Wednesday, June 3, 2015

ယူထ - အလှတို့ ဆုံစည်းရာ


 အရှင်ဥာဏိကာဘိဝံသ
မုဒိတာရွှေကျောင်း

Arches National Park က အမေရိကန်အနောက်ပိုင်း၊ ယူးထပြည်နယ် Moab ဆိုတဲ့မြို့လေးရဲ့ အနားမှာ။ ဒီမြို့လေးဟာ နီတျာတျာ တောင်တန်းတွေကြားက အမေရိကန်တောသဘာဝ မြို့ငယ်လေးတစ်မြို့သာ။ Arches နဲ့ နီတျာတျာ ကျောက်စိုင်ကျောက်သား သဘာဝအလှတရား တွေသာမရှိရင် သာမန်သူတွေအဖို့ ဒီမြို့လေးဆီရောက်ဖို့ဆိုတာ ဖြစ်နိုင်ချေနည်းပါမှာပါ။ ခုတော့ သဘာဝကလက်ဆောင်ပေးထားတဲ့ Arches နဲ့ အလှများကိုပိုင်ဆိုင်ခွင့်ရလေသမို့ ခရီးသွားတွေနဲ့ စည်ကားသာယာနေတဲ့မြို့လေးတစ်မြို့ ဖြစ်နေတယ်။ မြို့ရဲ့အလယ်တည့်တည့် ကိုလည်းဖြတ်၊ မြို့လေးရဲ့ အဓိက လမ်းမကြီးလည်းဖြစ်တဲ့ အမှတ် ၁၉၁ ဟိုက်ဝေးလမ်း ဝဲယာ တစ်လျောက် တည်းခိုခန်းငယ်တွေက အစီအရီ။ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေဟာ 
တစ်ချိန် က ကမ္ဘာ့ယူရေနီယံမြို့တော်လို့ တင်စားခဲ့ကြတဲ့ ဒီမြို့လေးရဲ့ အဓိကဝင်ငွေ ဖြစ်နေပြီထင်ပါရဲ့။




မြို့လေးရဲ့ ခရီးသွားကြော်ငြာတစ်ခုမှာတော့ “တောင်တက်ချင်သလား၊ ခရီးကြမ်းကြမ်း ကုန်း မော့မော့မှာ လမ်းလျှောက်လိုသလား၊ လေဘီးယက်ကားကြမ်းကြမ်းနဲ့ လမ်းကြမ်း ကျောက် ကြမ်း ခရီးကြမ်းမှာ စွန့်စွန့်စားစား ခပ်ရမ်းရမ်း ခပ်မိုက်မိုက် ကားမောင်းလိုသလား၊ ဒီအရာ တွေအား လုံးကို Moab က ပေးစွမ်းနိုင်ပါတယ်”တဲ့။ ဒါကြောင့် ဒီမြို့လေးက ဂျစ်ကားသမား တွေ၊ (4 wheels drivers) ဖိုးဝီးလ်ကားမောင်းသမားများရဲ့ ဦးတည်ရာနေရာဖြစ်သလို ကျောက်တောင်တွေပေါ် စွန့်စွန့်စားစား စက်ဘီးစီးလိုသူတွေရဲ့ သွားလိုပျော်မွေ့ရာတစ်နေရာ လည်း ဖြစ်နေပါတယ်။


ဒါတွင်မက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ရုပ်ရှင်တွေထဲမှာ မကြာမကြာတွေ့ရတတ်တဲ့ သက်တန့်လို ကျောက်နီနီကုန်းကြီးများ(Arches) ရဲ့အလှကို ကိုယ်တိုင်ကြည့်ုချင်လို့ ရောက်လာကြတဲ့ ကိုယ် လို သာမန်ခရီးသွားတွေလည်း အမြောက်အများရှိကြပေလိမ့်မယ်။ တကယ်တော့ Moab ဆို တဲ့ ဒီတောမြို့ငယ်လေးရဲ့ ဝန်းကျင်တခိုမှာက ဆန္ဒအမျိုးမျိုးနဲ့လူသားတွေအတွက် သူတို့ဆန္ဒကို ပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်တဲ့ သဘာဝအလှတရားတွေက မြောက်များစွာသာပါလေ။


ကိုယ်ကတော့ ကျောက်ကြားလမ်းကြမ်း ခရီးကြမ်းမှာ ဂျစ်ကားကြမ်းကြမ်းကို တရကြမ်း မောင်း ရဲလောက်အောင်လည်း သတ္တိက မကောင်း။ မတော်လျင် တောင်စွန်းကျောက်စွန်း ဂမူစွန်းက နေ ပြုတ်ကျကာ ကျွမ်းထိုးပက်လက် အသက်ထွက်နိုင်တည့် စက်ဘီးမျိုးလည်း စီးဝံ့သူ၊ စီး တတ်သူ မဟုတ်။ ကျောပိုးအိပ်တစ်လုံး ကျောမှာချိတ်၊ တောင်တက် တောင်ဝှေးတစ်ချောင်း လက်မှာဆွဲပြီး မလျော့သောဇွဲနဲ့ ခရီးခဲကိုလျှောက်နိုင်လောက်အောင် ဇွဲလုံ့လရှိသူလည်း မဟုတ်လို့ Arches အမျိုးသားဥယျာဉ်ကြီးရဲ့ သဘာဝအလှတရားများကို တဝခံစားကြည့်ရှုတဲ့ သာမန်ခရီးသွားတစ်ဦးသာဖြစ်ခဲ့တယ်။


တကယ်တော့ ဒီနေရာ ဒီဒေသကိုရောက်ဖူးတာ၊ ဒါ ပထမအကြိမ်သာဖြစ်တယ်။ ဒါပေမယ့် ဒီဒေသမှာ တွေ့ရတဲ့ရှုခင်းများကတော့ သိပ်မစိမ်းလှပါဘူး။

ကျောက်နီတောင်တန်းကြီးတွေကြားမှာ ဖုံတထောင်းထောင်းနဲ့ ကားကြမ်းကြမ်းကြီးတွေကို တရကြမ်းမောင်းနှင်သွားတတ်ကြတာ။ တိုက်ပျက်လိုလို၊ ဘုရားစေတီဟောင်းကြီးတွေလိုလို၊ နီမောင်းမောင်း အဆောက်အဦတွေကြား မြင်းရိုင်းထွားထွားကြီးတွေစီးလို့ ဦးထုပ်ကားကား ဆောင်းထားတဲ့ မုတ်ဆိတ်ဖားလျားနဲ့ နွားကျောင်းသားရုပ်ရှင်မင်းသားကြီးတွေကို တွေ့မြင်အား ကျပြီး ဒီနေရာမျိုးတွေကို အရောက်သွားချင်ဖူးခဲ့တာ။ အရိပ်အဖြစ်၊ ပုံအဖြစ်၊ ရုပ်ရှင်အဖြစ်၊ မြင်ခဲ့ရ၊ တွေ့ခဲ့ရ၊ စိတ်ကူးယဉ်ခဲ့ရတဲ့ ဒီနေရာဟာ မရောက်ဖူးပေမယ့် စိမ်းမနေခဲ့ပါ။

ဒီနေရာကို တကယ်ရောက်တော့ တချိန်က မဖြစ်နိုင်တဲ့စိတ်ကူးအိပ်မက်ကို မက်နေတာလို့ ကိုယ့်ကိုယ်ကို ထင်ခဲ့မိတာ မှားမှန်း ဝမ်းသာစွာ နားလည်နိုင်ခဲ့တာ။

တွေ့မြင်ဖူးခဲ့တဲ့မြင်ကွင်းများထဲမှာ ကျောက်နီသက်တန့်လို ခုံးခုံးကွေးကွေး အရာတစ်ခုကတော့ စိတ်ထဲမှာ အစွဲထင်ဆုံးအရာတစ်ခုပါ။ Arches National Park ထဲက သဘာဝအလှတရား အမြောက်အများထဲက အထင်ကရ Delicate Arch ဖြစ်တယ်။ ဓာတ်ပုံတွေ၊ ဗီဒီယိုနဲ့ ရုပ်ရှင် တွေထဲမှာ အများဆုံးတွေ့မြင်ခဲ့ရတာကလည်း ဒီ Delicate Arch ပဲဖြစ်တယ်။

DiscoveryMoab ဆိုတဲ့ ဝက်ဆိုက်တစ်ခုကို ဝင်ရောက်ဖတ်ကြည့်တော့ Delicate Arch နဲ့ ပတ်သက်ပြီးခုလိုရေးထားတာကို တွေ့ရတယ်။

“ဒီနေရာကိုလာကြတဲ့သူတွေဟာ အားလုံးဓာတ်ပုံရိုက်ဖို့သက်သက်ချည်းလာကြတဲ့ ဓာတ်ပုံ သမားတွေချည်းပဲ မဟုတ်ပါဘူး။ ကမ္ဘာကျော်သမိုင်းဝင်နေရာတစ်နေရာဖြစ်တဲ့ ဒီအာ့ခ်ျနဲ့ ဒီပတ်ဝန်းကျင်မှာရှိတဲ့အလှတွေကို ခံစားကြည့်ရှုဖို့ ရောက်လာသူတွေလည်း ပါပါတယ်။ နောက်ပြီးသူတို့ထဲမှာက ဒီကမ္ဘာကျော်အထိမ်းအမှတ် နေရာတစ်ခုဘေးမှာ ရောက်ခွင့်ရတယ် ဆိုတာကို ဂုဏ်ယူဝင့်ကြွားလိုသူတွေ၊ ဒီအာ့ခ်ျကိုဘေးမှာထားပြီး သူတို့ဘဝရဲ့ အထင်ကရမှတ် တမ်းတစ်ခုကို ကမ္မည်းထိုးလိုသူတွေလည်း ပါပါတယ်။

သူတို့တတွေက သူတို့ဘဝမှတ်တမ်းကို သူတို့မှာစိတ်ထဲမှာရှိတဲ့အတိုင်း ပုံဖော်ကာသရုပ် ဆောင်ကြလိမ့်မယ်။ သူတို့ဘေးမှာ သင်ရှိနေတယ်ဆိုပြီး သူတို့တွေက သင့်အတွက် အထူး တလည်နေရာပေးမယ် မဟုတ်ပါဘူး။ ဒါကိုတော့ သင်ကနားလည်ပေးဖို့လိုပါတယ်။ အကြံပြု ချင်တာကတော့ သင်လည်းပဲ သင့်စိတ်ထဲမှာ စိတ်ကူးရှိသမျှ သရုပ်တောင်ပြသပြီး မှတ်တမ်း ဓာတ်ပုံရိုက်ယူနိုင်ဖို့ပါပဲ” တဲ့။

Delicate Arch အနီးကိုရောက်သွားတော့ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်နေကြသူတွေကြည့်ပြီး အော်ပြီးပဲ မပြီးနိုင်ကြပဲကိုးလို့ အတွေးဝင်ခဲ့တာကို ပြန်သတိရမိတယ်။ တကယ်လို့သာ Delicate Arch ကိုမရောက်မီက ဒီစာလေးကိုဖတ်မိရင် အဲဒီအတွေးမျိုး ဝင်ခဲ့မယ် မဟုတ်ပါ ဘူး။

တကယ်တော့ သူတို့တွေကိုသာ ကိုယ်က ပြီးပဲ မပြီးနိုင်ကြပဲကိုးလို့ တွေးထင်ခဲ့တာ။ ကိုယ် ကိုယ်တိုင်လည်း သူတို့တွေနဲ့ ထူးမခြားနားပါပဲ။ တကယ်လို့သာ Delicate  Arch ကိုနောက် ခံထားပြီး မှတ်တမ်းဓာတ်ပုံရိုက်ဖို့နေရာ ကျဉ်းကျဉ်းလေးသာရှိမယ်ဆိုရင်ဖြင့် ဓာတ်ပုံရိုက်ဖို့ တန်းစီစောင့်ရတဲ့လူတန်းက တိုလှမယ် မဟုတ်ပါဘူး။ မှတ်တမ်းတင်စရာနေရာက တော် တော်များလို့သာ နေရာမစောင့်ခဲ့ရတာ။ ဒီအတွက်လည်း ကျေးဇူးပါ Delicate Arch ရာပေါ့။


အထက်ကစာကို ရေးထားတဲ့ တာဝန်ရှိသူတွေကတော့  ခရီးသွားသူတွေနဲ့ အထာကိုသိထား လို့ ခုလိုမှတ်တမ်းရေးထားတာပဲဖြစ်မယ်။ အော် တွေ့ကြုံရတာများတော့လည်း အတွေ့အကြုံ က စကားပြောတာဖြစ်ပေမပေါ့လေ။

ကိုယ့်မျက်စိထဲမှာတော့ Delicate Arch က အနီရောင်သက်တန့်တစ်ခုလို၊ ဒီဇိုင်းလှလှ ဖန်တီး ထားတဲ့ တံခါးပေါက် ခုံးခုံးကြီး တစ်ခုလိုသာ။ ဒါပေမယ့် ကောင်းဘွိုင်ဘောင်းဘီကို မြင်နေကျ သူတွေမို့ ဒေသသားတွေကတော့  Delicate Arch ကို ကောင်းဘွိုင်ဘောင်းဘီနဲ့ ခိုင်းနှိုင်းကြ တယ်။

Delicate Arch က သဘာဝအတိုင်း ဖြစ်တည်နေတဲ့ သမိုင်းဝင်အလှတစ်ခုဖြစ်တယ်။ ဒါကြောင့် နှစ်ရှည်ကြာအောင် တည်တန့်ဖို့ ဘယ်လိုထိန်းသိမ်းကြမလဲလို့ အကြိမ်ကြိမ်ဆွေးနွေး နည်းလမ်းရှာခဲ့ကြပေမယ့် ခုချိန်ထိတော့ တူညီတဲ့အဖြေကို မရနိုင်ခဲ့ကြသေးဘူး။

လက်ရှိအတိုင်း မပျက်စီးပဲကြာရှည်ခံအောင် ပလပ်စတစ်ကုတ်တင်းလုပ်ဖို့ ပညာရှင်တစ် ယောက်က အဆိုပြုခဲ့တာကို စဉ်းစားခဲ့ကြဖူးတယ်။ ဒါမေယ့် အဲဒီလိုလုပ်ရင် သဘာဝအလှ ဆိုတဲ့ အဖိုးတန်ရသ ပျက်စီးသွားမှာဆိုပြီး ကန့်ကွက်ခဲ့ကြလို့ အဲဒီအကြံလည်း မအောင်မြင်ခဲ့ ပါဘူး။ ကြာရှည်ခံတည်မှုနဲ့ သဘာဝကျကျလှပမှုကို ထိန်းသိမ်းလိုသူတွေအကြား ခုထိတော့ သဘာဝအလှထိန်းသိမ်းလိုသူတွေက အသာစီးရနေဆဲပေါ့။ ချောက်ကမ္ဘားအစွန်ဖျားမှာ မိုးဒဏ်လေဒဏ်နှင်းကြမ်းဒဏ်ကို Delicate Arch က ဘယ်လောက်တောင်ခံနိုင်မလဲဆိုတာ ကတော့ ဘယ်သူမှ မသိနိုင်တဲ့အရာပါပဲ။

ဒီကမ္ဘာမြေပေါ်မှာရှိနေတဲ့ သဘာဝတရားတွေရဲ့ လှပမှုတွေက အံ့သြဖွယ်ရာပါ။ လူတွေရဲ့စွမ်း ပကားကြောင့် သဘာဝတရားတွေကို အတူပြုပြီး အတုလုပ်ကာ ဖန်တီးကြပေမယ့် သဘာဝ တရားတွေရဲ့ တကယ့်လှပမှုတွေကို မှီနိုင်ဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့အရာပါ။

ပုံထဲမှာ၊ ရုပ်ရှင်တွေထဲမှာတွေ့ခဲ့ရစဉ်က Arches ဆိုတာ ဒီမျှလောက်ကြီးမားခန့်ထည်တဲ့အရာ၊ အံ့သြဖွယ်အလှတရားတွေနဲ့ ပြည့်လျှမ်းနေတဲ့နေရာရယ်လို့ ထင်မှတ်မထားခဲ့ပါဘူး။


တကယ်တော့ လူသားတွေရဲ့စွမ်းပကားဆိုတာ တကယ့်သဘာဝအလှတရားတွေ အတုလုပ်ဖို့ မပြောပါနဲ့ သဘာဝအတိုင်းရှိနေတဲ့အရာများကိုပင်လျင် အရှိအတိုင်းမှတ်မျှတမ်းတင်နိုင်ဖို့ပင် လျင် မစွမ်းကြသေးဘူးဆိုတာ Arches  National Park ရဲ့ အလှတရားတွေကို မျက်စိနဲ့ကိုယ် တိုင်မြင်တွေ့လိုက်ရခြင်းက သက်သေပြလိုက်သလိုပါပဲ။

မြင့်မားပြီး ပါးလျတဲ့ ကျောက်နံရံကြီးတွေ လေမှာထောင်နေပုံက ကျွမ်းကျင်ပြီးအနုပညာ မြောက်တဲ့ ဒီဇိုင်းပညာရှင်တစ်ဦးက အနီရောင်စက္ကူချိုးပုံစံတွေကို စားပွဲတစ်လုံးပေါ်မှာ စိတ် တိုင်းကျ တင်ထောင်ထားသလို။ ဒါပေမယ့် ဘယ်လောက်ကျွမ်းကျင်တဲ့ ဒီဇိုင်းပညာရှင်တစ် ယောက်တလေမှ ခုလိုကျောက်စိုင်ကျောက်သားများရဲ့ ပကတိအလှနဲ့ အံ့မခန်းဖွယ်ဖြစ်တည် နေဟန်ကို အတုပြုလုပ်နိုင်လေမယ် မဟုတ်ပါဘူး။ လေထဲမှာ ထောင်နေလေတဲ့ ကျောက်တုံး ကျောင်စိုင် ကျောက်ခိုင်ကျောက်ချပ်များက လေထန်ထန်တစ်ချက် မွေ့လိုက်ရင်ကိုပဲ ကျောက် သားနံရံကြီးတွေက လေထဲပျံဝဲသွားတော့မည့်ဟန်။

မြင်ရဟန် ခန့်ထည်သလောက် တည်နေပုံက နွဲ့နွဲ့သွဲ့သွဲ့။ နောက်ပြီးဒီကျောက်နံရံကြီးတွေက အောက်ခြေကျောက်သားလွှာနဲ့က တဆက်တည်းမဟုတ်။ အထက်အောက်မဆက်ပဲ ပြတ် နေတဲ့အက်ကြောင်းကြီးများက ထင်ထင်ရှားရှား။

ဒါတင်လားဆိုတော့ ဘယ်ဟုတ်လိမ့်မလဲ။ ကျောက်နံရံကြီးတွေရဲ့ထိပ်ဖျားဆီမှာလည်း ကျောက်ပြားပေါ် ကျောက်သားတွေအဆင့်ဆင့်ထပ်လို့။ အချို့အချို့ကျောက်တုံးများဆိုရင် အောက်ခြေကျောက်သားနဲ့ ထိပ်ဖျားမှာတည်နေတဲ့ကျောက်က အရွယ်အစား မမျှမတ။ အောက်ခြေက သေးသေး။ ထိပ်ဖျားက ကြီးကြီး။ အချို့က ထီး၊ အချို့က ဦးချို၊ အချိုကြပြန် တော့ မှိုသဏ္ဍာန်။ တောင်ထိပ်မှာ လဲလျောင်းနေတဲ့ လူပုံနှယ်တစ်မျိုး။ ကမ်းခြေမှာ တန်းစီကာရပ်နေတဲ့ ပင်ဂွင်းငှက်တွေလိုလို၊ ကျောက်စိုင်များကိုလည်းတွေ့ရတယ်။

Arches National Park ထဲ ရောက်ရတဲ့ခံစားမှုက ခေတ်မီနည်းပညာများနဲ့ဖန်တီးထားတဲ့ အံ့သြစရာအလွန်ကောင်းပြီး စိတ်ကူးယဉ်ဆန်ဆန် ခမ်းခမ်းနားနား ရုပ်ရှင်ကားကြီးထဲမှာ ကိုယ်တိုင်လိုက်ပါစီးမျောနေသလို ဖြစ်စေတယ်။

ကိုယ်ရောက်သွားတဲ့နေ့က နေသာတဲ့နေ့။ နေရောင်ပြင်းပြင်းအောက်ဆိုတော့ မြင်ရတဲ့မြင် ကွင်းကတော့ ရှင်းရှင်းလင်းလင်း။ ဒါပေမယ့် ဒီနီညိုရင့်ကျောက်တောင်ကျောက်စွယ်တွေ၊ အံ့မခန်း အဆန်းတကြယ်ဖြစ်နေတဲ့ သဘာဝအလှတရားတွေကို မှိုင်းပျပျ မိုးကောင်းကင် အောက်မှာသာ တွေ့မြင်ရရင် တစ်မျိုးတဖုံ ခံစားရလိမ့်မယ်လို့ တွေးခဲ့မိတယ်။

Arches National Park ရဲ့ ထူးခြားတဲ့အလှက ပြောလို့ကုန်နိုင်မယ် မဟုတ်ပါဘူး။ တကယ် တော့ တောင်တန်းတွေဝန်းရံဝိုင်းနေတဲ့ တောင်တံတိုင်းတွေကြားမှာ ကြိုက်တဲ့ဖက်ဆီ မျက် နှာလှည့်လိုက်ပါက တောင်တံတိုင်းနောက်ခံနဲ့ အပြိုင်းအရိုင်းလှချင်တိုင်းလှနေတဲ့ ထူးဆန်း အံ့သြဖွယ် အလှသစ်တစ်ခုကို တွေ့ရမှာပါ။ ဒါသည်ကပင် Arches ရဲ့ထူးခြားတဲ့သင်္ကေတ တစ်ခုသာပါ။

အကြောင်းသင့်လို့ အချိန်ရမယ်ဆိုရင်ဖြင့် မိုးသားတိမ်လိပ်တွေအောက်မှာ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ်၊ အံ့သြဖွယ်၊ လွမ်းမောဖွယ်၊ ရသပေါင်းစုံကို တပြိုင်တည်းပေးစွမ်းနိုင်မယ့် Arches National Park ဆီကို နောက်တစ်ခေါက် အရောက်သွားချင်ပါသေးတယ်။

အံ့သြဖွယ် သဘာဝအလှတရားများရဲ့ ဖမ်းစားတဲ့ရသမျိုးစုံကို တစ်နေရာတည်း၊ တစ်ပြိုင် တည်းမှာ ကိုယ့်လိုပဲ ခံစားလိုတယ်ဆိုရင်ဖြင့် အတူသွားဖို့ စာရင်းပေးထားပေါ့။ ။




No comments:

Post a Comment