Monday, December 25, 2017

အကောက်ထဲမှာ အဖြောင့်ရှာ ကွေးကွေးရရင် အတော်ပါပဲ


အစားထိုးထားတဲ့ သွားတုနဲ့ဝါးရတာ အသားမကျသေးတော့ သိပ်ပြီးအဆင်မပြေသေး။ တစ်ချက်လောက် ချော်သွားတာနဲ့ ဖိဝါးလိုက်တဲ့အစာက သွားအတုရဲ့ အစွန်းမှာသွားထောက်တယ်။ ဒီအခါမှာ အသားမကျသေးတဲ့ သံအကွပ်က သွားဖုံးမှာ ဖိသလိုဖြစ်တော့ အကျင့်မဖြစ်သေးတဲ့ သွားဖုံးက စစ်ကနဲနာကျင်တယ်။

ဒါကြောင့် ဘာကိုပဲဝါးဝါး သတိကပ်ကာ ဖြေးဖြေးဝါးရတယ်။ တဖက်ကကြည့်ရင် သတိမလွတ်ဘဲ ဝါးနေရတာမို့ မှတ်စိတ်က တပါတည်းပါနေသလိုဖြစ်လို့ ကုသိုလ်ဖြစ်ရတယ်ဆိုပြီး ကြံဖန်ကာ ကျေးဇူးတင်မိရသေးတယ်။ ဒါပေမယ့် ဒီကုသိုလ်ကတော့ လိုချင်လို့ရတဲ့ ကုသိုလ်မျိုး မဟုတ်လေသမို့ အောင့်သက်သက်ကုသိုလ်မျိုးသာဖြစ်ပေလိမ့်မယ်။

သွားတုနဲ့ဝါးရင်း အတုတွေအကြောင်း စိတ်ထဲပေါ်လာတယ်။ ခေါင်းဆောင်အတု၊ နောက်လိုက်အတု၊ ဆရာအတု၊ တပည့်အတု၊ မိတ်ဆွေအတု၊ ရဟန်းအတု၊ အလှူခံအတု၊ အလှူရှင်အတု၊ ပစ္စည်းအတု၊ ဆေးအတု၊ အစားအတု စသဖြင့် အတုတွေက မြောက်များစွာ။ မရိုးသား မသမာသူတွေများလေလေ၊ အတုတွေက များလေလေ။


အတုဆိုကတည်းက အစစ်လိုတော့ မကောင်းကြ။ တချို့တချို့အတုတွေက ဘဝပျက်အောင်၊ အသက်ဆုံးစေသည်အထိပင် ဆိုးကျိုးကိုဖြစ်စေတတ်တယ်။ ဒါကြောင့် အတုဆိုရင်ဖြင့် ဘယ်အတုမျိုးနဲ့မှ မတွေ့ပါရစေနဲ့လို့ စိတ်ထဲမှာဖြစ်ခဲ့ဖူးတာ။ သို့ပေမယ့်လည်း ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်ဖို့ဆိုတာက ရာခိုင်နှုန်းက အနည်းသားကလား။ ခုတော့လည်း ကိုယ့်အတွေ့အကြုံအရ အတုချည်းတိုင်း အဆိုးချည်းတော့လည်း မဟုတ်ပါဘူးရယ်လေလို့ ဖြေတွေးတွေးရ။

အဲဒီလို မကောင်းကြတာတွေထဲကမှ မဖြစ်မနေလို့ အသုံးပြုရတဲ့ သွားအတုလို အတုကြတော့ အတိုင်းအတာတစ်ခုအထိ အသုံးဝင်ပြန်ပါတယ်။ နောက်ပြီး မျက်စိမှုန်လို့ မူလမျက်လုံးအတွက် အစားထိုးထားရတဲ့ မျက်မှန်ချည်းကလည်း ကိုယ့်မျက်နှာပေါ်ရောက်နေတာ ကြာခဲ့ပြီ မဟုတ်လား။ မျက်မှန်လို မျက်စိအတုပစ္စည်းသာ မရှိခဲ့ရင် ခုချိန်မှာဆို အရာရာက ကိုယ့်အတွက် မှုန်ဝါးဝါးဖြစ်နေလေမှာ။

ဒါကြောင့်လည်း လောကမှာ ရွေးချယ်စရာမရှိလို့ အတုတွေနဲ့သာ နှစ်ပါးသွားရတဲ့အခါမျိုးလည်း ရှိတတ်ကြောင်းကို၊ အတုတွေမို့ လက်သင့်မခံလိုပေမယ့် မရှောင်သာလို့ လက်ခံကြရတဲ့အခါမျိုးတွေလည်းရှိကြောင်းကို တွေးမိတယ်။ အတုတွေနဲ့ နှစ်ပါးသွားနေရတဲ့သူတွေရဲ့အဖြစ်ကိုလည်း စာနာနားလည်မိတယ်။

တကယ်တော့ ဒီလိုအတုတွေအကြောင်း စိတ်ထဲမှာ ပေါ်မလာစေချင်ပါဘူး။ တွေးလည်း မတွေးချင်ပါဘူး။ အဲဒီလို အတုတွေအကြောင်းကို မတွေးချင်ပဲ တွေးနေရတာကိုက နာကျည်းစရာပါလေ။

ဖြစ်နိုင်မယ်ဆိုရင် အစစ်တွေချည်းနဲ့သာ တွေ့လို နေထိုင်လိုတာပါ။ ခေါင်းဆောင်အတု၊ အစိုးရအတု၊ ဆရာတု၊ မိတ်ဆွေအတု၊ ပစ္စည်းအတု၊ အစားအတု၊ ဆေးအတု၊ ချစ်သူအတု၊ . . .အတု အတု အတု. . . ဘယ်အတုတွေနဲ့မှ မတွေ့လိုပါဘူး။

အိမ်တိုင်တွေ၊ ကျောင်းတိုင်တွေ၊ ခြံစည်းရိုးတိုင်တွေ စတဲ့ ဖြောင့်ဖြောင့်တန်းတန်းစိုက်ထောင်ရမယ့် နေရာမျိုးမှာ သူသူကိုယ်ကိုယ်ပဲ ဖြောင့်တန်းနေတဲ့ ဝါးတွေ သစ်တွေကို လိုချင်ကြမှာပါပဲ။ သို့ပေမဲ့လည်း အဲဒီလိုဖြောင့်တန်းနေတဲ့ သစ်ဝါးတွေက နေရာတိုင်းမှာ အမြဲတမ်း ရှိမနေနိုင်ဖူးလေ။ (ခရိုနီပြာဝါတွေ သရမ်းလို့ တောကန်းရတဲ့ ခုခါမျိုးမှာဆို ပိုလို့ပဲ ရှားပေမပေါ့) ဒီတော့လည်း အကောက်တွေကြားထဲကပဲ အတန်အသင့်အဖြောင့်ကို အကောင်းလုပ်ကာ ရွေးရသလိုပေါ့။

ဒါကြောင့် တခါခါမှာတော့ "အကောက်ထဲမှာ အဖြောင့်ရှာ ကွေးကွေးရရင် အတော်ပါပဲ" ဆိုတဲ့အနေနဲ့ ဆိုးရွားများပြားလှတဲ့အတုနယ်ပယ်မှာ အတန်အသင့်အသုံးဝင်နေတဲ့ အတုတွေနဲ့ပဲ နေပျော်အောင်၊ နေတတ်အောင် နေနေရတာပါပဲလေ။ ။

အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

No comments:

Post a Comment