Monday, December 4, 2017

အတိတ်နဲ့ အရိပ်

အတိတ်နဲ့ အရိပ်
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

စံလွန်တော်မူသွားတဲ့ ကျေးဇူးရှင် ပဏ္ဍိတာရာမ ရွှေတောင်ကုန်းရိပ်သာဆရာတော်ကြီး ပြောနေကြ စကားရှိတယ်။ “တစ်ကိုယ်ရေ သာသနာမှသည် လက်လှန်းမီသာသနာ” ဆိုတဲ့စကား။ ဆရာတော် ကြီးက အလွန်ကြီးကျယ်သော ကမ္ဘာ့သာသနာပြုဆိုတဲ့ စကားလုံးကြီးကို နှစ်သက်တော်မမူ။ ဒါကြောင့် ကမ္ဘာ့နိုင်ငံပေါင်းများစွာကို ကိုယ်တိုင်ကြွရောက်၊ ကိုယ့်နေရာကိုယ့်ဌာနရောက်လာကြတဲ့ အပြည်ပြည် ဆိုင်ရာက ယောဂီတွေကိုလည်း သတိပဋ္ဌာန်တရားတော်များဟောပြောပြသနေပေမယ့် သူ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ကမ္ဘာ့သာသနာပြုရယ်လို့ သုံးနှုန်းလေ့မရှိ။ လက်လှန်းမီသာသနာကိုပြုနေတယ်ရယ် လို့သာ ညွှန်းဆိုလေ့ရှိတယ်။

လက်လှန်းမီသာသနာဆိုတဲ့ တစ်နိုင်တစ်ပိုင်သာသနာပြုလုပ်ငန်းကို မစမီမှာ သာသနာပြုကြမည့် သူတွေအနေနဲ့ ကိုယ်ခံအားကောင်းနေအောင် တစ်ကိုယ်ရေသာသနာကို ဦးစွာပြုကြဖို့လိုတယ်ဆိုတာ ကိုလည်း ပြောပြတတ်တယ်။ ကိုယ်ကိုယ်တိုင်ရဲ့ တစ်ကိုယ်ရေသာသနာမှ မပြည့်စုံပဲ ဒီထက်ပိုမို ကျယ်ပြန့်တဲ့ သာသနာကိုပြုမယ်ဆိုရင် ခရီးတွင်မယ်မဟုတ်။ တကယ်တန်း စစ်မှန်တဲ့ သာသနာပြုရာလည်း ရောက်မည်မဟုတ်ရယ်လို့လည်း သတိစကားပါးတတ်တယ်။


ရဟန်းတော်ငယ်တွေ ဆရာတော်ကြီးထံ အရိုအသေပြုဖို့ရောက်လာတဲ့အခါမှာ ဆရာတော်ကြီးက “ငါ့ရှင် သာသနာပိုင်ဖြစ်နေပြီလား”ရယ်လို့လည်း မေးတတ်တယ်။ ဆရာတော်ကြီးရဲ့ အကြောင်းကို အရိပ်အမြွက်မျှလောက်တောင်မှ ကြိုတင်ပြီး သိမထားတဲ့ ရဟန်းငယ်တွေအနေနဲ့ အများတကာ လေးစားတဲ့ဆရာတော်ကြီးတစ်ပါးက ခုလို ငါ့ရှင် သာသနာပိုင်တစ်ပါးဖြစ်နေပြီလားလို့ အမေးခံရတဲ့အခါမှာ ဆရာတော်ကြီးဘယ်လိုအဓိပ္ပါယ်နဲ့ ဒီမေးခွန်းမျိုးကို မေးသလဲဆိုပြီး ဇဝေဇဝါဖြစ်သွားတတ်တယ်။ ရုတ်တရက်ပြန်လည်ဖြေစရာစကား မရှိသလိုဖြစ်သွားတတ်တယ်။ တကယ်တော့ အခြားနေရာမှာအသုံးပြုတဲ့ သာသနာပိုင်ဆိုတဲ့စကားက အလွန်ကြီးမားတဲ့ စကားမဟုတ်လား။

ဟိုရှေးကဆိုရင်ဖြင့် ရှင်ဘုရင်များကိုယ်တိုင် သာသနာတော်မှာ အများရဲ့ လေးစားမှုကိုခံရတဲ့ စာတတ်ပေတတ်မင်းကိုးကွယ်ခံ ပုဂ္ဂိုလ်တစ်ပါးကို သာသနာပိုင်ဘွဲ့တံဆိပ်ဆက်ကပ်တယ်။ အဲဒီလိုဆရာတော်ကြီးကို သာသနာပိုင်ရယ်လို့ အများကလည်း အသိအမှတ်ပြုထားကြတယ်။ သာသနာပိုင်ဆိုတာကလည်း တစ်ချိန်မှာတစ်ပါးတည်းသာလျင် ရှိတော်မူတဲ့ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်မျိုးကိုသာ သာသနာပိုင်ရယ်လို့ ဆိုတာမဟုတ်လား။

ခုခေတ်မှာဆိုရင်လည်း အစိုးအရအနေနဲ့ တရားဝင်အသိအမှတ်ပြုထားတဲ့ မြန်မာပြည်က သံဃာဂိုဏ်းကိုးဂိုဏ်းထဲမှာ ရွှေကျင်ဂိုဏ်းရဲ့ အကြီးအကဲမထေရ်ကြီးတစ်ပါးကို ရွှေကျင်ဂိုဏ်း ဝင်သံဃာများက သာသနာပိုင်ရယ်လို့ သတ်မှတ်ထားကြတယ်။
ဒီတော့ အဲဒီလိုအခြေအနေကိုသိထားလောက်တဲ့ရဟန်းငယ်တစ်ပါးကို ငါ့ရှင် သာသနာပိုင်ဖြစ်ပြီ လားလို့ မေးလိုက်တဲ့မေးခွန်းဟာ အမေးခံရတဲ့သံဃာငယ်တစ်ပါးအတွက် ဖြေဖို့ခက်တဲ့မေးခွန်း တစ်ခုပေါ့။

တကယ်တော့ ဆရာတော်ကြီး ညွှန်းတော်မူတဲ့ သာသနာပိုင်ဆိုတာက အများတကာတွေ သတ်မှတ်ထားတဲ့ သာသနာပိုင်၊ ဂိုဏ်းတစ်ဂိုဏ်းရဲ့ သံဃရာဇာကိုဆိုလိုတာ မဟုတ်ပဲ မြတ်ဗုဒ္ဓရဲ့ အဆုံးအမသာသနာဖြစ်တဲ့ သီလသိက္ခာ သမာဓိသိက္ခာ ပညာသိက္ခာအကျင့်တွေ ငါ့ရှင်ရဲ့ ရင်ထဲနှစ်လုံးသားထဲမှာ ကိန်းတည်အောင် ဖြည့်ကျင့်ပြီးနေပြီလား။ ရဟန်းတစ်ပါးရဲ့ ရင်ထဲမှာ ကိုယ်ပိုင်ဥစ္စာအဖြစ်ရှိနေရမယ့် ဗုဒ္ဓအဆုံးအမသာသနာကို တကယ်တမ်းပိုင်ဆိုင်ထားသူဖြစ်နေပြီ လားလို့ မေးလိုရင်းဖြစ်တယ်။

အချုပ်ကတော့ ငါ့ရှင်ရဲ့သန္တာန်မှာ တစ်ကိုယ်ရေသာသနာ့အရည်အသွေးတွေ ပြည့်နေပြီလားလို့ မေးတော်မူလိုရင်းပါ။ တကယ်တော့ အဲဒီလို တစ်ပါးချင်းတစ်ပါးချင်းစီရဲ့ သန္တာန်မှာ တစ်ကိုယ်ရေသာသနာတွေပြည့်နေပါမှာ အဲဒီထက်ပိုမိုကျယ်ပြန့်တဲ့ လက်လှန်းမီသာသနာတွေ၊ အဲဒီထက်ပိုမိုကျယ်ပြန့်တဲ့ ကမ္ဘာ့သာသနာတွေကို ပြုနိုင်ကြမယ် မဟုတ်လား။ ဆရာတော်ကြီးက သာသနာတွင်းမှာ နေထိုင်ကြတဲ့သူတွေကို အသွင်သဏ္ဌာန်ရော အနှစ်သာရပါ စွယ်စုံပြည့်ဝတဲ့ သာသနာ့ဝန်ထမ်းတွေ၊ သာသနာပိုင်တွေဖြစ်စေလိုတာပါ။

တစ်ကိုယ်ရေသာသနာပြည့်စုံသူတွေအနေနဲ့ လက်လှန်းမီသာသနာလို ပိုမိုကျယ်ကျယ်ပြန့်ပြန့် အလုပ်လုပ်ကြတော့မယ်ဆိုရင် အာဝါသဆိုတဲ့ နေရာထိုင်ခင်း အရိပ်ကောင်းကောင်းက လိုအပ်လာပါတယ်။ ဆရာတော်ကြီးကနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးလည်း စနစ်မကျတာ၊ သပ်ရပ်သန့်ရှင်းမှုနည်းပါးတာမျိုးကို နှစ်သက်တော်မမူပါဘူး။

စာရေးသူတို့ ရန်ကုန် သံလွင်လမ်းက ပဏ္ဍိတာရာမကို စရောက်တော့ ပဏ္ဍိတာရာမက အခြေကျစလို့ ပြောရမည့်အချိန်။ ဓမ္မာရုံတွေ၊ ဆွမ်းစားကျောင်းဆောင်အသစ်တွေ၊ အမျိုးသမီးယောဂီဆောင်တွေ၊ ဆရာတော်ကြီးနဲ့ နာယကစံကျောင်းတွေ မရှိသေးပေမယ့် ယောဂီ ခုနယ်ဆယ်ရှစ်ဆယ်ခန့် အမြဲတမ်းတရားထိုင်နိုင်လောက်အောင်တော့ နေရာထိုင်ခင်း ပြည့်စုံနေပြီ။ အကောင်းစားကြီးတွေ မဟုတ်တောင် သန့်သန့်ရှင်းရှင်းနဲ့ တရားရှုမှတ်ဖို့ သပ္ပါယဖြစ်လောက်တဲ့အနေထိတော့ ပြည့်စုံနေပြီ။

မကြာလှတဲ့ နှစ်ပိုင်းအတွင်းမှာပဲ ကျောင်းဆောင်အသစ်အသစ်တွေ အလျိုအလျိုပေါ်လာခဲ့တယ်။ နေရာကျဉ်းကျဉ်းမှာ ကျောင်းဆောင်တွေများလာတော့ လူနေဖို့နေရာများလာပေမယ့် စင်္ကြန် လျောက်ဖို့၊ လေကောင်းလေသန့်ရဖို့၊ စိတ်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ဆိုတဲ့ဖက်မှာတော့ လျော့လာ တယ်။ နောက်ပြီးတိုးတက်လာတဲ့မြို့ပြရဲ့ အငွေ့အသက်ကလည်း ရွှေတောင်ကုန်းလိုရိပ်သာတွေအထိ ကူးစက်လာတယ်။ ဟိုအချိန်က အလွန်တိတ်ဆိတ်ငြိမ်သက်ခဲ့တဲ့ ရွှေတောင်ကြားလို၊ သံလွင်လမ်းလို နေရာတွေလည်း တိတ်ဆိတ်ငြိမ်သက်မှုက တဖြေးဖြေးနည်းပါးလာတယ်။ ကိုယ်တွေရောက်ခါစက ရွှေတောင်ကုန်းနဲ့ ကိုယ်တွေထွက်ခွါလာချိန် ရွှေတောင်ကုန်းပတ်ဝန်းကျင်သည်ပင် လုံးဝ မတူတော့။

အကြောင်းတစ်ခုကြောင့် တက္ကသိုလ်ရိပ်သာလမ်းကို နှစ်ပေါင်းအတော်ကြာပိတ်ဆို့ထားလေတော့ ကိုယ်ပိုင်ကားတွေပါမက တက္ကသိုလ်ရိပ်သာလမ်းပေါ်မှာ ပြေးဆွဲတဲ့အချို့လိုင်းကားတွေသည်ပင်လျင် ရွှေတောင်ကုန်းရိပ်သာဘေးက သံလွင်လမ်းသွယ်ကြားရောက်လာကြတယ်။ ဒီတော့လည်း ကားသံ လူသံက ရပ်သွားတယ်မရှိ။ တချိန်က တိတ်ဆိတ်ငြိမ်သက်ခဲ့တဲ့ပတ်ဝန်းကျင်က ခုတော့ ဆူဆူညံညံ။ တစ်ချိန်က ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့တဲ့နေရာက ခုတော့ ကျဉ်းကျဉ်းကျတ်ကျတ်။

နိုင်ငံတကာကိုရောက်ရှိပြီးတရားပြတော်မူနေတဲ့ဆရာတော်ကြီးအဖို့ ပြည်ပရှိတရားရိပ်သာများရဲ့ တိတ်ဆိတ်ခြင်း အနေအထားကို သိရှိပေလိမ့်မယ်။ နောက်ပြီးလည်း ပြည်ပယောဂီများရဲ့ တိတ်ဆိတ်ငြိမ်သက်ခြင်းအပေါ် အလေးထားမှု၊ နှစ်သက်မှုကိုလည်း သဘောပေါက်ပေလိမ့်မယ်။ အထူးသဖြင့်တော့ သန့်ရှင်းသန့်ရပ်မှု၊ စည်းစနစ်ကျနမှုနဲ့ တိတ်ဆိတ်ငြိမ်သက်မှုကို အလွန်နှစ်သက် တော်မူတဲ့ ဆရာတော်ဘုရားကြီးအနေနဲ့လည်း လက်ရှိရန်ကုန်ရွှေတောင်ကုန်းရိပ်သာရဲ့ ပတ်ဝန်းကျင်အနေအထားပေါ်မှာ ကျေနပ်အားရမှု နည်းကောင်းနည်းနေပေလိမ့်မယ်။ ဒီထက်ပိုမိုပြီး ကျယ်ပြန့်တဲ့၊ တိတ်ဆိတ်ငြိမ်သက်တဲ့၊ ယောဂီတွေတရားရှုမှတ်ရာမှာ ပိုမိုကောင်းမွန်တဲ့အထောက် အကူဖြစ်စေမယ့် ရိပ်သာတစ်ခုတည်ထောင်ဖို့ကို တွန်းအားပေးခဲ့တာဖြစ်ပေလိမ့်မယ်။

ဒါကြောင့်လည်း လူသူဝေးပြီး ကျယ်ပြန့်တိတ်ဆိတ်တဲ့ ပဲခူးဆယ်မိုင်ကုန်းလိုနေရာမှာ ပဏ္ဍိတာရာမတောစခန်းရိပ်သာကိုတည်ထောင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပေလိမ့်မယ်။ တကယ်တော့ တောစခန်းရိပ်သာစတင်တည်ထောင်စက ရိပ်သာနေရာက တကယ့်တောရိုင်းလွင်ပြင်။ လမ်းပန်း အဆက်အသွယ်ကလည်း ကောင်းလှတဲ့နေရာမဟုတ်။ ရေမီးကလည်း မရှိ။ သာမန်သူတွေ အဖို့ဆိုရင်တော့ ဒီလိုနေရာမျိုးမှာ နိုင်ငံတကာနဲ့ဆက်ဆံပြီး တရားဘာဝနာပြသတဲ့လုပ်ငန်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ စဉ်းစားမယ် မဟုတ်။ ဒီထက်ပိုမိုပြီး လမ်းပန်းအဆက်အသွယ်၊ ရေမီးစသည်ပြည့်စုံတဲ့နေရာမျိုးကိုသာ ရွေးချယ်ပေလိမ့်မယ်။

သို့ပေမယ့်လည်း နေရာဒေသဆိုတာက အဲဒီနေရာဒေသကို အမှီပြုနေထိုင်တဲ့ သူတွေရဲ့ အရည်အချင်းနဲ့ အရည်အသွေးပေါ်မှာ မှီတည်ပြီး ပြောင်းလဲတတ်ရိုး မဟုတ်လား။
ဂါမေ ဝါ ယဒိ ဝါရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတၳ အရဟေႏၲာ ဝိဟရႏၲိ၊ တံ ဘူမိရာမေဏယ်ကံ။ (ဓမၼပဒ)
ရွာ၌ဖြစ်စေ၊ တော၌ဖြစ်စေ၊ နိမ့်ရာ၌ဖြစ်စေ၊ ကုန်းမြင့်၌ဖြစ်စေ ရဟန္တာပုဂ္ဂိုလ်တို့သည် နေကုန်၏။ ထိုပုဂ္ဂိုလ်တို့နေရာ မြေအရပ်သည် မွေ့လျော်ဖွယ်ရှိ၏။ ထိုနေရာမျိုးဟာ နေရာကောင်းရယ်လို့ မြတ်ဗုဒ္ဓကလည်း မိန့်တော်မူတယ်။

ဆယ်မိုင်ကုန်းတောစခန်းရိပ်သာဆိုတာလည်း လူသူမနီး လမ်းပန်းအဆက်အသွယ်မကောင်းတဲ့ နေရာဒေသ။ သို့ပေမယ့်လည်း ပညာရှိသူတော်ကောင်းတွေ မွေ့လျော်တဲ့နေရာမျိုးဆိုတာ နေရာဒေသကောင်းလို့ ဆိုရသလို ပဲခူး ဆယ်မိုင်ကုန်းရှိ ပဏ္ဍိတာရာမရွှေတောင်ကုန်းသာသနာ့ရိပ်သာ တောစခန်းရိပ်သာဆိုရင်လည်း မျက်စိအောက်သုံးလေးနှစ်အတွင်းမှာပင်လျင် အလွန်နေပျော်ဖွ ယ်ကောင်းတဲ့ နေရာဒေသတစ်ခုဖြစ်လာပါတယ်။ ဆိတ်ငြိမ်မှုကို သဘောကျတဲ့ ယောဂီတွေရဲ့ လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်တဲ့နေရာတစ်ခုဖြစ်လာတယ်။ ကိလေသာငြိမ်းကြောင်း အကျင့် ကောင်းတွေကို ကျင့်ကြံနေကြတဲ့ ယောဂီသူတော်စဉ်တို့ရဲ့ နေရာဖြစ်လာတယ်။ တချိန်က အရိုင်း လွင်ပြင်နေရာက ခုတော့ စိတ်ရိုင်းတွေပြင်ဆင်ဖို့ကြိုးစားနေကြတဲ့ သူတော်ကောင်းတွေရဲ့နေရာ ဖြစ်လာတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေ ချမ်းချမ်းသာသာ နေထိုင်နိုင်တဲ့ တစ်ဦးနေ နှစ်ဦးနေ ယောဂီကျောင်း ဆောင်တွေ၊ ဆွမ်းစားကျောင်းတွေ၊ ဓမ္မာရုံကြီးတွေ၊ ရေကန်ကြီးတွေနဲ့ တံတားတွေ၊ စိမ်းလန်းစိုပြည် တဲ့ သစ်သီးပန်းအရာမ်ဥယျာဉ်တွေနဲ့ ဝေဆာလှပလာတယ်။ အလွန်တိတ်ဆိတ်ပြီး စိတ်ညွတ်နူးဖွယ် ကောင်းလှတဲ့ နေရာမျိုးမှာ ငြိမ်သက်သောဣနြေ္ဒကိုယ်စီနဲ့ စင်္ကြန်လျှောက်ကာ တရားဘာဝနာရှုမှတ် ပွားများနေကြတဲ့ နိုင်ငံစုံက ရဟန်း၊ အမျိုးသား အမျိုးသမီး အရွယ်စုံယောဂီတွေကို မြင်ရတွေ့ရတဲ့ ကြည်နူးဝမ်းသာမှုမျိုးဟာ ဘယ်အရာနဲ့မှ အစားထိုးမရနိုင်တဲ့ မြင်ကွင်းမျိုးဖြစ်သလို တွေးလိုက်တိုင်း ပီတိလှိုင်းတို့ဖြစ်စေတဲ့ မြင်ကွင်းမျိုးပါ။ ခုဆိုရင်ဖြင့် အမြဲတမ်း တရားအားထုတ်ကြတဲ့ ပြည်တွင်းပြည်ပ ယောဂီတွေနဲ့ နှစ်စဉ်နှစ်ဦးပိုင်းများမှာ ပြည်ပယောဂီများအတွက် ရက်ရှည်အထူးတရားစခန်းများလည်း အမြဲပြုလုပ်နေကြောင်းကြားရတယ်။

တကယ်တော့ ယောဂီသူတော်စဉ်တွေအတွက် ဒီလိုအမှီကောင်းအရိပ်ကောင်းတဲ့ တောစခန်းရိပ်သာ ကြီးတစ်ခုမှာ အေးချမ်းစွာတရားဘာဝနာပွားများခွင့်ရခြင်းဆိုတာ ဒီအရိပ်ကောင်းကို မေတ္တာ ကရုဏာ ကြီးမားစွာနဲ့ ဖန်ဆင်းတည်ဆောက်တော်မူတဲ့ ပဏ္ဍိတာရာမရွှေတောင် ကုန်းဆရာတော်ကြီးဆိုတဲ့ အရိပ်စစ်စစ်ကြောင့်သာပါ။

ခုဆိုရင်ဖြင့် ပဏ္ဍိတာရာမတောစခန်းရိပ်သာဟာ (၂၅) နှစ်တာသက်တမ်းရှိခဲ့ပြီတဲ့။ နှစ်တွေက ဘာမှ မကြာလိုက်သလို။ ဟိုယခင် ရိပ်သာကို စတင်တည်ထောင်ပြီး သုံးလေးနှစ်အချိန်ကာလဆီ မြင်ခဲ့ရ တဲ့မြင်ကွင်းသည်ပင် အလွန်ကြည်နူးမှုဖြစ်ခဲ့ရတာမို့ ခုဆိုရင်ဖြင့် ဇရပ်တန်ဆောင်း ကျောင်းနဲ့ဥယျာဉ် စိမ်းလဲ့ကြည်လင်တဲ့ ကန်ရေပြင် တသွင်စီးဆင်းနေတဲ့စမ်းချောင်းတွေနဲ့ ငြိမ်းချမ်းသာယာလှတဲ့ ဒီနေရာမှာ ပြည်တွင်းပြည်ပ ယောဂီတွေနဲ့ စည်ကားသိုက်မြိုက်ပြီး အရာရာပြည့်စုံနေမယ့် မြင်ကွင်းမျိုး ဟာ ဘယ်လောက်များတောင် ကြည်နူးမှုပုံရိပ်အသွင်တွေနဲ့ ပြည့်နေမလဲရယ်လို့ အဝေးကနေတွေးလို့ ကြည်နူးစိတ်တွေဖြစ်နေမိရတယ်။

မကြာလှတဲ့ တချိန်ချိန်မှာ ဒီနေရာဒီဒေသကို ပြည်လည်အရောက်သွားကာ ပတ်ဝန်းကျင်ရဲ့ ငြိမ်းချမ်းမှု ကို အမှီယူပြီး စိတ်နှလုံးရဲ့ ငြိမ်းအေးမှုတစ်ခုကို အရယူဦးမယ်လို့လည်း စိတ်ကူးဖြစ်မိတယ်။

သို့ပေမယ့် ဟိုစဉ်အခါများကလို အလွန်ကြီးမားပြီး လုံခြုံအေးချမ်းမှုကို ပေးစွမ်းနိုင်တဲ့ ခန့်ခန့်ထည်ထည် အရိပ်ကောင်းလှတဲ့ သစ်ပင်ကြီးတစ်ပင်ကိုတော့ဖြင့် ပဏ္ဍိတာရာမတောစခန်းရိပ်သာထဲမှာ ဘယ်လိုမှ ရှာဖွေလို့ တွေ့နိုင်တော့မယ် မဟုတ်ပေဘူးရယ်လို့လည်း ဝမ်းနည်းစွာတွေးနေမိတယ်။ ။
ဆရာတော်ကြီးဂုဏ်ကို အာရုံပြုလျက်

No comments:

Post a Comment