Monday, December 4, 2017

သွားသံဝေ


ဒီနေ့သွားဆေးခန်းကိုသွားရတယ်။ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများထဲမှာ ဂရုအစိုက်ရဆုံးက ဒီသွားတွေ။ နေ့နေ့ညည အခါခါ သန့်ရှင်းပေးရတဲ့အရာ။ ဘယ်လောက်ပဲ ဂရုစိုက်စိုက် မကြာမကြာ ကိုယ့်ကို နာကျင်မှုတစ်ခုခုကို ပေးလေ့ရှိတာလည်း ဒီသွားတွေပါပဲ။ ဒီတော့လည်း သွားဆရာဝန်များက အခြားဆရာဝန်များထက် ပိုပြီးအကြိမ်များများတွေ့ရတဲ့သူတွေပါပဲ။

သွားဖုံးရောဂါရှိသူဆိုတော့လည်း သွားဖုံးကြောင့် သွားတွေထိခိုက်၊ သွားတွေကြောင့် သွားဖုံးတွေထိခိုက်၊ သူတို့အချင်းချင်း အပြန်ပြန်အလှန်လှန် တိုက်ခိုက်မှုကြားမှာ ခုတော့ သွားဖုံးတွေမှာလည်း ဒဏ်ရာအပြည့်၊ သွားတွေကလည်း ကျိုးသူကျိုး ပြုတ်သူပြုတ်၊ စုံစုံလင်လင် မရှိကြတော့။

မကြာမကြာ ဒုက္ခပေးတတ်တဲ့သွားက ဒီတစ်ကြိမ်မှာတော့ အဆိုးဆုံး။ သွားဖုံးနဲ့သွားတွေရဲ့ တိုက်ပွဲကြောင့် အထက်အံသွားသုံးချောင်း ကျရှုံးဆုံးပါးသွားခဲ့တာ ကြာပေါ့။ အစွန်ဆုံးသွားတွေဖြစ်ပြန်၊ သွားဖုံးအောက်က အရိုးထဲ မူလီထည့်ပြီး သွားတုထပ်စိုက်ဖို့(အင်ပလန့်လုပ်ဖို့) ကျွမ်းကျင်တဲ့ဆရဝန်နဲ့တိုင်ပင်ကြည့်တော့ သွားဖုံးအောက်က အရိုးက ခိုင်ခိုင်မာမာ မရှိတော့။ မူလီအကြီးအငယ် အမျိုးအစားစားထဲက အသေးဆုံးဖြစ်တဲ့ မူလီစိုက်ဖို့ကိုပင် နေရာက ကောင်းကောင်း မလုံလောက်တော့။ ဒီတော့ ဆရာဝန်က အဲဒီနည်းကို အားမပေး။



ဒီတော့ ဘယ်လိုလုပ်သင့်လဲဆိုတော့ အံသွားအပြည့်အစုံရှိတဲ့ ကျန်တဲ့ဖက်နဲ့ သာ ဝါးပေတော့တဲ့။ တစ်ဖက်တည်းနဲ့ဝါးဆိုတော့လည်း ဝါးပေါ့လေ။ ဒီလိုနဲ့ နေလာတာ တော်တော်ကြာနေပြီ။ အပြည့်စုံချည်းမဟုတ်တောင် အတိုင်းအတာအထိ အဆင်ပြေနေတာမို့ ဘာမှ ပြဿနာမရှိ။

အဲ ကျန်နေတဲ့ဖက်နဲ့သာ ဝါးပေတော့ရယ်လို့ပြောလို့ ကျန်တဲ့တစ်ဖက်တည်းနဲ့ ဝါးနေရပေမယ့် အဲဒီကျန်နေတဲ့ဖက်ကလည်း လုံးဝအကောင်းချည်းတော့လည်း မဟုတ်။ အထက်သွား ဒုတိယမြောက် အံသွားက ပဲ့ထားလို့ အပေါ်က စွပ်ထားရတာ။ အောက်ခြေကလည်း သိပ်ပြီးအကောင်းချည်း မဟုတ်။ သို့ပေမယ့် အတန်အသင့်ကောင်းနေသေးတဲ့ သူတို့ကိုပဲ အားပြုဝါးနေရတာမို့ သူတို့က ဘဝရှင်သန်ရေးအတွက် အရေးပါကြသူတွေ၊ ကျေးဇူးရှင်တွေ။

ဖြစ်ချင်တော့ ခုတစ်ကြိမ်မှာတော့ အဲဒီအပေါ်ကစွပ်ထားရတဲ့ ဒုတိယသွားရဲ့ အခြေမှာ ပြည်တည်ပြီး သွားအောက်ခြေသွားရိုးကို တိုက်စားလို့ သွားကနဲ့လာ၊ နာလာပြီ။ ဝါးတိုင်းနာ၊ ထိတိုင်းကျင်။ ဒီတော့လည်း ဆရာဝန်ဆီပြေးရ။ ပြန်လည်ကောင်းမွန်ဖို့လမ်း တော်တော်နည်းသွားပြီ။ နှုတ်ရဖို့များသတဲ့။ နှုတ်ဆိုတော့လည်း နှုတ်ပစ်ရုံပေါ့လေ။

လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေလည်း ပကတိအတိုင်း ကောင်းတာမှ ကျန်သေးလားမသိ။ အပြင်မှာ တွေ့မြင်ရလို့ အမြဲတစေ ဂရုစိုက်ပြီး သန့်ရှင်းပေးနေခဲ့တဲ့ မျက်စိဆိုရင်လည်း မျက်မှန်ကူနေရပြီ။ သွားတွေဆိုတာကလည်း စုံစုံလင်လင် မရှိတော့။ ဆံပင်တွေဆိုလည်း အနက်ထက် အဖြူက ပိုများနေသလားမသိ။ အဆစ်အမြစ်တွေဆိုတာကလည်း မကြာမကြာ နာကျင်တဲ့ဝေဒနာရ။

ဒီလိုအပေါ်ယံမြင်ရလို့ အမြဲတစေပြုပြင်ထိန်းသိမ်းနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတောင်မှ ဒီလောက် ဖောက်ပြန်ပျက်စီးနေရင် အတွင်းထဲမှာ မြင်လည်းမမြင်ရ၊ တခါမှလည်း သန့်ရှင်းရေး လုပ်မပေးနိုင်တဲ့ အသည်းတွေ၊ ကျောက်ကပ်တွေ၊ နှစ်လုံးတွေ၊ အစာအိမ်တွေ၊ အူစတဲ့ ခန္ဓာအစိတ်အပိုင်းတွေဆို ဘယ်လောက်တောင်များ ချွတ်ယွင်းပျက်စီးနေလေမလဲလို့ တွေးကြည့်မိတယ်။

လူသားတစ်ယောက်အဖို့ ဘဝတစ်ခုရလို့ ခန္ဓာတစ်ခုရ၊ ရလာတဲ့ခန္ဓကိုယ်ကို အဆင့်အတန်းမီမီ ချမ်းချမ်းသာသာလေး နေခွင့်သာစေဖို့ ကျိုးစားရုန်းကန်လှုပ်ရှားကြရတဲ့ နှစ်တွေက မနည်း။ ဘဝအခြေလေးကျမယ်လို့မှ မဆိုနိုင်သေးမီမှာပဲ ခန္ဓာကိုယ်က ဖောက်ပြန်မှုစ၊ ချွတ်ယွင်းပျက်စီးစပြုပြီ။ ဇရာရဲ့သင်္ကေတတွေက ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတော်တော်များများအပေါ်မှာ လွှမ်းမိုးချုပ်ခြယ်လို့ နေနှင့်ပြီ။

တိုတောင်းလှတဲ့ လူ့သက်တန်းအချိန်လေးအတွင်းမှာ အချိန်တွေကို ဘယ်အရာတွေအတွက် အသုံးချခဲ့သလဲ၊ ဘယ်အရာတွေက အချိန်တွေကို စိုးမိုးချယ်လှယ်ခဲ့သလဲ။

ခန္ဓာကိုယ်ကို သုတ်သင်ကျွေးမွေးဖို့ ရှာဖွေစုဆောင်းထားတဲ့ ပိုင်ဆိုင်မှုတွေကို အကြောင်းပြုပြီး မာန်မာနတွေ တက်ကြမလား၊ ခန္ဓာကိုယ်ကို အကြောင်းပြုပြီး မာန်မာနတွေ တက်ကြမလား။

ကိုယ်တကယ်ပိုင်ဆိုင်တဲ့အချိန်လေးက သိပ်တိုတောင်းလွန်းတဲ့အထဲမှာ မာနကိုအစာကျွေးဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်အချို့ကို ဖဲ့ပေးရမယ်ဆိုရင်ဖြင့် လူ့ဘဝရလာခြင်းက တန်လှတယ် ဆိုနိုင်မယ်မဟုတ်ပါဘူးလေ။ ။

No comments:

Post a Comment