Friday, November 29, 2013

ကြက်ဆင်ကင်းတဲ့ ကျေးဇူးတော်နေ့

ကြက်ဆင်ကင်းတဲ့ ကျေးဇူးတော်နေ့
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)



 ဒီနေ့က အမေရိကန်နိုင်ငံရဲ့ ကျေးဇူးတော်များ အခါတော်နေ့ပေါ့။ နှစ်စဉ် နိုဝင်ဘာလရဲ့ စတုတ္ထပတ် ကြာသပတေးနေ့မှာ ကျေးဇူးတော်များအခါတော်နေ့ကို ကျင်းပလေ့ရှိပါတယ်။ ဒီကျေးဇူးတော်များ အခါတော်နေ့ဟာ အစောပိုင်းမှာ ဘာသာရေးပွဲတော်က စခဲ့တယ်လို့ အဆိုရှိပါတယ်။ ကမ္ဘာသစ်လို့ ခေါ်ကြတဲ့ အမေရိကတိုက်ကို ဥရောပကနေ ပြောင်းရွှေ့အခြေချလာသူတွေနဲ့အတူပါလာတဲ့ ယဉ်ကျေး မှုလို့ ယူဆသူတွေလည်း ရှိပါတယ်။ ဒီကျေးဇူးတော်များအခါတော်နေ့နဲ့ပတ်သက်ပြီး တိတိကျကျပြောဖို့ ကတော့ ခက်ခဲပါတယ်။ (ကျောင်းတက်နေစဉ်က ကိုယ့်ဆီမှာမရှိတဲ့ အမေရိကန်နိုင်ငံရဲ့ ပွဲတော်တစ်ခု အကြောင်းကို စာတမ်းတစ်ခုရေးရမယ်ဆိုလို့ ဒီနေ့အကြောင်း လေ့လာကာ စာတမ်းတစ်စောင်ရေးဖြစ်ခဲ့ တယ်)။

ခုနောက်ပိုင်းမှာတော့ ဘာသာရေးပွဲတော်တစ်ခုထက် ရိုးရာယဉ်ကျေးမှုပွဲတော်တစ်ခုအသွင်ကို ပို ဆောင်လာပါတယ်။ အများစုလက်ခံထားကြတာကတော့ ၁၆၂၀ ခုနှစ် စွန်းစက မေဖလားဝါးသင်္ဘောနဲ့ ပါလာတဲ့ခရီးသည်များရဲ့ ဘ၀အတွေ့အကြုံကြမ်းများဟာ ဒီအခါတော်နေ့ဖြစ်ပေါ်လာခြင်းရဲ့ အဦးအစလို့ ဆိုလေရဲ့။ စက်တင်ဘာလမှာ အင်္ဂလန်ရဲ့ပလိုင်းမောင့်ကနေ မေဖလားဝါးသင်္ဘောငယ်နဲ့ ကမ္ဘာသစ်ဆီ ကို လူတစ်ရာကျော် ထွက်ခွါခဲ့ကြတယ်။ အင်္ဂလန်ရှိ အခွင့်ထူးခံ အုပ်ချုပ်သူ လူတန်းစားတစ်စုနဲ့ သူတို့နဲ့ ပနံသင့်တဲ့ ဘာသာရေးခေါင်းဆောင်များရဲ့ စက်ကွင်းကနေလွတ်ကင်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ အင်္ဂလိကန်ဂိုဏ်းရဲ့ စိုးမိုးမှုကို မလိုလားတဲ့ ပျူရိတန်နဲ့ ပရိုတက်စတင့်အများစု ပါဝင်တယ်လို့ဆိုပါတယ်။

Saturday, November 16, 2013

နှင်းဆီလက်ဆောင်


နှင်းဆီလက်ဆောင်
 

အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဒီအချိန်နဲ့ မရှေးမနှောင်းလောက်မှာပဲ မနှစ်က သူရောက်လာတော့ သူ့အမူအယာက ညှိုးညှိုးနွမ်းနွမ်း၊ စိတ်ပျက်အားငယ်နေတဲ့ဟန်၊ မျက်နှာအမူအယာပါမက သူ့ရဲ့ဝတ်စားဆင်ယင်မှုကလည်း တကယ့်ကိုမှ ကပိုကယို၊ သူပြောသမျှစကားထဲမှာလည်း အဆင်ပြေတဲ့စကား၊ စိတ်ဓာတ်တက်ကြွဖွယ်စကား တစ် ခွန်းမျှ မပါ။ သူ့ဆီမှာ ကျေနပ်တာ၊ ကျေနပ်စရာဆိုလို့ ဘာတစ်ခုမှ မရှိတဲ့ပုံ။ သူ့ကိုမြင်ရသူတွေကိုပင် အပူဟပ်စေနိုင်တဲ့ အနေအထား။ လောကကြီးက သူ့အတွက် ဘာမှအထောက်အကူ မပေးနိုင်တဲ့ အသွင်အပြင်နဲ့။

ဒါပေမယ့် သူ့မျက်နှာ၊ သူ့အမူအယာနဲ့သူ့စကားတွေရဲ့ နောက်မှာ မြုပ်ကွယ်နေတဲ့ သူ့ရဲ့ပင်ကိုယ်စွမ်း အားက သူဟာသာမန်သူ မဟုတ်သလို အသိဥာဏ်လည်း မနိမ့်ပါးလောက်တဲ့သူတစ်ဦးဆိုတာကိုတော့ ခန်းမှန်းမိလိုက်တယ်။