် ရှေးဟောင်းဆန်နေမှ လိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့ အစွဲတစ်ခုပင် ကိုယ့်မှာထင်လုနီးပြီ။ သို့ပေမယ့် ခုတော့ ဒီထင်လုဆဲအစွဲက ပစ္စဖိတ်ကိုဖြတ်တိုက်လာတဲ့ လေပြေထဲမှာ လွင့်ပါလို့သွားခဲ့ပြီ။

ဂက်တီရဲ့ပြင်ပသဏ္ဍာန်ဟာ ဟောင်းနွမ်းမှုတွေနဲ့ ဟိုးအဝေးကြီးဆီမှာ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်မှာ ခေတ်မီ ဗိသုကာလက်ရာများနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဂက်တီက အနုပညာပြတိုက်တစ်ခုဆိုတာထက် သိပ္ပံပြတိုက်ဖက် နွယ်နေတယ်လို့ ခံစားတယ်။ ခေတ်သစ်လက်ရာအောက်မှာ ရှေးဟောင်းအနုလက်ရာ အလှဟာ ဘယ်လိုများနေမလဲ။ တောင်ခြေကနေ ပြတိုက်ရှိရာ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ဆီသို့ ဓာတ်ရထားလေးစီးရင်း ကိုယ်ကတွေးနေမိတယ်။ ဂက်တီကတော့ နောင် နှစ်ပေါင်းများစွာကြာကြာ သစ်လွင်မှုပုံလွှာကို သယ်ယူကာ ဆောင်ထားဦးမှာပါ။

ခုကိုယ်ရောက်နေတာ The Getty Museum လေ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ရောက်တာနဲ့ မြင်ရတဲ့ မြင် ကွင်းနဲ့ တွေ့ထိရတဲ့လေက ကိုယ့်ကိုအေးမြမှုနဲ့အတူ ရင် သပ်ရှုမောအံ့သြစေခဲ့တယ်။

Breathtaking view အသက်ရှူရပ်သွားလောက်အောင် ဆွဲဆောင်နိုင်တဲ့ မြင်ကွင်းဆိုတဲ့စကားက ကိုယ့်အသိထဲ အလိုလို ဝင်ရောက်လာတယ်။ ဖရီးဝေးလမ်းအမှတ်(၄ဝ၅) ရဲ့အထက် ပေ ၉ဝဝ အမြင့်၊ တောင်ကုန်းထိပ်မှာရှိတဲ့ ဂက်တီက ရာသီဥတုကြည်လင်တဲ့နေ့တွေမှာဆို အရှေ့စူးစူးရှိ အယ်လ်အေမြို့ရဲ့ မိုးမျှော်အဆောက်အဦးကြီးတွေနဲ့အတူ အယ်လ်အေမြို့ ဟိုးအစွန်းဆီက ဆန်ဘနာဒီနိုတောင်တန်းကြီးကို ပကတိမျက်စိနဲ့ပင် လှန်းလို့မြင်နိုင်ပါတယ်တဲ့။

အနောက်ဖက်ဆီမှာတော့ လွမ်းချင့်ဖွယ်ရာ ပစ္စဖိတ်သမုဒ္ဒယာ ရေပြင်ပြာပြာကြီးကို မိုးကုပ်စက်ဝိုင်း အနားသတ်ကာ တွေ့ရနိုင်တယ်တဲ့။ ဒီနေ့တော့ နေသာနေပေမယ့် မှုန်မှိုင်းမှိုင်း မီးခိုးငွေ့တွေက ဒီအလှတွေကို မြင်ခွင့်ကိုယ့်ကိုယ်မပေးခဲ့ပါဘူး။ သို့ပေမယ့် မလှန်းမကမ်းမှာရှိ အယ်လ်အေမြို့ရဲ့ ထောင်မတ်မတ် တိုက်တာတွေနဲ့ ဆန်တာမော်နီကာနဲ့ သောင်စင်အုတ်မြို့တွေရဲ့ အလှတွေကိုတော့ ထင်ထင်ရှားရှားမြင်နေရတယ်။

အထူးသဖြင့်တော့ တောင်ကုန်းထိပ် ဂက်တီပြတိုက်ရဲ့ လေသာဆောင်ပေါ်ကနေ မြင်ရတဲ့ တောင်ကမ္ပားယံမှာရှိ ဂက်တီရဲ့ (Central Garden) ဗဟိုဥယျာဉ်ရဲ့ အလှကတော့ အကွယ်အကာမဲ့စွာပဲ ဗလာလုံးတည်း။ ဒါဆိုလျင်ကိုပဲ ဂက်တီရဲ့ ပြင်ပအလှက ပြည့်စုံသင့်တာထက် ပိုလို့ပင်နေတယ်လို့ ဆိုနိုင်လောက်ပြီပေါ့။

ခုကိုယ်ရောက်နေတဲ့ နေရာက (The Getty Museum) ဂက်တီပြတိုက်မှာလေ။ အလယ်ခေတ်နဲ့ ခေတ်သစ်ရဲ့ အနောက်တိုင်းအနုလက်ရာတွေနဲ့ ပြည့်လျမ်းနေတဲ့ ဂက်တီပြတိုက်က တကယ့်ကိုမှ ကန္တာရအလယ်က အိုအေစစ်လေးပမာ။ ဂက်တီပြတိုက်ရှိရာ တောင်ကုန်းပေါ်ကနေစီးမိုးမြင်ရတဲ့ မြင်ကွင်းကလည်း လဲ့လဲ့စိမ်းလို့။

ပစ္စဖိတ်သမုဒ္ဒယာကို ဖြတ်တိုက်လာတဲ့ လေအေးအေးလေးက နွေတစ်နေ့ရဲ့ အယ်လ်အေမြို့လယ်မှာ ထိတွေ့ခံစားခဲ့ရတဲ့ အပူရှိန်ကို ရုတ်တရက်ပဲ မေ့လျော့စေခဲ့တယ်။ မကြာမီ မိနစ်ပိုင်းများဆီက အပူရှိန်က ခုတော့ အနည်းငယ်မျှပင် ကိုယ်နဲ့မဆိုင်တော့လေဟန်။ နွေနေ့လယ်မှ ဟုတ်ပါလေစလို့ သံသယဖြစ်ဖွယ်အထိ။ တောက်ကုန်းလေးပေါ်မှာက စိမ့်စိမ့်လေးပင် အေးလို့နေပြန်တယ်။ ဂက်တီပြတိုက်လေးကတော့ ကိုယ့်ကို အေးချမ်းမှုနဲ့ ကြိုဆိုလိုက်တယ်လေ။ ထပ်ပြီးပြောရလျင် ဖြင့် မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကိုမှ ရင်သပ်ရှုမော။

ဇွန်လ ၃ဝ ကစလို့ စက်တင်ဘာ ၂၈ ရက်အထိက in Bronze: French Sculpture from Renaissance to Revolution ဆိုတဲ့ ပြင်သစ်ကြေးသွန်းလက်ရာများကို အထူးပြသချိန်လည်းဖြစ်တယ်လေ။ ဒါကြောင့် ဂက်တီကို ခုချိန်မှာ အများဆုံးလွှမ်းမိုးထားတာက ပြင်သစ်အနုလက်ရာတွေ။

ရီနေဆန်းခေတ်ကနေ ပြင်သစ်တော်လှန်ရေးကာလအတွင်း ကျော်ကြားခဲ့တဲ့ ပန်းပုပညာရှင်တွေရဲ့ ကြေးသွန်းအနုလက်ရာတွေကို ခမ်းနားစွာ ပြသထားတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ထင်ရှားတဲ့ပြတိုက်ကြီးများဆီက ငှါးရမ်းထားတဲ့ ရုပ်တုတွေကိုလည်း တွေ့ရတယ်။ ကမ္ဘာအရပ်ရပ် ဆီကို ကိုယ်တိုင်သွားခွင့် မရနိုင်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တစ်ရပ်ပဲပေါ့။

မကြာမီက အင်္ဂလန်ကိုရောက်ခဲ့စဉ်မှာ ဥရောပ ပန်းပုလက်ရာတွေကို တွေ့ရတော့ အနောက်တိုင်းပညာရှင်တွေက ပန်းပုရုပ်တုတွေကို လူ့ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ တူနိုင်သမျှတူအောင် ထုလုပ်ကြတယ်။ ကိုယ်တို့ဆီမှာတော့ ရုပ်တုက အရုပ်နဲ့ တူနိုင်လွန်းတယ်လို့ တွေးခဲ့မိတာ။ ခု ဒီဂက်တီမှာ ပန်းပုလက်ရာတွေ တစ်ခါထပ်ကာ တွေ့ရပြန်တော့ ဒီအတွေးက ထပ်ပေါ်လာပြန်တယ်။

ကိုယ့်ဆီမှာ အများဆုံးထုလုပ်ကြတာက ဗုဒ္ဓပုံတော်တွေပါ။ ဒီတော့လည်း အတိုင်းအတာမရှိ၊ စနစ်မရှိပဲ ထင်သလို ထုလုပ်ထားတဲ့ ဗုဒ္ဓပုံတာ်တွေကို မကြာခဏပဲ တွေ့မိတယ်။ ဒီလို တွေ့ခဲ့ လေတိုင်း အချိုးအစား မကျ၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗုဒ္ဓပုံတော််တွေကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာ အကြိမ် ကြိမ် အခါအခါလည်း ဖြစ်မိဘူးတယ်။ တို့ဆီမှာ စည်းစနစ်ဆိုတာ မရှိတာလား၊ ရှိပါလျက် မလိုက်နာလေတာလားလို့ အားမရနိုင်စွာ အတွေးပွားမိခဲ့ရဘူးတယ်။

ရိုးသားစွာ ပြောရရင် ပညာရှင်ဆိုသူတွေရဲ့ မကျွမ်းကျင်မှုဟာ ဗုဒ္ဓရုပ်ပုံတော်တွေပေါ်မှာ ဆိုးရွားလွန်းလှစွာ ထင်ကျန်မနေစေချင်ပါဘူး။ တရားအမှားအမှန်ကို စိစစ်တတ်သူတွေဟာ ဘုရားရှင်ရဲ့ ကြန်အင်လက္ခဏာများ အပေါ်မှာတော့ ဘာကြောင့်မေးခွန်းထုတ်ဖို့ ပျက်ကွက်နေသလဲလို့ ကိုယ်တစ်ယောက်ထဲ မေးခွန်း အကြိမ်ကြိမ် ထုတ်နေခဲ့ဘူးတယ်။



ဂက်တီမှာ အများဆုံးတွေ့ခဲ့ရတာက ပန်းချီကားတွေ။ အဲဒီ ပန်းချီကားတွေအကြောင်းကို ကိုယ်ကပြောချင်တာ။ ဒါပေမယ့် ကိုယ်က ပန်းချီကားတွေရဲ့ အလှကိုသာ မတောက်တခေါက် ခံစားတတ်ပေမယ့် ပန်းချီအနုပညာအကြောင်းကိုတော့ နကန်းတစ်လုံးမျှပင် သိသူမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ပြောပြကာမှ ပန်းချီကားလေးတွေရဲ့ ပင်ကိုယ်အလှ ပျက်သွားရချည့်ဆိုပြီး ပြောဖို့ဝန်လေးမိတယ်။ဟုတ်တယ်လေ။ ဒေါ် လာ သန်းငါးဆယ်ကျော် တန်ဖိုးရှိတဲ့ ဗင်းစင့် ဗင်ဂိုးရဲ့ အိုင်းရစ်ဆိုတဲ့ ပန်းချီကားမျိုးကို ကိုယ်လိုလူက ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုနိုင်မှာတဲ့လဲ။

ဒါပေမယ့် ကိုယ်သဘောကျလို့ မှတ်မှတ်ရရ ဓာတ်ပုံရိုက်ကူးလာတဲ့ ဆွစ် ပန်းချီဆရာ Jean-Etienne Liotard 1755-1756 ရဲ့ လက်ရာလေး အကြောင်းကိုတော့ ကိုယ်ခံစားသမျှ နည်းနည်းပြောကြည့်ချင်တယ်။ ဒီပန်းချီကားကို (၇)နှစ်အရွယ် မာရီယာ ဖရက်ဒရိုက်ဆိုတဲ့ ကလေးမလေး ကို ပုံတူဆွဲထားတာတဲ့။ ဒီပုံလေးတွေ့ရတော့ အပြစ်ကင်းစင်တဲ့ မျက်နှာပြင်ဆိုတာ ဒါမျိုးပဲဖြစ်မှာလို့ ကိုယ်က မှတ်ယူမိတယ်။ ပန်းချီဆရာဖက်ကို တည့်တည့်မျက်နှာမူကာ စူးစမ်းနေတဲ့ သူမရဲ့ ခွေးကလေးနဲ့ နှိုင်းယှဉ်ရင် သူမက ပိုပြီးအရှက်ကဲလေဟန်ကိုလည်း ဒီပန်းချီက ဖော်ပြနေတယ် လို့ ခံစားမိတယ်။

ငယ်ရွယ်နုပျိုမှုနဲ့ အလှတရားကို ပန်းချီဆရာက အရအမိ ဖမ်းယူဆုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း အတွေးရမိတယ်။ တခုခုကို စူးစမ်းနေဟန်ထင်ရပေမယ့် မိန်းကလေးငယ်လေးတွေရဲ့ စူးစမ်းတတ်မှုဟာ တိုက်ရိုက်မဆန်တတ်ဘူး ဆိုတာကတော့ အလယ်ခေတ်ရဲ့ မိန်းကလေး ငယ်သဘာဝကို ဖော်ညွှန်းနေဟန်ပါပဲ။ ပန်းချီဆရာရဲ့ လက်ရာကို အကဲဖြတ်နိိုင်စွမ်း ကိုယ့်မှာမရှိပေမယ့် ပန်းချီဆရာရဲ့ နိုင်နင်းစွာ အလင်းအမှောင်ယူမှု ၊ မျှတတဲ့ အရောင်အသုံးပြုမှုနဲ့ မျက်နှာပြင်မှာထင်ဟပ်နေတဲ့ ညီညာတဲ့ စုတ်ချက်ကတော့ တသသ စွဲကျန်ရစ်လောက်အောင် ဖြစ်မိပါတယ်ဆိုလျင် လွန်နိုင်မယ် မထင်ပါဘူး။



A Bare Tree and a Plowman, Léon Bonvin, 1864

ကိုယ်ရောက်သွားတဲ့နေ့က ရာစုနှစ် ၃ ခုရဲ့ ပြင်သစ်ပန်းချီကားတွေကို အထူးပြသထားတယ်။ ပြပွဲရဲ့အမည်ကိုတော့ Capturing Nature's Beauty: Three Centuries of French Landscapes လို့ ပေးထားပါတယ်။ ‘သဘာဝအလှကို ဖမ်းစားခြင်း’လို့ မပြန်တတ် ပြန်တတ် ကိုယ်က ဘာသာပြန်ကြည့်တယ်။ ပြခန်းထဲရောက်သွားတာနဲ့ လီယန်ဘန်ဗင်ရဲ့ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ပန်းချီကားက ကိုယ့်ကိုယ်ကို သူ့အနားတိုးလာဖို့ ဆွဲဆောင်ခဲ့တယ်။ပန်းချီကားထဲမှာ မတူမှုနှစ်ခု အချိုးတကျ ပေါင်းစပ်ထားတယ်လို့လည်း ခံစားမိတယ်။

အနောက်ကမ္ဘာမှာ သစ်ပင်တွေရဲ့ ရွက်မဲ့ရာသီဆိုတာ အော်တန် (ဖော) နှောင်းနဲ့ ဆောင်းရာသီများမှာ။ ဒီအချိန်မှာ ဝင်လာတဲ့ အအေးဒဏ်က သစ်ပင်သစ်ကိုင်းတွေကို အရိုးပြိုင်းပြိုင်း ထစေချိန်။ ကြည့်လေမြင်ရာ တောစဉ်တောတန်းက မီးလောင်တစပြင်ပမာ နက်နက်မောင်းမောင်း။ စိမ်းလန်းခြင်းမဲ့စွာ သွေ့ခြောက်ကာ နေတတ်တယ်။ ဝန်းကျင်တခွင် မြေအပြင်မှာ တော့ စနိုးပန်းပွင့်တွေနဲ့ ခဲသီးလို့။ စနိုးရင်ပြင်လွှာက ဝါဂွမ်းစိုင်ကြီးတွေ အိပ်စက်နားနေဟန်။ အဲဒီလို စနိုးတွေနဲ့ ဖွေးဖွေးဥနေတတ်တဲ့ ရာသီမျိုးမှာ လယ်ထွန်သူဆိုတာလည်း ရှိနိုင်ခဲတဲ့ အရာပါ။

သို့ပေမယ့် ကိုယ့်အမိမြေလို အရှေ့ကမ္ဘာမှာတော့ မိုးစက်တို့ကြွေစ နွေနှောင်းကာလမှာ တောင်သူသဘာဝ မျိုးစေ့ ချချိန်၊ လယ်ထွန်ချိန်လေ။ နွေလက်ကျန် အပူဒဏ်က မိုးသံကိုနားထောင်နေတဲ့ သစ်ပင်တွေကိုလည်း အရွက်မဲ့ဖြစ်နေစေဆဲကို။ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ဒီပန်းချီကားက မတူတဲ့ အချိန်ကာလနဲ့ နေရာဒေသ နှစ်ခုကို ယှဉ် စပ်ကာ တွဲထားခြင်းလို့ မှတ်ထင်မိတယ်။ ပန်းချီကားကို လွှမ်းမိုးထားတဲ့ ပုဇွန်ဆီရောင်နုနု ကောင်းကင်လွှာကတော့ ညနေဆည်းဆာကာလကို ညွှန်ပြနေသယောင်။ လယ်ထွန်သူဆိုတာ နံနက်နေတက်ချိန်မှာ အလုပ်ခွင် ဝင်ချိန်လေ။ ဒါကြောင့် အနောက်တိုင်းပန်းချီဆရာ လီယန်ဘန်ဗင်ရဲ့ ပန်းချီကားက အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာ၊ နံနက်နဲ့ ဆည်းဆာကို ပူးတွဲကာ ‘မိဿက သရုပ်’ကိုများ ချယ်မှုန်းထားလေသလားလို့ တွေးထင်မိတယ်။

အနုပညာဆိုင်ရာ ပြတိုက်တစ်ခုရဲ့ နှစ်လုံးသည်းပွတ်ဖြစ်တဲ့ ပန်းချီပန်းပု အနုအလှပါမက ပြင်ပကမ္ဘာရဲ့ အေးချမ်းတဲ့ ရသ၊ လှပတဲ့မြင်ကွင်း၊ လွတ်လပ်ခြင်းဆု၊ ဒီအရာတွေကို ပေါင်းစုလို့သိမ်းကြုံးကာ တပြိုင်တည်း ခံစားချင်တယ်ဆိုလျင်တော့၊ ကိုယ်ထင်တယ်၊ ဂက်တီဟာ ဒီအရာတွေအတွက် အကောင်းဆုံး ဖြည့်စွက်ချက်တစ်ခုဖြစ်မှာပါ။

ပြခန်းအချို့ကို အပြေးအလွှားကြည့်ရှုလို့ ပြီးချိန်မှာတော့ နေမင်းက အနောက် ပစိဖိတ်သမုဒ္ဒယာရေပြင်လွှာထဲဆီကို ခေါင်းထိုးဝင်ဖို့ နီးနေလေပြီ။ ဂက်တီပြတိုက်ရဲ့အထက် ကောင်းကင်တိမ်လွှာပြင်မှာတော့ လီယန်ဘန်ဗင်းရဲ့ ဘဲယားထရီး အင် ပလောင်းမင်း ပန်းချီကားထဲကလို ပုဇွန်ဆီရောင်ပျော့ပျော့ ထင်ဟပ်နေရဲ့။

စင်ထရယ်ပန်းခြံဘေးမြက်ခင်း စိမ်းစိမ်းပေါ်မှာတော့ မြူးကြွစွာတီးခတ်နေတဲ့ တီးဝိုင်းနဲ့အတူ မိသားစုတွေ ဝိုင်းဖွဲ့ကာ မြူးတူးကခုံ ကောင်းတုန်း။

အချိန်တန်ပြီတဲ့။ ဒီတော့လည်း ကိုယ်ပြန်ရမယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ မကြာမီအချိန်ပိုင်းအတွင်းမှာပဲ ဒီနေရာလေးဆီ နောက်တစ်ခေါက် အမြန်ပြန်လာဖို့ ဆုံးဖြတ်ချက်က အဆင်သင့်ဖြစ်နေခဲ့ပြီ။ ။

ဉာဏ်ဦးမောင်

စက်တင်ဘာ ၃၊ ၂၀၀၉

No comments:

Post a Comment