နှင်းဆီလက်ဆောင်

အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ဒီအချိန်နဲ့ မရှေးမနှောင်းလောက်မှာပဲ
မနှစ်က သူရောက်လာတော့ သူ့အမူအယာက ညှိုးညှိုးနွမ်းနွမ်း၊ စိတ်ပျက်အားငယ်နေတဲ့ဟန်၊ မျက်နှာအမူအယာပါမက
သူ့ရဲ့ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကိုမှ ကပိုကယို၊ သူပြောသမျှစကားထဲမှာလည်း အဆင်ပြေတဲ့စကား၊
စိတ်ဓာတ်တက်ကြွဖွယ်စကား တစ် ခွန်းမျှ မပါ။ သူ့ဆီမှာ ကျေနပ်တာ၊ ကျေနပ်စရာဆိုလို့ ဘာတစ်ခုမှ
မရှိတဲ့ပုံ။ သူ့ကိုမြင်ရသူတွေကိုပင် အပူဟပ်စေနိုင်တဲ့ အနေအထား။ လောကကြီးက သူ့အတွက်
ဘာမှအထောက်အကူ မပေးနိုင်တဲ့ အသွင်အပြင်နဲ့။
ဒါပေမယ့် သူ့မျက်နှာ၊ သူ့အမူအယာနဲ့သူ့စကားတွေရဲ့
နောက်မှာ မြုပ်ကွယ်နေတဲ့ သူ့ရဲ့ပင်ကိုယ်စွမ်း အားက သူဟာသာမန်သူ မဟုတ်သလို အသိဥာဏ်လည်း
မနိမ့်ပါးလောက်တဲ့သူတစ်ဦးဆိုတာကိုတော့ ခန်းမှန်းမိလိုက်တယ်။
သူရောက်လာချိန်မှာ ကိုယ်ကပန်းခြံထဲမှာ
ဒကာလေးတစ်ယောက်နဲ့ ပန်းပင်တွေကို ရှင်းလင်းနေချိန် ပေါ့။ အချိန်က ဆောင်းဝင်လာပြီမို့
နှင်းဆီပန်းတွေ ကျစပြုချိန်။ အချို့နှင်းဆီပင် အနည်းငယ်လောက် သာလျင် တစ်ပွင့်စ နှစ်ပွင့်စ
ကျန်ရှိတော့တာ။ တချို့နှင်းဆီများမှာတော့ အငုံတွေတော်တော်များများ ရှိနေသေးတယ်။ ဒါပေမယ့်
နှင်းဆီငုံအများစုက ငုံလျက်က ဆက်မပွင့်နိုင်တော့ပဲ မဲခြောက်ခြောက်။ နှင်းဆီငုံတွေ
ဆက်မပွင့်တော့ပဲ အပင်ပေါ်မှာ မဲခြောက်သွားတာကို မြင်ရတာက စိတ်ကသိကအောက် ဖြစ်စရာမြင်ကွင်း။
ပွင့်ရမယ့်ပန်းတွေ မပွင့်ရတာက နှမြောဝမ်းနည်းစရာ။
သူ့ကိုမြင်ရတဲ့အနေအထားကလည်း အအေးလွန်လို့
မပွင့်နိုင်ပဲ ငုံလျက်တန်းလန်း ညှိုးခြောက်သွားတဲ့ နှင်းဆီဖူးတွေလို။ မြင်ရတာက စိတ်မသက်သာဖွယ်ရာ။
သူက ဒီကို ပထမဆုံးအခေါက်ရောက်လာသူ။
သူ့ကိုလမ်းညွှန်လိုက်သုက သူနဲ့ခင်မင်စ မိတ်ဆွေ တစ်ဦး။ သူ့မိတ်ဆွေကတော့ မကြာမကြာရောက်လာတတ်ပြီး
ဝေယျာဝစ္စလုပ်အားဒါန ကူတတ်သူ။ ဘယ်လို ရည်ရွယ်ချက်နဲ့ အပူသည်ကို ကိုယ့်ဆီလမ်းညွှန်လိုက်လေသလဲတော့ မသိ။ ဆရာတော်က
ယူ့အတွက် အကူအညီပေးကောင်း ပေးနိုင်လိမ့်မယ်လို့တောင် ပြောလိုက်သေးသတဲ့။ အကူပေးမယ့်
သူပဲ လာလာ၊ အပူပေးမယ့်သူပဲ လာလာ။ ကိုယ်တတ်နိုင်သမျှ ဖေးမကူညီဖို့ဆိုတာ ကိုယ့်တာဝန်ပဲ
မဟုတ်လား။
ပန်းခြံထဲမှာ နှုတ်ဆက်စကားအနည်းငယ်ပြောပြီး
ကျောင်းပေါ်တက် ဘုရားဝတ်ပြုဖို့ သူ့ကိုတိုက်တွန်း လိုက်တယ်။ ဗုဒ္ဓရဲ့ပုံတော်ကို
စူးစူးစိုက်စိုက်ဖူးမြော်ပြီး ၀တ်ပြုဖို့ကိုလည်း သူ့ကိုသေသေချာချာ ပြော လိုက်တယ်။
နောက်ပြီး သူလျှောက်ထားလိုတာများရှိတယ်ဆိုရင်လည်း အေးအေးဆေးဆေး နား ထောင်ပေးမယ်လို့လည်း
သူ့ကိုပြောခဲ့တယ်။ ဒီအချိန်မှာ သူ့စကားနားထောင်ပေးခြင်းဟာ သူ့အတွက် ခွန်အားတစ်ရပ်ဖြစ်စေလိမ့်မယ်လို့
ခန့်မှန်းမိလိုက်တယ်။
သူ့အပြောအရဆိုလျင်တော့ သူ့ဘ၀က မတောင့်မတ
ကြီးပြင်းခဲ့ရသူ။ သူလိုချင်တဲ့အရာမှန်သမျှ ဖြည့် ဆည်းပေးနိုင်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခွင့်ရခဲ့သူ။
အဲဒီလို မတောင့်မတ မကြောင့်မကျ နေနေရတဲ့ ဘ၀ကနေ ခုလိုပြည်ပနိုင်ငံကို ထွက်ခွါခဲ့တော့
အရာအားလုံးက သူ့ပုံမှန်ဘ၀အနေအထားနဲ့က ဆန့် ကျင်ဖက်။ ဘ၀က တစ်ဆစ်ချိုးပြောင်းလဲသွားသလို
ဖြစ်သွားတယ်။ နောက်ပြီး သူဒီကိုရောက်လာနိုင်ဖို့ သဘောတူညီချက်ယူခဲ့သူရဲ့ ကတိဖျက်တာ၊
သစ္စာဖောက်တာကိုလည်း ခံရပြန်သေးသတဲ့။ မိဘ ဆွေမျိုးတွေ အတန်တန်တားတဲ့ကြားက သူ့ဆန္ဒသက်သက်နဲ့သာ
ရွေးချယ်ခဲ့တာမို့ သူ့အခြေအနေမှန် ကို ကျန်ခဲ့တဲ့မိဘတွေကိုလည်း ပြောလို့မဖြစ်နိုင်ကြောင်းနဲ့
ပြောလည်းမပြောချင်ကြောင်း သူပြော တယ်။
စိတ်ပျက်အားငယ်နေစဉ်မှာ ဘယ်အရာကိုမှ
လွယ်လွယ်နဲ့ မဆုံးဖြတ်မိဖို့ကိုတော့ သူ့ကိုဦးစွာပြောဖြစ် ခဲ့တယ်။ သူ့ကိုပြောဖြစ်ခဲ့တဲ့စကားတွေကို
တိတိကျကျ မမှတ်မိတော့ပေမယ့် ပြောခဲ့တဲ့စကားတွေထဲမှာ ခုပြောမယ့် အကြောင်းအရာတွေပါဝင်ခဲ့တာကိုတော့
သတိရမိတယ်။
“ဘ၀ဆိုတာ ဒီလိုပဲလေ။ ကြံရွယ်မထားတာတွေက
ဖြစ်လာတတ်ပြီး ကြံရွယ်ထားတာတွေက ဖြစ်ချင်မှ လည်း ဖြစ်တတ်တာမျိုး။ လောကဓံဆိုတာကလည်း
အတက် အကျ၊ အကောင်းအဆိုး ဒွန်တွဲပြီး ရှိနေ တတ်တာမျိုး။ အကောင်းဆုံးဆိုပြီး ရွေးချယ်လိုက်တဲ့အရာကပေမယ့်
အဆိုးဆုံးဖြစ်လာတာမျိုးလည်း ရှိတတ်တယ်။ ဒီလိုပါပဲ။ ငါ့ကံ သိပ်ဆိုးတာပဲလို့ ထင်နေခိုက်မှာပဲ
ကောင်းတဲ့အခြေအနေမျိုးနဲ့ တွေ့လာ တတ်ပါတယ်။ ကောင်းဆိုးနှစ်တန် လောကဓံဆိုတာ ကြိုတင်တွက်ဆဖို့ခက်သလို
ရှောင်လို့လည်း ရချင်မှ ရတတ်တာမျိုး။
ထိခိုက်နာကျင်မှုတွေကြောင့် ရဲရင့်သူတစ်ယောက်ဖြစ်ခဲ့သူတွေ။
အမှားတွေလုပ်ခဲ့မိလို့ အဲဒီအမှားတွေ ကနေ သင်္ခန်းစာတွေယူနိုင်ခဲ့သူတွေ။ ကျရှုးံမှုနဲ့တွေ့ခဲ့ရလို့
အဲဒီကျရှုံးမှုကိုအရင်းပြုလို့ အောင်မြင်ကျော် ကြားသွားခဲ့သူတွေ လောကထဲမှာ အများကြီးပဲလေ။
ဘယ်အရာကိုမှ လွယ်လွယ်နဲ့တော့ လက်လျော့ အရှုံးမပေးသင့်ပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် အစမှာတော့
ခက်ခဲကြမ်းတမ်းတတ်စမြဲပါ။ ကိုယ်မလျှောက် ချင်တဲ့လမ်းက တခါခါ ကိုယ့်အတွက် အောင်မြင်ခြင်းဆီသွားရာလမ်းလည်း
ဖြစ်တတ်ပါတယ်။
လုပ်သမျှ အဆင်မပြေဖြစ်တဲ့အခါမျိုးမှာ
ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့ကျသွားတာ။ စိုးရိမ်လွန်ခြင်း တွေဖြစ်လာတတ်ပါတယ်။
စိုးရိမ်ခြင်းနဲ့သောကဆိုတာ ဖြစ်လာမယ့်ပြဿနာကို ဖြေရှင်းရာမှာ အထောက်အကူ ပေးကောင်းမှ
ပေးနိုင်မှာဖြစ်ပေမယ့် ခုလောလောဆယ် စိတ်ငြိမ်းချမ်းမှုကိုတော့ ပျက်ပြယ်စေတတ်တာကို
မမေ့သင့်ဘူးလေ။ ယုံကြည်မှုဆိုတာ အောင်မြင်မှုအတွက် ပထမခြေလှမ်း။ ငြိမ်းချမ်းမှုဆိုတာက
မှန်ကန်စွာတွေးခေါ်ဆုံးဖြတ်နိုင်မှုရဲ့ မုခ်ဦးတံခါးတွေပါ။
နှင်းဆီမှာဆူးရှိရန်ကောလို့ကြည့်ရင်
မင်းကနှင်း ဆီကို အပြစ်မြင်ကောင်းမြင်မယ်။ ဒါပေမယ့် ဆူးပင်မှာ နှင်းဆီရှိတယ်လို့ပြောင်းကြည့်ရင်
မင်းအမြင်က တစ်မျိုးပြောင်းကောင်း ပြောင်းနိုင်မှာပါ။ တခါတခါ မကျေနပ်စရာတွေနဲ့တွေ့ရင်
ဘက်ပြောင်းကြည့်နိုင်အောင် ရှုထောင့်ပြောင်းကြည့်နိုင်အောင် ကြိုးစား ကြည့်ပေါ့လို့လည်း
သူ့ကိုပြောဖြစ်ခဲ့တယ်။
လူ့ဘ၀ဆိုတာက ရခဲတဲ့အရာလေ။ လူသားဘ၀ကိုရဖို့က
အများကြီးပေးဆပ်ခဲ့ရတာ။ ရခဲတဲ့လူ့ဘ၀ကို ကိုယ့်စိတ်ကြိုက်ဖန်တီးတည်ဆောက်ခွင့်ရဖို့ဆိုတာလည်း
လွယ်တဲ့အရာတစ်ခု မဟုတ်ဘူး။ ကိုယ်လိုရာ ပန်းတိုင်ကိုရောက်ဖို့ ဘယ်အရာကိုမှ လွယ်လွယ်နဲ့လက်လျော့တာ၊
အရှုံးပေးတာမျိုး မလုပ်သင့်ဖူး။
ကိုယ်ရွေးခဲ့တဲ့လမ်းဟာ အမှားတစ်ခုမဟုတ်ဘူးလို့
ကိုယ်ကိုယ်တိုင်လက်ခံယုံကြည်နေဆဲဆိုလျင်တော့ မဖြစ်ဖြစ်အောင် ဆက်လျောက်ရမှာပဲပေါ့။
ဒီလမ်းက ဆူးငြောင့်ခလုတ်နဲ့ အတားအဆီးများတယ်ဆိုရင် လည်း တခြားလမ်းတစ်လမ်းကို ရှာဖွေကြည့်ရမယ်လေ”။
သူရောက်မလာမီလေးတင်မှာပဲ ပန်းပင်တွေကူပြီးရှင်းလင်းပေးနေတဲ့
ဒကာလေးနဲ့ ခြံထဲက နှင်းဆီပင် လေးတစ်ပင်အကြောင်း ပြောဖြစ်တယ်။ အဲဒီပြောခဲ့တဲ့အကြောင်းအရာလေးက
သူ့အတွက်လည်း အသုံးဝင်မယ်ဆိုတဲ့အထင်နဲ့ သူ့ကိုနှင်းဆီပန်းခင်းကို ခဏကူပြီးရှင်းပေးသွားဖို့
တိုက်တွန်းဖြစ်တယ်။
နောက်ပြီး တကယ်လို့ ဒီပန်းခင်းထဲက
ကြိုက်တဲ့ပန်းတစ်ပွင့်ကိုခူးပါဆိုရင် ဘယ်ပန်းကိုခူးမလဲလို့ သူ့ ကိုမေးခဲ့ပါတယ်။
ဒီတော့ သူက သူ့အတွက်လား၊ ဒီပန်းခြံအတွက်လားလို့ မေးပါတယ်။ ဒါဆိုနှစ်ပွင့် ခူးကြည့်ပါ။
တစ်ပွင့်က မင်းအတွက်၊ တစ်ပွင့်က ပန်းခြံအတွက်ပေါ့။
ပန်းခြံအတွက်ဆိုရင်တော့ ဟိုပန်းပင်ပေါ်က
ညှိုးခြောက်နေတဲ့ နှင်းဆီငုံအကြီးဆုံးတစ်ခုကို ခူးမယ်။ ပွင့်ရမယ့်အချိန်မှာ ပွင့်ခွင့်မသာပဲ
ညှိုးခြောက်သွားတာ တော်တော်ဝမ်းနည်းစရာကောင်းတယ်။ နောက် ပြီး ဒီလိုပန်းခင်းထဲမှာ ခုလိုညှိုးခြောက်နေတဲ့
နှင်းဆီငုံတွေရှိနေတာ ပန်းခင်းရဲ့အလှကိုပါထိခိုက်စေ တယ်မဟုတ်လားလို့ သူကပြောတယ်။
ဒီနေရာမှာတော့ ဒို့နဲ့မင်းက တွေးတောပုံခြင်းတူသားပဲ။
ဟုတ်တယ်။ အဲဒီညှိုးခြောက်နေတဲ့ နှင်းဆီငုံ တွေကိုဖယ်ပစ်ဖို့ ဒကာလေးကိုတောင်ပြောထားတယ်။
ကဲရော့ကတ်ကြေး။ မင်းမမြင်ချင်တဲ့ နှင်းဆီငုံ ခြောက်တွေကို ကိုယ်တိုင်ဖြတ်ကာ ကုသိုလ်ယူသွားပေါ့လို့
သူ့ကိုပြောဖြစ်တယ်။
နှင်းဆီငုံတွေကိုဖြတ်တဲ့သူ့ရဲ့
ကတ်ကြေးသံက လိုအပ်တာထက် နည်းနည်းပြင်းနေတယ်လို့ ခံစားမိပါ တယ်။ ခုလိုစိတ်တိုင်းကျ
နှင်းဆီငုံတွေကို ဖြတ်လိုက်ရတာ သူ့အတွက် စိတ်သက်သာမှုအနည်းငယ်ဖြစ် စေလိမ့်မယ်လို့
ယူဆမိပါတယ်။ နှင်းဆီငုံအခြောက်တွေကုန်သွားတော့ ဒါဆို မင်းအတွက်ဆိုရင်ကော လို့မေးတော့
ဟိုအပင်သေးသေးလေးပေါ်မှာ တစ်ပွင့်ထဲပဲ ထီးထီးမားမားရှိနေတဲ့ နှင်းဆီပန်းကို ခူးမယ်လို့
သူကဖြေပါတယ်။
သူပြောတဲ့ပန်းပွင့်က နှင်းဆီတစ်ခြံလုံးမှာ
တစ်ပွင့်ထဲသာသန်သန်မာမာရှိတော့တဲ့ နှင်းဆီ။ ပွင့်ဖတ်ရဲ့ အရင်းမှာ အစိမ်းနုရောင်ရေးရေးလေးသန်းနေပြီး
ပွင့်ဖတ်တစ်လွှာလုံးမှာတော့ အဖြူရောင်ဆွတ်ဆွတ်။ ပွင့်ဖတ်တွေရဲ့ ထိပ်ဖျားမှာတော့ ပန်းရောင်ရင့်ရင့်သန်းနေတဲ့ပန်း။
သူပွင့်ပုံကလည်း အခြားပန်းတွေ ပွင့်နေပုံနဲံမတူပဲ ပွင့်ဖတ် တစ်ဖတ်အပေါ် တစ်ဖတ် ခရုခွေသဏ္ဌာန်ရစ်ပတ်
ထပ်နေပြီး လှပတဲ့ပန်းပွင့်။ တစ်ရာသီလုံးမှာမှ လေးငါးခြောက်ပွင့်ထက် ပိုမပွင့်ခဲ့တဲ့နှင်းဆီ။
ဒါပေမယ့် အခြားနှင်းဆီတွေနဲ့မတူပဲ ရိုးတံကရှည်ရှည်သွယ်သွယ်မို့ ပွင့်တဲ့အပွင့်တိုင်းလှပြီး
ဘုရားပန်းတင်ဖို့ အကောင်းဆုံးပုံစံ။
အပင်ကလှီလှီမို့ တော်တော်နဲ့ မပွင့်နိုင်တာကြောင့်
သူ့ကိုဖယ်ပြီး အခြားနှင်းဆီတစ်ပင်နဲ့ အစားထိုး စိုက်ပျိုးဖို့ သုံးလေးကြိမ်မက
စိတ်ကူးမိခဲ့တဲ့ နှင်းဆီ။ ဒါပေမယ့် သူ့ပွင့်ပုံနဲ့ သူ့အရောင်က အခြားပန်းတွေ ထက်ထူးခြားနေတာမို့
သူ့ကိုဖယ်မပစ်ပဲ စောင့်ကြည့်နေခဲ့တာ။ ခုတော့သူ့ရဲ့အပွင့်က အခြားပန်းတွေ ထက် ပိုမိုသတိပြုမိစရာ၊
နှစ်သက်ခံရဖွယ်ရာ ဖြစ်နေတယ်။
သူ့အတွက် သူခူးချင်တယ်ဆိုတဲ့ပန်းကို
သိရပြီးတဲ့နောက် သူ့ကိုဒီနှင်းဆီပင်လေးအကြောင်း ပြောပြဖြစ် တယ်။
လွန်ခဲ့တဲ့တစ်လလောက်က မင်းဒီကိုရောက်လာရင်
ခုမင်းမြင်ရတဲ့နှင်းဆီရဲ့အလှကို မင်းသတိထားမိ ကောင်းမှ ထားမိလိုက်မယ်။ သူ့လိုပဲလှတဲ့၊
သူ့လောက်နီးနီးလှတဲ့ပန်းပွင့်တွေက ဒီပန်းခြံထဲမှာ အများ ကြီးလေ။ တခါတခါ အများကြားမှာဆို
တစ်ခုထဲရဲ့သီးသန့်အလှက ပျောက်သွားတတ်တာမျိုးလည်း ရှိတတ်တာကိုး။ နောက်ပြီး မင်းအခု
မင်းအတွက်ခူးချင်တယ်ဆိုတဲ့ နှင်းဆီပင်က တော်တော်နဲ့ မပွင့်နိုင်၊ အပင်လည်းမကြီးထွားနိုင်လို့
သူ့ကိုဖယ်ပြီး အခြားနှင်းဆီတစ်ပင်နဲ့ အစားထိုးပစ်ဖို့ စဉ်းစားခံခဲ့ရတဲ့ အပင်ပေါ့။
အဲဒီအပင်ကပဲ ခုတော့ ရာသီဒဏ်ကို အခံနိုင်ဆုံးအပင်၊ ပန်းလည်းအလှဆုံးအပင်ဖြစ်နေ တယ်။
မင်းဘ၀ကို တူးဖြိုဖို့ ကြိုးစားခဲ့တဲ့သူတစ်ဦးဦးများရှိခဲ့ရင် ဒီနှင်းဆီပန်းလိုပဲ
အလှဆုံးပန်းတွေ ပွင့်ပြနိုင်တဲ့သူတစ်ဦးဖြစ်ဖို့ မင်းမှာအစွမ်းအစတွေရှိနေတယ်လို့
ယုံကြည်မိပါတယ်။
ကဲ ရော့။ မင်းခူးချင်တယ်ဆိုတဲ့ပန်းကို
ကိုယ်တိုင်ခူးကာ ယူသွားပေတော့ဆိုပြီး သူကိုပန်းခူးခွင့်ပေး လိုက်ပါတယ်။ နှင်းဆီပန်းပွင့်
ညှိုးခြောက်သွားခဲ့ရင်တောင် ဒီနှင်းဆီကပေးလိုက်တဲ့ သင်္ခန်းစာကတော့ သူ့အတွက် အချိန်တော်တော်ကြာကြာလန်းဆန်းနေလိမ့်ဦးမယ်လို့လည်း
မျှော်လင့်မိပါတယ်။
နှင်းဆီခင်းထဲမှာ နှင်းဆီကိုဥပမာထားလို့
သူ့ကိုစကားတော်တော်များများပြောဖြစ်လိုက်တယ်။ ပြောခဲ့ သမျှအားလုံး သဘောမကျခဲ့သည့်တိုင်
သူ့မှာတွေးတောစရာတစ်ခုလောက်တော့ အနည်းဆုံးရသွား လောက်တယ်ဆိုတာလောက်တော့ သူ့မျက်နှာအမူအယာကိုကြည့်ပြီး
သေချာပေါက်ခန့်မှန်းမိလိုက် တယ်။ သို့ပေမယ့် နောက်နှစ်ဒီအချိန်လောက်မှာ သူပြန်လာဖြစ်လိမ့်မယ်လို့တော့
မထင်ခဲ့ပါဘူး။
ခုတစ်ခေါက် သူ့ကိုပြန်တွေ့ရတော့
သူ့အမူအယာက တက်တက်ကြွကြွ။ ဘုရားပန်းတင်ဖို့ ယူဆောင် လာတဲ့နှင်းဆီနီနီတွေကလည်း တပွေ့တပိုက်။
အပျော်နတ်သမီးက သူ့ဝိဥာဉ်ကိုပူးဝင်နေသည့်ဟန်။ အလျင်တစ်ခေါက်က အသွင်အပြင်နဲ့ လုံးဝဆန့်ကျင်စွာ။
သူ့မှာ ခု အစစကူညီမည့် သူငယ်ချင်းမိတ် ဆွေမတစ်ဦးရှိနေပြီဖြစ်ကြောင်း။ ကြီးမှတွေ့ရတာဆိုပေမယ့်
ညီအမတွေလိုပဲဖြစ်ကြောင်း။ အရာရာ ဆွေးနွေးတိုင်ပင်နိုင်ပြီး အပြန်အလှန်လည်း နားလည်မှုရှိကြကြောင်း။
ဒီနေ့သူမအားလို့ မလိုက်လာ နိုင်ပေမယ့် ဆရာတော်ကို နှုတ်ဆက်စကားဆိုလိုက်ပါကြောင်း။
နောက်တစ်ခေါက်ဆိုရင် သူ့ကိုပါ အပါခေါ်လာမယ်ဆိုတဲ့အကြောင်း။ ခုသူနှင်းဆီပန်းတွေ အများကြီးယူလာခဲ့ပေမယ့်
ဆရာတော့်ပန်း ခင်းထဲက ခြံထွက်နှင်းဆီလောက်တော့ ကြာရှည်ခံမည်မဟုတ်ကြောင်း။ ဆရာတော်ပြောပြတဲ့
နှင်း ဆီအဘိဓမ္မာက သူ့အတွက် ခွန်အားတွေဖြစ်စေခဲ့လို့ ကျေးဇူးတင်ပါကြောင်း။ ရွှန်းရွှန်းဝေအောင်
ပြော သွားလေရဲ့။
နှင်းဆီပင်တွေ တော်တော်များများစိုက်ပျိုးဖြစ်ခဲ့တယ်။
အရောင်အသွေးလည်း တော်တော်စုံစုံလင်လင်။ နှင်းဆီပန်းတွေအပင်ပေါ်မှာ ဝေနေစဉ်မြင်ရတာ စိတ်ချမ်းမြေ့စရာပါ။
ဒီထက်ပိုပြီး ခြံထွက်ရောင်စုံနှင်း ဆီတွေနဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ကပ်လှူရတာ သိပ်ပြီးကြည်နူးကျေနပ်မှုဖြစ်ရတယ်။
နှင်းဆီတွေထဲမှာ ရှားရှားပါးပါးပါလာတဲ့ ရနံ့သင်းတဲ့နှင်းဆီတစ်မျိုးကြောင့် ဘုရားခန်းကိုရောက်တိုင်း
နှင်းဆီနံ့သင်းသင်း လေးရနေတာကလည်း သိပ်သိပ်ပြီးနှစ်သက်စရာကောင်းလှပါတယ်။
ပန်းများရဲ့ အလှနဲ့ရနံ့ကြောင့် ကြည်နူးမှုဖြစ်ရခြင်းအပေါ်မှာ
နှင်းဆီပန်းတစ်ပွင့်ကြောင့် လူသားတစ်ဦးရဲ့ ဘ၀ပုံစံတစ်ခု အကောင်းဖက်ကိုပြောင်းသွားစေခဲ့တယ်ဆိုတာသိလိုက်ရတော့
ပန်းတစ်ခင်းအတွက် ရေလောင်းပေါင်းသင်ပြုပြင်ခဲ့ရခြင်းဟာ အလွန်မှထိုက်တန်လှတယ်လို့
အထူးပဲကျေနပ်ရပါတယ်။ ။
No comments:
Post a Comment