Friday, February 7, 2014

သွားတွေစုံတုန်း ပြုံးထားလိုက်ပါ


အများအကျိုး၊ သယ်ပိုးပါရ၊
ဤပုညကြောင့်၊ အများ၏သာ၊
ကြီးပွားရာကို၊ ဘ၀ထိုထို၊
ပြီးစေလို၏ . . .

ဝုတ္တောဒယဆိုတဲ့ ဆန်းကျမ်းကို ပြုစုတော်မူခဲ့တဲ့ သံဃရက္ခိတမဟာသာမိ အရှင်သူမြတ်ရဲ့ ဆုတောင်း စကားလေးပါ။ မူရင်းက-

ပရတ္ထ သမ္ပာဒနတော ၊ ပုညေနာဓိဂတေန ဟံ။
ပရတ္ထ သမ္ပာဒနကော ၊ ဘဝေယျံ ဇာတိ ဇာတိယံ။ ။ -တဲ့။

အဟံ = ငါသည်၊ ပရတ္ထသမ္ပဒနတော = သူတစ်ပါးတို့၏အကျိုးစီးပွားဖြစ်သော ၀ုတ္တောဒယအမည်ရှိ သော ဆန်းကျမ်းကို ပြီးစေသောကြောင့်၊ အဓိဂတေန = ရအပ်သော၊ ပုညေန = ကောင်းမှုကြောင့်၊ ဇာတိ ဇာတိယံ = ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀၌၊ ပရတ္ထသမ္ပာဒနတော = သူတစ်ပါးတို့၏အကျိုးစီးပွား ကို ပြီးစေနိုင်သည်၊ ဘဝေယျံ = ဖြစ်ရပါလို၏။

ကိုယ်ကျိုးစီးပွား အလေးထားတတ်ကြတဲ့ သာမန်လူများကြားမှာ ကိုယ့်အကျိုးစီးပွားကို ငဲ့ကွက်မှုမရှိတဲ့ ဆန်းကျမ်းဆရာတော်ရဲ့ စိတ်ထားက လေးစာအားကျစရာပါ။ မြတ်နိုးဖွယ်သူ့စကားက ရင်မှာငြိစေတာမို့ “အရာရာမှာ အများအတွက်သာရယ်လို့ အမြဲသဘောမထားနိုင်ကြသည့်တိုင်အောင်  အများစုက အများအကျိုးအတွက်သာဆိုတဲ့ ဒီသဘောမျိုး တခါခါမှာသာပဲ ထားနိုင်ရင်ကိုပဲ လောကကြီးက သာ တောင့် သာယာဖြစ်လေမှာပဲ” ရယ်လို့ တွေးမိခဲ့ဖူးပါတယ်။


မကြာမီက မိတ်ဆွေဆရာတော်တစ်ပါးကို သွားဆေးခန်းလိုက်ပို့ဖြစ်တော့ ဆေးခန်းမှာ ထိုင်စောင့်နေ ရင်း ဟိုဟိုဒီဒီ စဉ်းစားမိတယ်။ ကိုယ်တိုင်လည်းပဲ သွားဒုက္ခပေးလို့ မကြာခဏ သွားဆေးခန်းရောက်ရ တဲ့အကြောင်းနဲ့ ကျိုးသွားလို့ အစားထိုးခဲ့ရတဲ့ သွားတစ်ချောင်းအကြောင်းလည်းပါတယ်။ အမာတွေ ၀ါး မိလို့ နာတတ်တဲ့သွားတွေ၊ မမာပေမယ့် နာစေတတ်တာတွေ ၀ါးမိလို့ မမာနိုင်တော့တဲ့ သွားတွေ၊ အမာ မဖက်၊ အနာမစွက်ပေမယ့် ဇရာလက်ချက် သက်သက်ကြောင့် ဇီဝိန်ကြွေရတဲ့သွားတွေ …စသဖြင့် သွား တွေအကြောင်း စဉ်းစားနေမိပါတယ်။

ကြော်ငြာအဖြစ် သွားဆေးခန်းနံရံမှာချိတ်ဆွဲထားတဲ့ ပြုံးနေတဲ့ပုံက သွားတွေစုံတုန်း ပြုံးထားလိုက်ပါလို့ ပြောပြနေသလို ခံစားမိတယ်။ ငယ်ရွယ်စဉ်က ခိုင်မာသန်စွမ်းခဲ့တဲ့သွားတွေက ခုတော့ အားနည်းချည့်နဲ့ လို့လာပြီ။ သွားတွေတွင်လားဆိုတော့ ဘယ်ဟုတ်ပါ့မလဲ။ ကိုယ့်ကိုယ်မှာရှိတဲ့ အရာအားလုံးက သွား တွေလိုပဲပေါ့။ ခိုင်မာမှုတွေအစား မခိုင်မာမှုတွေ၊ နုပျိုမှုတွေအစား ရင့်ရော်မှုတွေ၊ တောက်ပမှုတွေအစား မှေးမှိန်မှုတွေ၊ လန်းဆန်းမှုတွေအစား နွမ်းလျမှုတွေ။ အရာအားလုံးနီးပါးက အကျဖက်ဆီ၊ ယုတ်လျော့မှု ဖက်ဆီသို့သာ။ အချိန်ရဲ့တိုက်စားမှုက ကိုယ်မှာ ဒဏ်ရာအနာတရများစွာ။

ပျောက်ဆုံးသွားတဲ့အချိန်ဆိုတာ ပြန်ရှာလို့ မရနိုင်တဲ့အရာလေ။ အနာဂတ်မှာ ပျော်ရွှင်မှုရနိုင်တဲ့သူတွေ ဟာ ပစ္စုပန်မှာ သူတို့ပိုင်ဆိုင်တဲ့ အချိန်တွေကို မဖြုန်းတီးတတ်ကြတဲ့သူတွေဖြစ်တယ်။ သဘာဝက ပေး ထားတဲ့အရာတွေဟာ အမြဲရှိမနေဘူး။ဒီတော့ ကိုယ့်ဆီမှာရှိနေခိုက်မှာ အကျိုးရှိရှိ အသုံးချဖို့လိုပါတယ်။ သွားတွေမစုံတော့ရင် အလှလည်း မစုံတော့ဘူး။ ဘ၀ဆိုတာ သိပ်တိုတောင်းပါတယ်။ သွားတွေစုံတုန်း ပြုံးထားလိုက်ပါ။ သင့်နာမည်က သူများရဲ့ ပါးစပ်ထဲမှာ။ အဲဒီပါးစပ်မှာ သွားတွေရှိတယ်ဆိုတာ မမေ့ပါ နဲ့စတဲ့ ဖတ်ဖူးမှတ်ဖူးတဲ့ ဟိုတစ်စ ဒီတစ်စ စကားတွေက စိတ်ထဲပေါ်လာတယ်။ ဟိုဟိုဒီဒီ စဉ်းစားမိတာ တွေထဲက သွားတွေစုံတုန်း ပြုံးထားလိုက်ပါဆိုတဲ့ စကားလေးက မှတ်မှတ်သားသားဖြစ်ခဲ့တယ်။

အဲဒီကတည်းက သွားတွေစုံတုန်း ပြုံးထားလိုက်ပါဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ်ရေးမယ်လို့လည်း စိတ် ကူးမိခဲ့တာ။ တကယ်ရေးဖြစ်တဲ့အထိ မရောက်ဖြစ်ခဲ့ဖူး။ ဒီနေ့တော့ ရေးဖြစ်ဖို့ တွန်းအားပေးဖို့ အကြောင်းပေါ်လာတယ်။

လွန်ခဲ့တဲ့တစ်ပတ်က ဆုံးပါးသွားတဲ့ မခင်စန္ဒာကိုအကြောင်းပြုပြီး ညီမဖြစ်သူ မကေခိုင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသာဓုတို့မိသားစုက ရက်လည်ဆွမ်းကပ်လှူပါတယ်။ အသက်အရွယ်ကြီးရင့်သူများရဲ့ ကြွေချိန်တန် လို့ကြွေရတာမျိုးဆိုရင်တော့ ဒီစာကိုရေးဖြစ်ချင်မှ ရေးဖြစ်ဦးမှာ။ ခုတော့ ကွယ်လွန်သူ မခင်စန္ဒာက အသက်သုံးဆယ်ငါးနှစ်အရွယ်ဆိုတော့ အသက်အရွယ်က တော်တော်ငယ်ရွယ်သေးတဲ့အရွယ်။

အသက်သုံးဆယ်ငါးနှစ်ကို တော်တော်ငယ်သေးတယ်ဆိုတော့ ကလေးငယ်တွေ၊ ဆယ်ကျော်သက် တွေကတော့ ရီချင်ကောင်း ရီချင်မလားပဲပေါ့။ သို့ပေမယ့် သုံးဆယ့်ငါးနှစ်အရွယ်ကို တော်တော်ကြီး ကျော်လွန်လာတဲ့ ကိုယ့်အရွယ်အရဆို သုံးဆယ့်ငါးနှစ်ဆိုတာက တကယ့်ကိုမှ ချာတိတ်သာသာ အရွယ်။ လူ့သက်တမ်းအရပြောရရင် ဒီအရွယ်က ကြွေချိန်စောနေသေးတဲ့အရွယ်။

ဆွမ်းအနုမောဒနာ၊ကုသိုလ်အမျှဝေတရား ဟောကြားတဲ့အခါမှာ အရွယ်နဲ့စပ်တဲ့အကြောင်းအရာ တရား စကားပြောဖြစ်ပါတယ်။ ဘ၀ဆိုတာက တကယ့်ကိုမှ ကြွေလွယ်ပျက်လွယ် သဘောတရား။ အပူထိ လို့ကြွေတတ်သလို အအေးမိလို့လည်း သေတတ်ပြန်တာ။ ခိုင်မာမှုမရှိလှတဲ့ဘ၀။ အာမခံချက် လုံးဝ မပေးနိုင်တဲ့အရာ။ သေချာတာဆိုလို့ အချိန်မရွေး အရွယ်မရွေး သေတတ်တယ်ဆိုတာပဲရှိတာမျိုး။

လူ့ဘ၀သက်တမ်းဆိုတာ ခုနယ်ဆယ်၊ရှစ်ဆယ်၊ကိုးဆယ်၊တစ်ရာ သက်တမ်းစေ့နေရလို့ အသက် တော်တော်ရှည်တယ်၊ ဖိုးသက်ရှည် ဖွားသက်ရှည်လို့ အခေါ်ခံရရင်တောင် သံသရာထဲမှာ အစမထင် ကျင်လည်နေရတဲ့ ဖြစ်စဉ်များနဲ့ နှိုင်းစာလိုက်ရင် ဘာမှ ပြောပလောက်အောင် မကြာတဲ့အကြောင်း ပြောဖြစ်တယ်။

လူ့သက် လူ့အိမ်၊ လူ့စည်းစိမ်ကား၊ မိုးတိမ်လျှပ်နယ်၊ ပျံသောကြယ်မျှ၊ ကြာနွယ်ရေခြောက်၊ သေမီး တောက်သို့၊ ချုပ်ပျောက်ခန္ဓာ၊ ကွယ်ရရှာသည်၊ မှန်စွာအနိစ္စပါတကား။ မှန်စွာ ဒုက္ခပါတကား၊ မှန်စွာ အနတ္တပါတကား။

လူ့အသက် လူ့စည်းစိမ်ဆိုတာ မိုးတိမ်ကြားက ရုတ်တရက် လင်းလက်လိုက်တဲ့ လျှပ်စီးပမာ ခဏတာမျှ။ တကယ့်ကိုမှ ကောင်းကင်မှာ မြင်လိုက်ရတဲ့ ကြေကြွယ်ခိုက်မျှသာ။ မတည်မြဲတဲ့ဘ၀။ ရေပွက်ပမာ။

လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို နေ့ညရွှေ့မနေပါနဲ့။ ချက်ခြင်းလက်ငင်းပြုလုပ်လိုက်ပါ။ ဘယ်ချိန် ဘယ် ခါ သေရမယ်ဆိုတာ ဘယ်သူမှ တပ်အပ်သေချာ မသိနိုင်ဘူး ဆိုတဲ့ တိုက်တွန်းစကားကို ဗုဒ္ဓက မိန့်မှာ တော်မူခဲ့တယ်။ ကောင်းတာလုပ်ရမှာ တွန့်ဆုတ်နေတတ်တဲ့သူတွေကို မြန်မြန်ဆန်ဆန်လုပ်ဖြစ်အောင် တိုက်တွန်းတဲ့နေရာမှာ ဒီစကားလေးကို ယူသုံးတတ်ကြပါတယ်။

"သင့်နာမည်က သူများတွေရဲ့ ပါးစပ်ထဲမှာရှိတယ်။ အဲဒီပါးစပ်ထဲမှာ သွားတွေရှိတယ်ဆိုတာ မမေ့ပါနဲ့" ။ လူ့ပတ်ဝန်းကျင်မှာ နေထိုင်နေရတာ။ နာမည်ကောင်းမကောင်းကို ပတ်ဝန်းကျင်က ဆုံးဖြတ်လိမ့်မယ်။ အဲဒီလိုဆုံးဖြတ်ကြရာမှာ အန္တရာယ်ပေးတတ်တဲ့ စူးချွန်ထက်မြက်တဲ့ သွားလိုအရာတွေရှိနေတယ်ဆို တာ အမြဲတမ်း အမှတ်ရနေစေဖို့လည်း လိုပါတယ်။

စိတ်ဓာတ်ရင့်ကျက်သူ၊ စိတ်ထားမွန်မြတ်သူတို့ကတော့ တဖက်သားရဲ့ အားနည်းချက်ကို တွေ့ခဲ့ရင် တောင် အဲဒီအားနည်းချက်ကို ဖြည့်စွက်လို့ မြင်တတ်ကြတယ်။ နောက်ပြီး ကိုယ့်အထင်နဲ့ လွယ်လွယ် ကောက်ချက်မဆွဲတတ်ကြပဲ သူ့ယုံကြည်ချက် သူ့အမြင်က ဘယ်လိုရှိလေမလဲလို့လည်း တွေးဆတတ် ကြတယ်။ ကိုယ့်အမြင် ကိုယ့်အယူနဲ့ မတူခဲ့လျင်တောင် ကောင်းကွက်ကိုကြည့်ကာ နားလည်ပေးနိုင် ကြတယ်။

နိမ့်ကျတဲ့စိတ်ထားရှိသူများကတောာ့ တဖက်သားရဲ့ အားနည်းချက်ကိုသာလျင် အပေါက်ရှာပြီး အပြစ် တင်ဖို့ စိတ်ကူးတတ်ကြတယ်။ သင့်တင့်တဲ့နှလုံးသွင်းနဲ့ ကုသိုလ်ဖြစ်စေရေးထက် အကုသိုလ်တိုးပွား စေရေးဖက်ကိုသာ ဦးတည်တတ်ကြတယ်။

ပတ်ဝန်းကျင်နဲ့ နေနေရတာ။ ပြစ်တင်စကားဆိုမည့်သူတွေနဲ့ အမြဲထိတွေ့နေရတာ။ ဒါကြောင့် သင့်နာ မည်က သူများတွေရဲ့ ပါးစပ်ထဲမှာရှိတယ်။ အဲဒီပါးစပ်ထဲမှာ သွားတယ်ရှိတယ်ဆိုတာ မမေ့ပါနဲ့လို့ သတိ ပေးစကားဆိုထားခဲ့တာ ဖြစ်ပေလိမ့်မယ်။ သွားသတိ၊ စားသတိ၊ နေသတိ၊ ထိုင်သတိ၊ ဘယ်သော အခါ မှာမှ မေ့မေ့လျော့လျော့ မဖြစ်စေဖို့လိုတယ်ရယ်လို့လည်း သတိပေးသလို ဖြစ်စေပါတယ်။

ကိုယ်တွေးမိတာတွေကို ပြန်သုံးသပ်ကြည့်တော့ ဟောဒီလိုပဲ အဖြေရပါတယ်။ လုပ်နိုင်ကိုင်နိုင် သန် သန်မာမာရှိတဲ့အရွယ်မှာ လုပ်သင့်လုပ်ထိုက်တဲ့အလုပ်ကို အချိန်မဆိုင်းပဲ လုပ်ဖို့လိုတယ်။ လုပ်တဲ့အခါ မှာလည်း ဝေဖန်မှုတွေကိုခံနိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ လုပ်ကိုင် ရာမှာလည်း ပျင်းရိ ပျင်းတွဲ့ တွန့်တွန့်ဆုတ်ဆုတ် မဟုတ်ပဲ ထက်ထက်သန်သန်လုပ်ဖို့နဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်ဖို့ လိုတယ်။

ကိုယ့်အဖို့တော့ ကိုယ်လုပ်မည့် အလုပ်ဟာ ဆန်းကျမ်းဆရာတော်ရဲ့ ဆုတောင်းစကားထဲကလို အများ ကောင်းကျိုး အတွက်သာ ဖြစ်စေခဲ့ရင် ပိုကောင်းပေလိမ့်မယ်။ အဲဒီလို အများကြီးဆောင်ရွက်ရတဲ့ အတွက်ကြောင့် ရရှိလာမည့် ကုသိုလ်ကျိုးဟာလည်း အများအကျိုးကို ပို၍ပို၍သာဆောင်ရွက်နိုင်ရစေ ခြင်းအကျိုးသာ ဖြစ်စေဖို့ မျှော်လင့်မိပါတယ်။ ။


No comments:

Post a Comment