Friday, May 29, 2020

ရိုဆမ္မတီး ဝိဉာဉ်

ရိုဆမ္မတီးဝိဉာဉ်

•~•~•~•~•~•


ရိုဆမ္မတီဆိုတဲ့ နာမည်ကို ကြားဖူးပါသလား၊ ကြားဖူးတယ်ဆိုရင် သင်ကံကောင်းသူ။ အဲဒီကိုရော ရောက်ဖူးလား။ ရောက်ဖူးတယ်ဆိုရင် သင်ပိုကံကောင်းသွားပြီ။ နှစ်ခေါက်၊ ဒါမှမဟုတ်သုံးခေါက်၊လေးခေါက်၊ ဒီထက်မက ရောက်ဖူးသူလား။ အဲဒီလိုဆို သင်ဟာ အလွန့်အလွန်ကိုမှ ကံကောင်းသူဖြစ်သွားပြီပေါ့။ ဒီီစကားကို ကိုယ့်အတွေ့အကြုံ အရပြောတာပါ။

ကိုယ်လား။ ကိုယ်က (အခြားနေရာတွေမှာ ကံကောင်းသူတစ်ယောက် မဟုတ်ပေမယ့်) ရိုဆမ္မတီကို သုံးခေါက်တောင်ရောက်ဖူးသူမို့ ဒီနေရာမှာတော့ အလွန့်အလွန် ကံကောင်းတဲ့သူထဲမှာ ပါတာပေါ့။

ရိုဆမ္မတီကို ကိုယ်ပထမရောက်တော့ နွေလ။ ကျောင်းတွေပိတ်ချိန်။ ခရီးသွားသူတွေလည်း များချိန်။ အပျော် ခရီးထွက်သူ၊ အပန်းဖြေ အနားယူထွက်သူတွေက များမှများ။ ဒီလို အကြောင်းပေါင်းစုံချိန်ဆိုတော့ ရိုဆမ္မတီ ဥယျာဉ်တစ်ခုလုံးက လူတွေနဲ့ကြိတ်ကြိတ်တိုးလို့။ ကိိုယ့်မွေးရပ်မြေဒေသက ကြက်ပျံမကျ စည်ကားလွန်းတဲ့ ဘုရားပွဲကြီးတစ်ပွဲလို။ တောထဲမှာပဲ ရုပ်ရှင်ရုံတွေ၊ ကလေးလူကြီးကစားစရာတွေက အစုံအလင်။ အစုစုအဖွဲ့ဖွဲ့။

သစ်ပင်သစ်တောတွေကြားမှာလည်း ရောင်စုံရွက်ဖျင်တဲတွေနဲ့ ပြည့်လို့။ ဘယ်မှာလဲတော။ တောရသကို ခံစားကြည့်ရှုချင်လို့ အရောက်သွားခဲ့တဲ့ ကိုယ့်ရဲ့အကြိုက်နဲ့က တခြားစီ။ ကိုယ်မျှော်လင့်ထားခဲ့တဲ့ ရိုဆမ္မတီအိပ်မက်ပျက်လုပျက်ပြယ်။

စမ်းရေက နည်းနည်း။ ရေတံခွန်က ကျဲကျဲ။လူတွေ ကားတွေ သဲသဲလှုပ်နေတဲ့ကြားမှာ ဘယ်မှာလာ လွမ်းဖွဲ့တော ဖြစ်နိုင်ပါတော့မလဲ။ နောက်တစ်ခေါက်ရောက်ဖြစ်ဖို့ စိတ်အားမသန်ခဲ့တော့။ ဒီတော့လည်း ဆယ်စုနှစ်တစ်ခုမျှ ရိုဆမ္မတီကို သွားဖို့မစဉ်းစားခဲ့မိတော့။

မနှစ်ကတော့ တစ်ခေါက်ရောက်ဖြစ်တယ်။ မရောက်ဖူးသေးသူတွေကို လိုက်ပို့ရာမှာ အဖော်သဘောမျှ သက်သက်။

ကိုယ်ဒုတိယအကြိမ်ရောက်တော့ နွေဦး။ရာသီလေးက ထူးခြားလှပချိန်ဖြစ်ပေမယ့် ရိုဆမ္မတီးရဲ့ ကျောက်စိုင် ကြီးကြီတွေနဲ့ တွဲလို့မြင်ရတတ်တဲ့ ဖြူလွလွ စနိုးပွင့်တို့ရဲ့အလှကို တွေ့မြင်ခွင့် မရနိုင်ခဲ့တော့။ တောအင်္ဂါ မစုံတော့။ ဒီတော့လည်း ရိုဆမ္မတီးအလှက တစ်ခုခုလစ်ဟာနေသလို။ ဒါပေမယ့် ပထမအခေါက် ရောက်စဉ်ကလို လူတွေကြိတ်ကြိတ်တိုးဖြစ်မနေတာရယ်၊ အေးလျလျ နွေဦးရာသီနဲ့ စိမ်းမြမြတောတောင် အလှတွေက နောက်တစ်ခေါက် သူ့ဆီကိုအရောက်လာဖို့ ဖမ်းစားနိုင်ခဲ့တယ်။ ဒါကြောင့် တတိယအကြိမ်အဖြစ် တစ်နှစ်အတွင်းမှာပဲ နောက်တစ်ခေါက်ရောက်ဖြစ်ခဲ့တယ်။

ဒီတစ်ကြိမ်မှာလည်း နွေဦး။ ဒါပေမယ့် ရာသီရဲ့အပြောင်းအလဲကြောင့် ဆောင်းလက်ကျန် စနိုးပန်းတွေက ကိုယ်မရောက်မီရက်ပိုင်းအတွင်းကပဲ တောအစိတ်အပိုင်းများများကို ထူထူထဲ ထဲ ဖုံးကာသွားအောင် ဖြန့်ကြဲလို့ သွန်းခဲ့တယ်။ ကြည့်လေမြင်ရာ ဖြူလွလွ စနိုးတောင်တွေ၊ စနိုးပန်းတွေနဲ့ ဖွေးဖွေးဥလို့။ တောင်ထိပ်ဖျားတွေကလည်း စနိုးဦးထုပ်တွေ ဆောင်းလို့။ ချွန်မြမြ ထင်းရူးကိုင်းစတွေမှာလည်း စနိုးပွင့်တွေက ဆောင့်ကြောင့်ထိုင်လို့ တမျိုး၊ ယီးလေးခိုလို့ တသွယ်။ တကယ့်ကိုမှ လွမ်းမောတသ ရင်ခုံဖွယ်ရာ။ ခရစ်စမတ်လ တစ်လအလား။ ဒါ ရိုဆမ္မတီရဲ့ ထူးကဲတဲ့ အလှရတနာတွေလေ။

အရင့်အရင် အကြိမ်များနဲ့မတူတဲ့ မြင်ကွင်းက မတူတဲ့အတွေး၊ ကွဲပြား တဲ့ခံစားမှုတွေနဲ့ လန်းဆန်းလတ်ဆတ်လို့။

ဒီတစ်ကြိမ်ရောက်တော့ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ပုံပြင်လေးတစ်ခုကို သတိရမိတယ်။

နာမကျန်းဖြစ်နေတဲ့ ဖခင်ဘုရင်ကြီးက သူ့ရဲ့ထီးနန်းအရိုက်အရာကို ဆက်ခံမည့်သူကို ရွေးချယ်ဖို့ ဆုံးဖြတ်တယ်။ သူ့မှာက သားလေးယောက်တောင် ရှိတာ။ အစဉ်အလာ အရဆိုလျင်တော့ အကြီးဆုံးသားက ထီးနန်းအရိုက် အရာကို ဆက်ခံရမှာ။ ဒါပေမယ့် အပျော်အပါးကလွဲပြီးတိုင်းပြည်ရေးရာ၊ အများအကျိုးသယ်ပိုးရာမှာ စိတ်မဝင်စားတဲ့ သားကြီးကို ထီးနန်းပေးလိုက်ရင် သူ့တိုင်းပြည် ချောက်ထဲပါမက အဝီစိအောက်ထိတောင် ရောက်သွားနိုင်တယ်ဆိုတာကိုလည်း ဘုရင်ကြီးက သိထား တယ်လေ။

သား အလတ်ကြပြန်တော့ အရည်အချင်းကတော့ တော်ပါရဲ့။ ဒါပေမယ့်လည််း တပည့်ငယ်သားတွေကို ဆက်ဆံရာမှာ မောက်မာလွန်းတယ်။ နောက်ပြီးလည်း ဖခင်အရှိန်အဝါနဲ့ ထင်ရာစိုင်းတာတွေရှိတယ်။ တိုင်းသူပြည်သားအများစုရဲ့ မျက်မုန်းကျိုး၊ အော့ကြောလန်ဆိုတော့ သူ့ကို ထီးနန်းပေးဖို့လည်း စဉ်းစားရပြန်တယ်။ တတိယမြောက်သားကျပြန်တော့
လုံးဝအနုပညာသမားသက်သက်။ ရောမမြို့ကြီး မီးလောင်နေတာတောင် တယောထိုး မပျက်ဖူးလို့ ပြောကြတဲ့ နီရိုးဘုရင်လိုလူ။ တိုင်းပြည် အရေးက သူနဲ့ မဆိုင်သလိုနေတတ်တာ။ အရာရာမှာ ငြိမ်းချမ်းရေးကို ရှေ့တန်းတင်လွန်းသူ။ ဘုရင်တစ်ဦးမှာ မရှိမဖြစ်လိုအပ်တဲ့ ရဲရင့်ပြတ်သားမှုက သူ့ဆီမှာ မတွေ့ရဘူး။

အငယ်ဆုံးသားကတော့ ဖခင်ကြီးရဲ့ လုပ်ငန်းဆောင်တာတွေမှာလည်း ပါဝင်ကူညီတတ်တယ်။ တိုင်းသားပြည်သူတွေနဲ့လည်း သင့်တင့်ညီညွတ်မျှတစွာ နေတတ်တယ်။နုသင့်ရာမှာနု သလောက် ကြမ်းသင့်ရာမှာလည်း ကြမ်းဝန့်သူ။ ဒါကြောင့် မူးကြီးမတ်ရာများကြားမှာတော့ သူကရေပန်းမစားလှဘူး။

သူက မိဖုရားငယ်တစ်ပါးက မွေးဖွားတဲ့သားဖြစ်သလို ပြတ်သင့်ရာမှာပြတ်သားတဲ့ သူ့ရဲ့လုပ်ရပ်များကြောင့် ချော့စားညာပေါင်း စိတ်တော်သိ ဗောင်းတော်ညိတ် အမတ်တွေရဲ့ မျက်မုန်းကျိုးတာကိုတော့ အခံရဆုံးသူ။

ဘုရင်ကြီး နတ်ရွာလားဖို့ နီးလာလေလေ၊ တိုင်းပြည်တွင်းမှာလည်း ရှင်ဘုရင်အကြိုက်ကိုသာ လိုက်လုပ်တတ်တဲ့ အကျင့်ပျက်ဝန်ကြီး ဝန်ကလေးတွေနဲ့သာ ပြည့်ပြည့်လာလေ။ ဒီတော့ အကျင့်ပျက် အချောင်စာ းသာပေါင်းညာစားတွေ များများလာတိုင်းသား တော်ငယ်အတွက် အမုန်းပွားသူ များလာလေပေါ့။

အကိုတွေနဲ့စာရင်ဖြင့် သားငယ်က ထီးနန်းနဲ့ထိုက်သူဖြစ်ပေမယ့် ပတ်ဝန်းကျင်အခြေအနေက သားတော်အငယ်ကို ထီးနန်းဆက်ခံစေဖို့ အခွင့်မသာစေသလို ဖြစ်နေတယ်လေ။ သူ့အမိန့်နဲ့ သားတော်ငယ်ကို ထီးနန်းပေးမယ်ဆိုလျင်တော့ ဖြစ်နိုင်ပါရဲ့။ ဒါပေမယ့် အဲဒီလိုလုပ်မယ်ဆိုလျင်် မျက်နှာလိုက်တယ်လို့ ထင်မှာကို သူမလိုလားဘူး။

နောက်ပြီးလည်း နောက်တက်လာတဲ့ ဘုရင်ဟာ ဖခင်ရဲ့မျက်နှာသာပေးမှုကြောင့် နန်းရခဲ့တာဆိုတာမျိုးကိုလည်း သားဘုရင်တစ်သက်တာမှာ ထင်ပါလို့ မသွားစေချင်ဘူး။ တဖက်မှာတော့လည်း အပတ်တကုတ် စည်းရုံးတည်ဆောက်ထားတဲ့ တိုင်းပြည်ကြီးကိုလည်း စဉ်းစားဆင်ခြင်ဉာဏ်မဲ့၊ အရည်အချင်းမရှိတဲ့သူတစ်ဦးဆီ ရောက်သွားမှာကို သူက မလိုလားဘူး။

ဒါကြောင့် သူ့ကိုလည်း မျက်နှာလိုက်တယ် အထင်မခံရအောင်၊ နောက်ပြီး သားတော်တွေထဲက ဘယ်သားတော်ရဲ့ အရည်အချင်းက ဘယ်လိုရှိတယ်ဆိုတာကိုလည်း သိရလေအောင် စုံစမ်းဖို့ အကြံတစ်ခုရတယ်။ ဒါကြောင့် သားတော်တွေကို သူ့နိုင်ငံအတွင်းမှာရှိတဲ့ သစ်ပင်တွေထဲက ပေါက်ပင်တစ်ပင်အကြောင်း စုံစမ်းပြီး တစ်နှစ်ပြည့်တဲ့အခါ သူ့ကိုပြန်လည် သံတော်ဦးတင် ရမယ်လို့ မိန့်လိုက်တယ်။

သားအကြီးဆုံးကတော့ နန်းတော်ထဲမှာသာ ပျော်ပါးသောက်စားပြီး မောင်းမမိဿံတွေနဲ့သာ နေချင်တာ။ ခမည်းတော်က ပေါက်ပင်တစ်ပင်ဆိုတာ ဘာလဲလို့ ပြန်သံတော်ဦးတင်ရမယ်ဆိုလို့သာ ဝတ်ကျေတန်းးကျေသွားခဲ့ရတာ။ ပေါက်ပင်ရှိရာကို ကိုယ်တိုင်သွားရမယ်ဆိုတော့လည်း တပည့်တပမ်းတွေနဲ့ ပျော်ပွဲစားသဘောမျိုးသွားတာမို့ ရာသီဥတုသာယာတဲ့ ဆောင်းနှောင်းအချိန်ကို ရွေးချယ်ပါတယ်။ ဆောင်းနှောင်းကာလဆိုတာက ပေါက်ပင် တစ်ပင်လုံး အရွက်ချချိန်လေ။ ဒီတော့လည်း အရွက်ကင်းလို့ အရိုးပြိုင်းပြိုင်းထနေတဲ့ မီးလောင်ထားတဲ့ သစ်ပင်အခြောက်တစ်ပင်လိုသာ ပေါက်ပင်ကို သူတွေ့ရတယ်ပေါ့။ ဒီတော့သူ့စိတ်ထဲမှာလည်း ပေါက်ပင်ဆိုတာ မီးလောင်ထားတဲ့ သစ်ခြောက်ပင်ကို ခေါ်တာလို့ပဲ မှတ်ထားလိုက်တယ်လေ။

သားလတ်ကတော့ သူများတွေထက်ထူးချင်တဲ့သူ။ နောက်ပြီးဘယ်သူအကြံပြုတာမျိုးကိုလည်း နားမထောင် တတ်သူဆိုတော့ မိုးတွေရွာသွန်းတဲ့ အချိန်အခါမှာ ပေါက်ပင်လေ့လာဖို့ သွားပါတယ်။ မိုးတွင်းဆိုတော့ ပေါက်ပင်က အရွက်တွေဖားဖား စိမ်းစိမ်းလန်းလန်းနဲ့ပေါ့။ ဒီတော့ သူကလည်း ပေါက်ပင်ဆိုတာ အရွက်ဖားဖား စိမ်းလန်းစိုပြည်တဲ့ အရိပ်ကောင်းသစ်ပင်မျိုးကို ခေါ်တာလို့ပဲ မှတ်ထားလိုက်ပါတယ်။

နို့ညှာသားကတော့ ထီးနန်းပေါ်တက် ရှင်ဘုရင်လုပ်ဖို့ လည်း ဝါသနာ မရှိပါဘူး။ ဒါပေမယ့် ဖခင်ဘုရင်ကြီးရဲ့အမိန့်တော်နဲ့ဆိုတော့လည်း ရာသီဥတုသာယာကောင်းမွန်တဲ့ နွေဦးကာလကို ရွေးချယ်ပါတယ်။ နွေဦးဆိုတော့ တတောတတောင်လုံးမှာ မြူခိုးတွေက ဝေလို့။ နံနက်ပိုင်းများမှာ ဆောင်းကြွင်းရာသီရဲ့ လက်စအဖြစ် ကိုင်းဖျား ကိုင်းစလေးတွေနဲ့ မြက်ပင်ထိပ်ဖျားလေးတွေမှာ သီးနေတဲ့ နှင်းသီးပေါက်လေးတွေကသာ သူ့အတွက် ပိုအရေးကြီးတာပါ။ ဆောင်းနှောင်းကာလဆိုတာက "တပိုတွဲပေါက်လဲရယ်တဲ့ ငုံစီစီ"ဆိုသလို တစ်ပင်လုံး နီတာရဲအောင်ပွင့်တတ်တဲ့ ပေါက်ပင်တို့ရဲ့ အလှက ကမ္ဗလာစ နီရဲရဲတွေ တစ်ပင်လုံးကို လွှမ်းခြုံထားသည့်ဟန်ပ။ ဒီတော့ သူ့စိတ်ထဲမှာလည်း ပေါက်ပင်ဆိုတာ တစ်ပင်လုံး ပတ္တမြားရည်လိမ်းထားတဲ့ အပင်မျိုးပါလို့ပဲ မှတ်ထားလိုက်ပါတယ်။



သားငယ်ကတော့ အစစအရာရာမှာ စေ့စပ်သေချာသူ။ နောက်ပြီးတိုင်းရေးပြည်ရေးကိုလည်း စိတ်ဝင်စားသူဆိုတော့ ဖခင်ကြီရဲ့ ပေါက်ပင်စုံစမ်းခိုင်းတဲ့ အစီအစဉ်ရဲ့ နောက်ကွယ်မှာ ထူးခြားတဲ့ရည်ရွယ်ချက် ရှိရမယ်လို့ စဉ်းစားမိပါတယ်။

ဒါကြောင့် အကိုတွေလို ဝတ်ကျေတန်းကျေ တစ်ကြိမ်တစ်ခေါက်မျှသာမကပဲ ရာသီတိုင်းမှာပေါက်ပင်ဆိုတာ ဘယ်လိုသဘောရှိတယ်ဆိုတာကို စုံစမ်းထားပါတယ်။ ဒီတော့လဲ ရာသီအလိုက်လုံးဝပြောင်းလဲတတ်တဲ့ ပေါက်ပင်ရဲ့ သဘောသဘာဝကို သူကတွေ့ရှိ မှတ်သားထားလိုက်ပါတယ်။

တစ်နှစ်ပြည့်လို့ ဖခင်ကြီးကို ပေါက်ပင်အကြောင်း ပြန်သံတော်ဦးတင်တဲ့အခါမှာတော့ သားတော်ကြီးကလည်း သူမြင်ခဲ့၊မှတ်သားခဲဲ့တဲ့အတိုင်း ပေါက်ပင်ဆိုတာ သစ်ခြောက်ပင်ကိုခေါ်တာ။ သားလတ်ကလည်း အရွက်စိမ်း စိမ်းဖားလျား၊နို့ညှာသားက ပတ္တမြားရည်သွေးစ သဖြင့် သူတို့မြင်သလောက်ကိုပဲ ပြန်လည်လျှောက်ထားပါတယ်။

သားငယ်ကတော့ စေ့စေ့စပ်စပ် စုံစမ်းထားသူမို့ ပေါက်ပင်ရဲ့ သဘောသဘာဝကို စုံစုံလင်လင် ပြန်ပြောပြနိုင်ပါတယ်။ ဒီတော့လည်း နောက်ဆုံးမှာ သူက ရှင်ဘုရင်ဖြစ်သွားတာပေါ့။

ထီးနန်းဆက်ခံမယ့် သူတစ်ယောက်အကြောင်းကို ပေါက်တစ်ပင်အကြောင်း စုံစမ်းခိုင်းရုံနဲ့ မှန်ကန်နိုင်ပါ့မလားလို့ စောဒကတက်ဖို့လိုမယ် မဟုတ်ပါဘူး။

ဒီဇာတ်လေးမှာ ပြောချင်တာက ခေါင်းဆောင်တာဝန်ယူမယ့် သူတစ်ဦးဟာ ပေါ့ပေါ့တန်တန် မဖြစ်သင့်ဘူး။ ကိုယ့်အမြင်လေး တစ်ခုကိုသာ အခြေခံပြီး တစ်ခုခုကို ဆုံးဖြတ်လိုက်မယ်ဆိုလျင် မှန်ကန်တဲ့အဖြေ မဟုတ်နိုင်ဘူးဆိုတာကို ပြောချင်တာပါ။

ရိုးဆမ္မတီးကို ကိုယ်အရင်အခေါက်တွေကရောက်တော့ ခုလို စနိုးတွေနဲ့ လှပလွန်းနိုင်တဲ့ တောတောင်တွေကို မတွေ့ရတော့ ကိုယ့်စိတ်ထဲမှာ ရိုဆမ္မတီဆိုတာ ထင်သလောက် စိတ်ဝင်စားဖွယ် မဟုတ်ပါဘူး။ အသက် ဝင်တဲ့တောတစ်တော မဟုတ်ခဲ့ဘူး။ ခုတော့ သက်ဝင်လှုပ်ရှားပြီး တောတစ်ခုရဲ့ င်္အဂါရပ်တွေနဲ့ ညီညွတ်လွန်းလှတဲ့ တောတတောကို မြင်ခွင့်ရလိုက်ပြီ။

ရိုဆမ္မတီးကနေ ပြောပြနေတဲ့ တောအလှရသကိုလည်း အပြည့်အဝ ခံစားနိုင်ခွင့်ရခဲ့ပြီ။ ရိုဆမ္မတီဥယျာဉ်အတွင်းမှာ ကြည့်ခဲ့ရတဲ့ ရိုဆမ္မတီ သမိုင်းနောက်ခံ ရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ပြောပြသွားသလိုပါပဲ။

တကယ်လို့ ရိုဆမ္မတီဥယျာဉ်တွင်းမှာ သင်တစ်ယောက်ထဲ တိတ်တိတ်လေး လမ်းလျှောက်ကြည့်မယ်ဆိုရင် ရိုဆမ္မတီကနေ ပြောပြနေတဲ့ နက်ရှိုင်းလေးနက်တဲ့ အသံကို သင်ကိုယ်တိုင် ကြားရလိမ့်မယ်။

ရိုဆမ္မတီရဲ့ တောင်တွေကနေ ထွက်လာတဲ့ ပဲ့တင်သံံ၊ ရေတံခွန်တွေကလေ ပြောပြတဲ့ ရိုးဆမ္မတီးရဲ့ ရှည်လျားတဲ့သမိုင်း။ မြင့်မားခိုင်မာလှတဲ့ သစ်ပင်ကြီးတွေကနေ နှုတ်ခွန်းဆက်တဲ့ စကားသံ။ရိုဆမ္မတီးဥယျာဉ်တွင်းမှာရှိတဲ့ တောရိုင်းသတ္တဝါလေးတွေရဲ့ ရင်ခုန်သံကို သင်ကြားနိုင်မှာပါ။

ဘဝဖြစ်စဉ်တစ်ခုမှာ အတိုအရှည်ကွဲပြားမှုသဘောကို ပြောပြနေတဲ့ ထင်းရှူးမျိုးဝင် (Square tree) သစ်ပင်ကြီးတွေရဲ့ နှစ်ပေါင်းထောင်ရှည်ကြာ သက်တမ်းရှည်မှုနဲ့ လိပ်ပြာလေးတွေ၊ သူ့ရာသီအချိန်မှာသာ ပွင့်တတ်တဲ့ ရာသီပန်းပွင့်လေးတွေရဲ့ သက်တမ်းကို နှိုင်းယှဉ်ပြီး ဘဝတစ်ခု အကြောင်းကို စဉ်းစားပြီး သံဝေဂဉာဏ် ထင်ကောင်းလည်း ထင်နိုင်မှာပါ။

သင့်မှာသာ တကယ်ခံစားတတ်တဲ့ နှစ်လုံးသားနားတစ်စုံ ကောင်းကောင်းရှိတယ်ဆိုလျင်ဖြင့် ရိုဆမ္မတီရဲ့ လွမ်းမောလှပတဲ့ ဝိဉာဉ်တောင်ပံခတ်သံကိုလည်းသင် ကောင်းကောင်း ကြားရမှာပါ။ ရိုဆမ္မတီးရဲ့ ဒီဝိဉာဉ်ခတ်သံဟာ သင်ကြားနေကြ အသံတွေနဲ့တော့ တူနိုင်မယ် မဟုတ်ပေဘူးပေါ့။

ခင်မင်သူမို့ အမှတ်တရ စကားလေးတစ်ခွန်းတော့ အမြဲသတိရနေစေဖို့ သင့်ကိုပြောပြချင်ပါတယ်။

တကယ်လို့ သင်ကတစ်ခေါက်ထဲရောက်ပြီး ရောက်တဲ့တစ်ခေါက်မှာ သင်မြင်ရတဲ့ အမြင်မျှလောက်နဲ့ ရိုဆမ္မတီဆိုတာ ဒါပါပဲလို့ ကောက်ချက်ချလိုက်မယ်ဆိုရင်၊ ပေါက်ပင်ဆိုတာ မီးလောင်ထားတဲ့ သစ်ခြောက်ပင်ကြီးပါလို့ ဆိုလိုက်သလိုမျိုး ဖြစ်သွားမှာ စိုးပါတယ်။ ဒါမှမဟုတ်လည်း တစ်ပင်လုံးနီရဲအောင်ပွင့်နေတဲ့ အပင်။ တစ်ပင်လုံး အစိမ်းရောင်လွှမ်းနေတဲ့ အပင်ရယ်လို့ မပြည့်ဝတဲ့ အမြင်ရှိသူမျိုး မဖြစ်စေချင်ပါဘူး။ အဖြေမှန် အရှိအမှန်နဲ့  သင့်ကိုဝေးမသွားစေချင်ပါဘူး။

ဘာပဲဖြစ်ဖြစ်ပါ။ ဘက်ပေါင်းစုံကနေ ရှုမြင်သုံးသပ်ပြီး ပြည့်ဝတဲ့ အဖြေတစ်ခု၊ မှန်ကန်တဲ့အဖြေတစ်ခုရအောင် ထုတ်သွားနိုင်မယ်ဆိုလျင်ဖြင့် သားတော်အငယ်လေးလို ထီးနန်းမရလျင်တောင် သဘာဝကပေးထားတဲ့ အလှတရားတစ်ခုကိုတော့ ပြည့်ပြည့်ဝဝ ခံစားတတ်သူဖြစ်နိုင် မှာပါ။

နောက်ပြီးလည်း တောတောင်ရေမြေ သဘာဝအလှတရားတွေကို ခံစားတတ်သူ၊ တောတောင်တွေရဲ့တန်ဖိုး(ငွေကြေးတန်ဖိုးမဟုတ်) ကို နားလည်သူ။ ဒီကမှတဆင့် ထိန်းသိမ်းစောင့်ရှောက်လိုစိတ်ရှိသူတစ်ယောက် ဖြစ်လာမှာပါ။

နေပျော်စရာကမ္ဘာမှာ အနေတော်အောင် နေတတ်သူတွေ များလာပါမှ ကမ္ဘာကြီးကလည်း ပိုမိုရှည်ကြာစွာ လှပနိုင်မယ် မဟုတ်လား။ ။

အရှင်ဉာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)





Thursday, May 28, 2020

ဂက်တီသို့ အလည်တစ်ခေါက်

ဂက်တီသို့ အလည်တစ်ခေါက်
•~•~•~•~•~•

သြဂုတ်လရဲ့ နွေနေ့လယ်က သာမန်ထက်ပိုကဲတဲ့ အပူရှိန်ကို ခံစားရတယ်လို့ ထင်နေမိတာ။ ဖြတ်သန်းလာတဲ့ လော့စ်အင်ဂျလိစ် (အယ်လ်အေ) မြို့ကြီးရဲ့ တံလျပ်ရောင်ထနေတဲ့ ဖရီးဝေးလမ်းမအချို့ပေါ်မှာ ကတ္တရာမြစ်ကြီးတွေ စီးမျောနေသလားလို့ ထင်မိလောက်အောင်ပဲ အနက်ရောင်စီးကြောင်းများက ဖိတ်ဖိတ်လက်လို့နေတယ်။ သွားရမယ့်နေရာက တောင်ကုန်းတစ်ခုပေါ်မှာဆိုတော့ ခုလောက်ပြင်းတဲ့ နေရှိန်အောက်မှာ ဒီနေရာလေးကပေးမယ့် ရသအလှကို အပြည့်အဝ ခံစားလို့မှရနိုင်ပါ့မလားရယ်လို့ လမ်းသွားရင်း သံသယစိတ်နဲ့ ရောက်လာခဲ့တာ။

အယ်လ်အေကို အကြိမ်ပေါင်း မရေတွက်နိုင်လောက်အောင်ရောက်ခဲ့ပေမယ့် သူ့အကြောင်းကို နာမည်လေးတောင် တစ်ခါမှ မကြားမိဘူးခဲ့လောက်အောင်ကိုပဲ ညံ့ဖျင်းထုံအနိုင်လွန်းခဲ့သူပါ။ ဒီလို နာမည်လေးပင် သဲ့သဲ့မျှ မကြားခဲ့ဘူးတဲ့ဒီနေရာက သာမန်မျှသာဖြစ်လိမ့်မယ်၊ နောက်ပြီးလည်း ကြည့်ရှုဖွယ်ရာ အနည်းအကျဉ်းသာရှိတဲ့ နေရာငယ်လေးတစ်ခုသာ ဖြစ်လိမ့်မယ်၊ ချောင်ကြိုချောင်ကြားမှာ ခပ်ကုပ်ကုပ်အဆောက်အဦလေးနဲ့ မထင်မရှားလေးသာ ဖြစ်လိမ့်မယ်လို့လဲ ထင်ထားတာ။ ဒီလိုထင်ထားတဲ့အပေါ်မှာမှ ခုလိုအပူရှိန်က ထပ်ဆင့်ကဲလိုက်ပြန်သေးတော့ ဒီနေ့အတွက်တော့ ကံကောင်းခြင်းလက်ဆောင်က ကိုယ့်ဆီကို ရောက်လာနိုင်တော့မယ် မထင်တော့ဘူးလို့လည်း တွေးမိလိုက်ခဲ့ သေးတယ်။

ဒါပေမယ့် ခပ်လှမ်းလှမ်းကနေ မြင်ရတဲ့မြင်ကွင်းက ထင်ထားခဲ့တာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတာကို စပြီးတွေ့လိုက်ရတယ်။ သူ့အနားကိုယ်ရောက်သွားတဲ့ အခါမှာတော့ ဘာဖြစ်လို့ ကိုယ့်အနီးမှာရှိတဲ့ ဒီလောက်စွဲမက်ဖွယ်ကောင်းကာ အလှပေါင်းစုံနေတဲ့ နေရာတစ်ခုရဲ့ အမည်လေးကိုပင် မကြားမိနိုင်လောက်အောင် ည့ဖျင်းနိုင်လွန်းစွာ ထုံအနေခဲ့တာလဲလို့ ကိုယ့်ကိုယ်ကို အပြစ်တင်မိလိုက်တယ်။

ကြည့်စမ်းပါဦး။ ဘယ်လောက်များ လှပတဲ့နေရာလေးတစ်ခုပါလဲ။ စွဲ မက်မြတ်နိုးဖွယ် နေရာလေးပါလဲ။ အနုပညာဆိုင်ရာပြတိုက်တစ်ခုအတွက် ရွေးချယ်မှုမှာ နေရာဆိုတာ အခရာပဲလို့ ဆိုပါလျင် ဂက်တီအတွက် ဖြည့်စွက်စရာ လိုနိုင်တော့မယ် မထင်ပါဘူး။

ကိုယ်တွေ့ဖူးသမျှ ပြတိုက်တွေဆိုတာက ရှေးဟောင်းဆန်ဆန် အဆောက်အဦတွေသာလေ။ ဒီတော့ ပြတိုက်ဆိုလျင် ရှေးဟောင်းဆန်နေမှ လိုက်လျောညီထွေဖြစ်တယ်ဆိုတဲ့ အစွဲတစ်ခုပင် ကိုယ့်မှာထင်လုနီးပြီ။ သို့ပေမယ့် ခုတော့ ဒီထင်လုဆဲအစွဲက ပစ္စဖိတ်ကိုဖြတ်တိုက်လာတဲ့ လေပြေထဲမှာ လွင့်ပါလို့သွားခဲ့ပြီ။

ဂက်တီရဲ့ပြင်ပသဏ္ဍာန်ဟာ ဟောင်းနွမ်းမှုတွေနဲ့ ဟိုးအဝေးကြီးဆီမှာ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်မှာ ခေတ်မီ ဗိသုကာလက်ရာများနဲ့ ဖန်တီးတည်ဆောက်ထားတဲ့ ဂက်တီက အနုပညာပြတိုက်တစ်ခုဆိုတာထက် သိပ္ပံပြတိုက်ဖက် နွယ်နေတယ်လို့ ခံစားတယ်။ ခေတ်သစ်လက်ရာအောက်မှာ ရှေးဟောင်းအနုလက်ရာ အလှဟာ ဘယ်လိုများနေမလဲ။ တောင်ခြေကနေ ပြတိုက်ရှိရာ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ဆီသို့ ဓာတ်ရထားလေးစီးရင်း ကိုယ်ကတွေးနေမိတယ်။ ဂက်တီကတော့ နောင် နှစ်ပေါင်းများစွာကြာကြာ သစ်လွင်မှုပုံလွှာကို သယ်ယူကာ ဆောင်ထားဦးမှာပါ။

ခုကိုယ်ရောက်နေတာ The Getty Museum လေ။ ဆန်တာမော်နီကာ တောင်ကုန်းထိပ်ရောက်တာနဲ့ မြင်ရတဲ့ မြင် ကွင်းနဲ့ တွေ့ထိရတဲ့လေက ကိုယ့်ကိုအေးမြမှုနဲ့အတူ ရင် သပ်ရှုမောအံ့သြစေခဲ့တယ်။

Breathtaking view အသက်ရှူရပ်သွားလောက်အောင် ဆွဲဆောင်နိုင်တဲ့ မြင်ကွင်းဆိုတဲ့စကားက ကိုယ့်အသိထဲ အလိုလို ဝင်ရောက်လာတယ်။ ဖရီးဝေးလမ်းအမှတ်(၄ဝ၅) ရဲ့အထက် ပေ ၉ဝဝ အမြင့်၊ တောင်ကုန်းထိပ်မှာရှိတဲ့ ဂက်တီက ရာသီဥတုကြည်လင်တဲ့နေ့တွေမှာဆို အရှေ့စူးစူးရှိ အယ်လ်အေမြို့ရဲ့ မိုးမျှော်အဆောက်အဦးကြီးတွေနဲ့အတူ အယ်လ်အေမြို့ ဟိုးအစွန်းဆီက ဆန်ဘနာဒီနိုတောင်တန်းကြီးကို ပကတိမျက်စိနဲ့ပင် လှန်းလို့မြင်နိုင်ပါတယ်တဲ့။

အနောက်ဖက်ဆီမှာတော့ လွမ်းချင့်ဖွယ်ရာ ပစ္စဖိတ်သမုဒ္ဒယာ ရေပြင်ပြာပြာကြီးကို မိုးကုပ်စက်ဝိုင်း အနားသတ်ကာ တွေ့ရနိုင်တယ်တဲ့။ ဒီနေ့တော့ နေသာနေပေမယ့် မှုန်မှိုင်းမှိုင်း မီးခိုးငွေ့တွေက ဒီအလှတွေကို မြင်ခွင့်ကိုယ့်ကိုယ်မပေးခဲ့ပါဘူး။ သို့ပေမယ့် မလှန်းမကမ်းမှာရှိ အယ်လ်အေမြို့ရဲ့ ထောင်မတ်မတ် တိုက်တာတွေနဲ့ ဆန်တာမော်နီကာနဲ့ သောင်စင်အုတ်မြို့တွေရဲ့ အလှတွေကိုတော့ ထင်ထင်ရှားရှားမြင်နေရတယ်။

အထူးသဖြင့်တော့ တောင်ကုန်းထိပ် ဂက်တီပြတိုက်ရဲ့ လေသာဆောင်ပေါ်ကနေ မြင်ရတဲ့ တောင်ကမ္ပားယံမှာရှိ ဂက်တီရဲ့ (Central Garden) ဗဟိုဥယျာဉ်ရဲ့ အလှကတော့ အကွယ်အကာမဲ့စွာပဲ ဗလာလုံးတည်း။ ဒါဆိုလျင်ကိုပဲ ဂက်တီရဲ့ ပြင်ပအလှက ပြည့်စုံသင့်တာထက် ပိုလို့ပင်နေတယ်လို့ ဆိုနိုင်လောက်ပြီပေါ့။

ခုကိုယ်ရောက်နေတဲ့ နေရာက (The Getty Museum) ဂက်တီပြတိုက်မှာလေ။ အလယ်ခေတ်နဲ့ ခေတ်သစ်ရဲ့ အနောက်တိုင်းအနုလက်ရာတွေနဲ့ ပြည့်လျမ်းနေတဲ့ ဂက်တီပြတိုက်က တကယ့်ကိုမှ ကန္တာရအလယ်က အိုအေစစ်လေးပမာ။ ဂက်တီပြတိုက်ရှိရာ တောင်ကုန်းပေါ်ကနေစီးမိုးမြင်ရတဲ့ မြင်ကွင်းကလည်း လဲ့လဲ့စိမ်းလို့။

ပစ္စဖိတ်သမုဒ္ဒယာကို ဖြတ်တိုက်လာတဲ့ လေအေးအေးလေးက နွေတစ်နေ့ရဲ့ အယ်လ်အေမြို့လယ်မှာ ထိတွေ့ခံစားခဲ့ရတဲ့ အပူရှိန်ကို ရုတ်တရက်ပဲ မေ့လျော့စေခဲ့တယ်။ မကြာမီ မိနစ်ပိုင်းများဆီက အပူရှိန်က ခုတော့ အနည်းငယ်မျှပင် ကိုယ်နဲ့မဆိုင်တော့လေဟန်။ နွေနေ့လယ်မှ ဟုတ်ပါလေစလို့ သံသယဖြစ်ဖွယ်အထိ။ တောက်ကုန်းလေးပေါ်မှာက စိမ့်စိမ့်လေးပင် အေးလို့နေပြန်တယ်။ ဂက်တီပြတိုက်လေးကတော့ ကိုယ့်ကို အေးချမ်းမှုနဲ့ ကြိုဆိုလိုက်တယ်လေ။ ထပ်ပြီးပြောရလျင် ဖြင့် မြင်လိုက်ရတဲ့ မြင်ကွင်းက တကယ့်ကိုမှ ရင်သပ်ရှုမော။

ဇွန်လ ၃ဝ ကစလို့ စက်တင်ဘာ ၂၈ ရက်အထိက in Bronze: French Sculpture from Renaissance to Revolution ဆိုတဲ့ ပြင်သစ်ကြေးသွန်းလက်ရာများကို အထူးပြသချိန်လည်းဖြစ်တယ်လေ။ ဒါကြောင့် ဂက်တီကို ခုချိန်မှာ အများဆုံးလွှမ်းမိုးထားတာက ပြင်သစ်အနုလက်ရာတွေ။

ရီနေဆန်းခေတ်ကနေ ပြင်သစ်တော်လှန်ရေးကာလအတွင်း ကျော်ကြားခဲ့တဲ့ ပန်းပုပညာရှင်တွေရဲ့ ကြေးသွန်းအနုလက်ရာတွေကို ခမ်းနားစွာ ပြသထားတယ်။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ထင်ရှားတဲ့ပြတိုက်ကြီးများဆီက ငှါးရမ်းထားတဲ့ ရုပ်တုတွေကိုလည်း တွေ့ရတယ်။ ကမ္ဘာအရပ်ရပ် ဆီကို ကိုယ်တိုင်သွားခွင့် မရနိုင်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တစ်ရပ်ပဲပေါ့။

မကြာမီက အင်္ဂလန်ကိုရောက်ခဲ့စဉ်မှာ ဥရောပ ပန်းပုလက်ရာတွေကို တွေ့ရတော့ အနောက်တိုင်းပညာရှင်တွေက ပန်းပုရုပ်တုတွေကို လူ့ခန္ဓာအစိတ်အပိုင်းအားလုံးနဲ့ တူနိုင်သမျှတူအောင် ထုလုပ်ကြတယ်။ ကိုယ်တို့ဆီမှာတော့ ရုပ်တုက အရုပ်နဲ့ တူနိုင်လွန်းတယ်လို့ တွေးခဲ့မိတာ။ ခု ဒီဂက်တီမှာ ပန်းပုလက်ရာတွေ တစ်ခါထပ်ကာ တွေ့ရပြန်တော့ ဒီအတွေးက ထပ်ပေါ်လာပြန်တယ်။

ကိုယ့်ဆီမှာ အများဆုံးထုလုပ်ကြတာက ဗုဒ္ဓပုံတော်တွေပါ။ ဒီတော့လည်း အတိုင်းအတာမရှိ၊ စနစ်မရှိပဲ ထင်သလို ထုလုပ်ထားတဲ့ ဗုဒ္ဓပုံတာ်တွေကို မကြာခဏပဲ တွေ့မိတယ်။ ဒီလို တွေ့ခဲ့ လေတိုင်း အချိုးအစား မကျ၊ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ဗုဒ္ဓပုံတော််တွေကိုကြည့်ပြီး စိတ်မကောင်းခြင်းကြီးစွာ အကြိမ် ကြိမ် အခါအခါလည်း ဖြစ်မိဘူးတယ်။ တို့ဆီမှာ စည်းစနစ်ဆိုတာ မရှိတာလား၊ ရှိပါလျက် မလိုက်နာလေတာလားလို့ အားမရနိုင်စွာ အတွေးပွားမိခဲ့ရဘူးတယ်။

ရိုးသားစွာ ပြောရရင် ပညာရှင်ဆိုသူတွေရဲ့ မကျွမ်းကျင်မှုဟာ ဗုဒ္ဓရုပ်ပုံတော်တွေပေါ်မှာ ဆိုးရွားလွန်းလှစွာ ထင်ကျန်မနေစေချင်ပါဘူး။ တရားအမှားအမှန်ကို စိစစ်တတ်သူတွေဟာ ဘုရားရှင်ရဲ့ ကြန်အင်လက္ခဏာများ အပေါ်မှာတော့ ဘာကြောင့်မေးခွန်းထုတ်ဖို့ ပျက်ကွက်နေသလဲလို့ ကိုယ်တစ်ယောက်ထဲ မေးခွန်း အကြိမ်ကြိမ် ထုတ်နေခဲ့ဘူးတယ်။



ဂက်တီမှာ အများဆုံးတွေ့ခဲ့ရတာက ပန်းချီကားတွေ။ အဲဒီ ပန်းချီကားတွေအကြောင်းကို ကိုယ်ကပြောချင်တာ။ ဒါပေမယ့် ကိုယ်က ပန်းချီကားတွေရဲ့ အလှကိုသာ မတောက်တခေါက် ခံစားတတ်ပေမယ့် ပန်းချီအနုပညာအကြောင်းကိုတော့ နကန်းတစ်လုံးမျှပင် သိသူမဟုတ်ဘူးလေ။ ဒီတော့ ကိုယ်ပြောပြကာမှ ပန်းချီကားလေးတွေရဲ့ ပင်ကိုယ်အလှ ပျက်သွားရချည့်ဆိုပြီး ပြောဖို့ဝန်လေးမိတယ်။ဟုတ်တယ်လေ။ ဒေါ် လာ သန်းငါးဆယ်ကျော် တန်ဖိုးရှိတဲ့ ဗင်းစင့် ဗင်ဂိုးရဲ့ အိုင်းရစ်ဆိုတဲ့ ပန်းချီကားမျိုးကို ကိုယ်လိုလူက ဘယ်လိုအဓိပ္ပါယ် ဖွင့်ဆိုနိုင်မှာတဲ့လဲ။

ဒါပေမယ့် ကိုယ်သဘောကျလို့ မှတ်မှတ်ရရ ဓာတ်ပုံရိုက်ကူးလာတဲ့ ဆွစ် ပန်းချီဆရာ Jean-Etienne Liotard 1755-1756 ရဲ့ လက်ရာလေး အကြောင်းကိုတော့ ကိုယ်ခံစားသမျှ နည်းနည်းပြောကြည့်ချင်တယ်။ ဒီပန်းချီကားကို (၇)နှစ်အရွယ် မာရီယာ ဖရက်ဒရိုက်ဆိုတဲ့ ကလေးမလေး ကို ပုံတူဆွဲထားတာတဲ့။ ဒီပုံလေးတွေ့ရတော့ အပြစ်ကင်းစင်တဲ့ မျက်နှာပြင်ဆိုတာ ဒါမျိုးပဲဖြစ်မှာလို့ ကိုယ်က မှတ်ယူမိတယ်။ ပန်းချီဆရာဖက်ကို တည့်တည့်မျက်နှာမူကာ စူးစမ်းနေတဲ့ သူမရဲ့ ခွေးကလေးနဲ့ နှိုင်းယှဉ်ရင် သူမက ပိုပြီးအရှက်ကဲလေဟန်ကိုလည်း ဒီပန်းချီက ဖော်ပြနေတယ် လို့ ခံစားမိတယ်။

ငယ်ရွယ်နုပျိုမှုနဲ့ အလှတရားကို ပန်းချီဆရာက အရအမိ ဖမ်းယူဆုပ်ကိုင်နိုင်ခဲ့တယ်လို့လည်း အတွေးရမိတယ်။ တခုခုကို စူးစမ်းနေဟန်ထင်ရပေမယ့် မိန်းကလေးငယ်လေးတွေရဲ့ စူးစမ်းတတ်မှုဟာ တိုက်ရိုက်မဆန်တတ်ဘူး ဆိုတာကတော့ အလယ်ခေတ်ရဲ့ မိန်းကလေး ငယ်သဘာဝကို ဖော်ညွှန်းနေဟန်ပါပဲ။ ပန်းချီဆရာရဲ့ လက်ရာကို အကဲဖြတ်နိိုင်စွမ်း ကိုယ့်မှာမရှိပေမယ့် ပန်းချီဆရာရဲ့ နိုင်နင်းစွာ အလင်းအမှောင်ယူမှု ၊ မျှတတဲ့ အရောင်အသုံးပြုမှုနဲ့ မျက်နှာပြင်မှာထင်ဟပ်နေတဲ့ ညီညာတဲ့ စုတ်ချက်ကတော့ တသသ စွဲကျန်ရစ်လောက်အောင် ဖြစ်မိပါတယ်ဆိုလျင် လွန်နိုင်မယ် မထင်ပါဘူး။



A Bare Tree and a Plowman, Léon Bonvin, 1864

ကိုယ်ရောက်သွားတဲ့နေ့က ရာစုနှစ် ၃ ခုရဲ့ ပြင်သစ်ပန်းချီကားတွေကို အထူးပြသထားတယ်။ ပြပွဲရဲ့အမည်ကိုတော့ Capturing Nature's Beauty: Three Centuries of French Landscapes လို့ ပေးထားပါတယ်။ ‘သဘာဝအလှကို ဖမ်းစားခြင်း’လို့ မပြန်တတ် ပြန်တတ် ကိုယ်က ဘာသာပြန်ကြည့်တယ်။ ပြခန်းထဲရောက်သွားတာနဲ့ လီယန်ဘန်ဗင်ရဲ့ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ပန်းချီကားက ကိုယ့်ကိုယ်ကို သူ့အနားတိုးလာဖို့ ဆွဲဆောင်ခဲ့တယ်။ပန်းချီကားထဲမှာ မတူမှုနှစ်ခု အချိုးတကျ ပေါင်းစပ်ထားတယ်လို့လည်း ခံစားမိတယ်။

အနောက်ကမ္ဘာမှာ သစ်ပင်တွေရဲ့ ရွက်မဲ့ရာသီဆိုတာ အော်တန် (ဖော) နှောင်းနဲ့ ဆောင်းရာသီများမှာ။ ဒီအချိန်မှာ ဝင်လာတဲ့ အအေးဒဏ်က သစ်ပင်သစ်ကိုင်းတွေကို အရိုးပြိုင်းပြိုင်း ထစေချိန်။ ကြည့်လေမြင်ရာ တောစဉ်တောတန်းက မီးလောင်တစပြင်ပမာ နက်နက်မောင်းမောင်း။ စိမ်းလန်းခြင်းမဲ့စွာ သွေ့ခြောက်ကာ နေတတ်တယ်။ ဝန်းကျင်တခွင် မြေအပြင်မှာ တော့ စနိုးပန်းပွင့်တွေနဲ့ ခဲသီးလို့။ စနိုးရင်ပြင်လွှာက ဝါဂွမ်းစိုင်ကြီးတွေ အိပ်စက်နားနေဟန်။ အဲဒီလို စနိုးတွေနဲ့ ဖွေးဖွေးဥနေတတ်တဲ့ ရာသီမျိုးမှာ လယ်ထွန်သူဆိုတာလည်း ရှိနိုင်ခဲတဲ့ အရာပါ။

သို့ပေမယ့် ကိုယ့်အမိမြေလို အရှေ့ကမ္ဘာမှာတော့ မိုးစက်တို့ကြွေစ နွေနှောင်းကာလမှာ တောင်သူသဘာဝ မျိုးစေ့ ချချိန်၊ လယ်ထွန်ချိန်လေ။ နွေလက်ကျန် အပူဒဏ်က မိုးသံကိုနားထောင်နေတဲ့ သစ်ပင်တွေကိုလည်း အရွက်မဲ့ဖြစ်နေစေဆဲကို။ ရွက်မဲ့သစ်ပင်နဲ့ လယ်ထွန်သူဆိုတဲ့ ဒီပန်းချီကားက မတူတဲ့ အချိန်ကာလနဲ့ နေရာဒေသ နှစ်ခုကို ယှဉ် စပ်ကာ တွဲထားခြင်းလို့ မှတ်ထင်မိတယ်။ ပန်းချီကားကို လွှမ်းမိုးထားတဲ့ ပုဇွန်ဆီရောင်နုနု ကောင်းကင်လွှာကတော့ ညနေဆည်းဆာကာလကို ညွှန်ပြနေသယောင်။ လယ်ထွန်သူဆိုတာ နံနက်နေတက်ချိန်မှာ အလုပ်ခွင် ဝင်ချိန်လေ။ ဒါကြောင့် အနောက်တိုင်းပန်းချီဆရာ လီယန်ဘန်ဗင်ရဲ့ ပန်းချီကားက အရှေ့ကမ္ဘာနဲ့ အနောက်ကမ္ဘာ၊ နံနက်နဲ့ ဆည်းဆာကို ပူးတွဲကာ ‘မိဿက သရုပ်’ကိုများ ချယ်မှုန်းထားလေသလားလို့ တွေးထင်မိတယ်။

အနုပညာဆိုင်ရာ ပြတိုက်တစ်ခုရဲ့ နှစ်လုံးသည်းပွတ်ဖြစ်တဲ့ ပန်းချီပန်းပု အနုအလှပါမက ပြင်ပကမ္ဘာရဲ့ အေးချမ်းတဲ့ ရသ၊ လှပတဲ့မြင်ကွင်း၊ လွတ်လပ်ခြင်းဆု၊ ဒီအရာတွေကို ပေါင်းစုလို့သိမ်းကြုံးကာ တပြိုင်တည်း ခံစားချင်တယ်ဆိုလျင်တော့၊ ကိုယ်ထင်တယ်၊ ဂက်တီဟာ ဒီအရာတွေအတွက် အကောင်းဆုံး ဖြည့်စွက်ချက်တစ်ခုဖြစ်မှာပါ။

ပြခန်းအချို့ကို အပြေးအလွှားကြည့်ရှုလို့ ပြီးချိန်မှာတော့ နေမင်းက အနောက် ပစိဖိတ်သမုဒ္ဒယာရေပြင်လွှာထဲဆီကို ခေါင်းထိုးဝင်ဖို့ နီးနေလေပြီ။ ဂက်တီပြတိုက်ရဲ့အထက် ကောင်းကင်တိမ်လွှာပြင်မှာတော့ လီယန်ဘန်ဗင်းရဲ့ ဘဲယားထရီး အင် ပလောင်းမင်း ပန်းချီကားထဲကလို ပုဇွန်ဆီရောင်ပျော့ပျော့ ထင်ဟပ်နေရဲ့။

စင်ထရယ်ပန်းခြံဘေးမြက်ခင်း စိမ်းစိမ်းပေါ်မှာတော့ မြူးကြွစွာတီးခတ်နေတဲ့ တီးဝိုင်းနဲ့အတူ မိသားစုတွေ ဝိုင်းဖွဲ့ကာ မြူးတူးကခုံ ကောင်းတုန်း။

အချိန်တန်ပြီတဲ့။ ဒီတော့လည်း ကိုယ်ပြန်ရမယ်ပေါ့။ ဒါပေမယ့် ကိုယ့်ရင်ထဲမှာတော့ မကြာမီအချိန်ပိုင်းအတွင်းမှာပဲ ဒီနေရာလေးဆီ နောက်တစ်ခေါက် အမြန်ပြန်လာဖို့ ဆုံးဖြတ်ချက်က အဆင်သင့်ဖြစ်နေခဲ့ပြီ။ ။

ဉာဏ်ဦးမောင်

စက်တင်ဘာ ၃၊ ၂၀၀၉