Sunday, September 8, 2013

သိမ်နှင့်ဓမ္မာရုံကျောင်းတော်

သစ်ပင် ပန်းပင် ဥယျာဉ်စိုက်ပျိုး အလှတိုးစေ ကောင်းကျိုးဝေ
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)



“တစ်နှစ်စီမံကိန်းအတွက်ဆိုရင် ကောက်ပဲသီးနှံစိုက်ပျိုးပါ။ ဆယ်နှစ်အတွက် ရည်ရွယ်တယ်ဆိုရင်တော့ သီးပင်သစ်ပင်စိုက်ပါ။ နှစ်တရာ၊ နှစ်တထောင်အတွက်ရည်ရွယ်တယ်ဆိုရင်ဖြင့် လူတွေကို အသိပညာ ပေးပါ”တဲ့။  ရှေးပညာရှိတစ်ဦးရဲ့ စကားကို မှတ်ရဘူးတယ်။

ကိုယ်ကတော့ ကောက်ပဲသီးနှံစိုက်ပျိုးသူတစ်ဦး မဟုတ်။ နောက်ပြီး နှစ်တိုနှစ်ရှည်စီမံကိန်း တစ်ခုခု အဖြစ် ရည်ရွယ်တာလည်း မဟုတ်။ ပန်းပင်သစ်ပင်စိုက်ချင်လို့သာ သက်သက်စိုက်ပျိုးခြင်းသာပါ။ ကိုယ့်ရည်ရွယ်ချက်ကတော့ ကိုယ်နေထိုင်ရာပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေဖို့၊ မြင်ရသူတွေ စိတ် ရွှင်လန်းစေဖို့၊ သစ်ပင်ပန်းပင်ကနေပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတစ်ခုခု ကိုယ်အပါအ၀င် လူသားအချို့ ရယူခံစားနိုင်စေဖို့ပေါ့။

သစ်ပင်စိုက်ရတယ်ဆိုတာက လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ ပုံမှန်ဂရုတစိုက် ရေလောင်းပေါင်း သင် လုပ်ရတဲ့အလုပ်။ ကိုယ်တိုင်က အချိန်နဲ့ နာရီနဲ့ နေ့စဉ်ပုံမှန်လုပ်ရတဲ့အလုပ်မျိုးဆို စိတ်ပါဝင်စားမှု နည်းတဲ့သူ။ သို့ပေမယ့် သစ်ပင်ရေလောင်းတဲ့အလုပ်ကိုတော့ ပုံမှန်နေ့စဉ် မပျက်မကွက် လုပ်ဖြစ်ခဲ့ပါ တယ်။ ခုလိုအချိန်မှန်မှန် ရေလောင်းတဲ့အလုပ် လုပ်ဖြစ်နေတာကြောင့် အချိန်တိုအတွင်းမှာကိုပဲ ပန်း ပင်များက ဝေဝေဆာဆာပွင့်၊ မြက်ပင်များလည်း စိမ်းလန်းစိုပြေ။ နှစ်ရှည်ကြာကြာ ပြုစုထားတဲ့ ဥယျာဉ် တစ်ခုပမာ။ ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာရသလို တွေ့မြင်သူများအတွက်လည်း ကြည်နူးဝမ်းသာဖြစ်ကြ မယ်ထင်ပါတယ်။

 



ခုရက်ပိုင်းမှာတော့ ပန်းပွင့်တဲ့ပန်းပင်တွေအစား အသီးသီးမယ့် သီးပင်တွေဖက် စိတ်ကရောက်နေ တယ်။ ဒါကြောင့် သံပုရာပင်၊ ရှောက်ပင်၊ မာလ ကာပင်၊ သစ်သော့ပင်၊ နက်တရင်းနဲ့ ဒန့်သလွန် ပင်တွေ စိုက်ဖြစ်ခဲ့တယ်။ အချို့အ၀က် ရှင်သန် လျင်ကိုပဲ တော်တော်လေး လှလှပပ ဝေေ၀ ဆာဆာနဲ့ စားလို့ မကုန် ဖြစ်မယ်ထင်ပါတယ်။
သစ်ပင်စိုက်တော့ ရေမှန်မှန်လောင်းဖို့လိုသလို မြေသြဇာလည်း လိုအပ်တဲ့အခါ ကျွေးပေးဖို့လိုလိမ့်မယ်။ ဒီလပိုင်းများမှာ မြို့ကပေးတဲ့ရေက ဈေးတွေသိသိသာသာတက်သွားတယ်။ အရင်လတွေက ပုံမှန်  ဒေါ်လာတစ်ရာဝန်းကျင် ရေဖိုးကုန်ကျရာကနေ ပြီးခဲ့တဲ့နှစ်လမှာတော့ တစ်လကို ဒေါ်လာ တစ်ရာ့ခုနစ် ဆယ်အထိ မြင့်တက်သွားတယ်။ နွေရာသီဖြစ်တာရယ်၊ ဒီနှစ်လအတွင်းမှာ တရာစခန်း၊ တရားပွဲများ၊ ကျောင်းနှစ်ပတ်လည်ပွဲနဲ့ ၀ါဆိုပွဲကျင်းပခဲ့တာကြောင့် ပုံမှန်ထက် ရေသုံးပိုသွားတာကြောင့် ခုလို သိသိ သာသာ ရေဖိုးမြင့်တက်သွားတာလည်း အကြောင်းတစ်ခုဖြစ်ပါလိမ့်မယ်။

ကံကောင်းတယ်လို့ဆိုရမလားတော့ မသိပါဘူး။ ကျောင်းစတင်တည်ခဲ့တဲ့ ပထမမြေကွက်ထဲမှာ အ၀ီစိ တွင်းနဲ့ နောက်ထက်တိုးချဲ့ဝယ်ယူခဲ့တဲ့ မြေကွက်ထဲမှာပါ အ၀ိစိရေတွင်းတွေ အရံသင့်ပါလာတယ်။ ဒါ ကြောင့် ခုဆို အ၀ီစိတွင်းက ကျောင်းဝင်းထဲမှာ နှစ်တွင်းတောင်ရှိနေတယ်။ အစောပိုင်းကတော့ တစ်လ တစ်ရာလောက်ပဲရေဖိုးကုန်ကျတာကြောင့် ဒီအ၀ီစိတွင်းကရေကို သုံးဖို့စိတ်ကူးမရှိခဲ့ပါဘူး။ ဒါကြောင့် ပျက်စီးနေတဲ့ မော်တာများကိုလည်း မပြုပြင်ခဲ့ပါဘူး။


ခုနောက်ပိုင်းတော့ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးမှုများလာတာရယ်၊ မြို့ကပေးဝေနေတဲ့ ရေဖိုးကမြင့်တက် လာတာရယ်ကြောင့် အ၀ီစိတစ်တွင်းကို မော်တာအသစ်တပ်ဆင်မယ်လို့ စိတ်ကူးဖြစ်မိတယ်။ ကျွမ်း ကျင်သူများကို ကုန်ကျစရိတ်တွက်ခိုင်းတော့ အသက်သာဆုံးကုန်ကျစရိတ်က ဒေါ်လာ ၂၈၀၀ ဖြစ်မယ် တဲ့။ တကယ်လုပ်ဖြစ်တော့ လုပ်အားခ လျော့ယူလေတော့ ဒေါ်လာ ၂၅၀၀ နဲ့ ပြီးသွားတယ်။

ဒီအချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် ကျောင်းအတွက် တခုခု လှူဒါန်းဖို့ဆိုပြီး အလှူရှင်ကရောက်လာ တယ်။ ကုန်ကျစရိတ်အားလုံးလှူဒါန်းခဲ့ကြတဲ့ ကိုအောင်နိုင်ဦး မအေးစုမော်မိသားစုရဲ့ အလှူအတွက် ၀မ်းမြောက်နုမော်သာဓုခေါ်ပါတယ်။


အ၀ီစိတွင်းက အနက်ပေ ၆၀ ကျော်ရှိတယ်။  ရေ နေက ပေ ၅၀ ကျော်ကျော်တောင်ရှိတာ ဆိုတော့ ရေထွက်အားကောင်းတယ်လို့ ဆိုနိုင်မှာပေါ့။ ဒါကြောင့် ဒီလကစပြီး သစ်ပင်ပန်းပင်နဲ့ ကျောင်း ရှေ့မြက် ခင်းအတွက် အ၀ီစိတွင်းရေကိုပဲ စသုံး နေပြီမို့ နောက်တစ်ခါပို့လာမယ့် ရေဖိုးငွေတောင်း
ခံစာမှာတော့ ရေဖိုးကုန်ကျငွေ တော်တော် လျော့ ကျသွားမယ်လို့ မျှော်လင့်ပါတယ်။

ဗုဒ္ဓကတော့ အရိပ်ရသစ်ပင်၊ အသီးစားသစ်ပင်၊ အပွင့်လှပန်းပင်တို့ကို စိုက်ပျိုးခြင်း၊ ရေတွင်းရေကန်နဲ့ နေစရာကျောင်းကန်တို့ကို လှူဒါန်းခြင်းဟာ ထာဝရကုသို်လ်အလှူမျိုးလို့ မိန့်တော်မူပါတယ်။ သုံးစွဲသူ တွေ အကျိုးများလှသလို လှူဒါန်းသူတွေအတွက်လည်း အလွန်မှကုသိုလ်တိုးပွားစေတယ်လို့ မိန့်တော် ခဲ့ပါတယ်။ ကိုယ်ကတော့ ရေကိုချွေတာနေစရာမလိုပဲ အလိုရှိတဲ့သစ်ပင်ပန်းပင်တွေ စိုက်ပျိုးနိုင်တော့ မှာမို့ ဝမ်းမြောက်မိပါတယ်။
မြေဧကတစ်ဝက်ဆိုတဲ့အကျယ်ဟာ လူအများ သုံးစွဲနိုင်ဖို့အတွက်လုံလောက်တဲ့ ပမာဏမဟုတ်ပေမယ့် ကိုယ်စိုက်ချင်တဲ့သစ်ပင်အနည်းငယ်အတွက်တော့ လုံလောက်တဲ့ပမာဏပါ။ ဒီနေရာကျဉ်းကျဉ်းလေး မှာပဲ မြန်မာတို့ရဲ့ ရိုးရာစဉ်လာ ရာသီပွဲတော်များ၊ သာရေးနာရေး အလှူပွဲများ၊ တရားစခန်းနဲ့ တရားပွဲ တော်များကို ကျင်းပနိုင်ခဲ့ပါပြီ။ ချောင်ချောင်ချိချိ ပြည့်ပြည့်စုံစုံ မဟုတ်ခဲ့သည့်တိုင် သူ့အိုးနဲ့သူ့ဆန်တော့ တန်တဲ့အနေအထားလို့ ပြောနိုင်မယ်ထင်ပါတယ်။

တမင်စီမံကိန်းနဲ့ စိုက်ခဲ့တာမဟုတ်ပေမယ့် နှစ်လည်ရာသီအတွက် ပန်းပင်တွေလည်း ဝေေ၀ဆာဆာ စိုက်ပျိုးနိုင်ခဲ့ပြီ။ နှစ်ရှည်အတွက် သီးပင်စားပင်များလည်း အထိုက်အလျောက် စိုက်ပျိုးနိုင်ခဲ့ပြီ။ ဒီ အတွက်လည်း ပြောခဲ့သလို လိုအပ်တဲ့ မြေနဲ့ ရေလည်း အပြည့်စုံဆုံးမဟုတ်လျင်တောင် သင့်တင့်တဲ့ အနေအထားတော့ ဖန်တီးထားနိုင်ခဲ့ပြီ။ သစ်ပင်ပန်းပင် ဘယ်လောက်စိုက်ချင်ပေမယ့် စိုက်ပျိုးစရာ မြေနဲ့ ဆက်လက်ရှင်သန်စေဖို့ လောင်းစရာ ရေမရှိလျင် ဘယ်လိုလုပ် သစ်ပင်စိုက်ပျိုးနိုင်မှာလဲ။
နှစ်ရာထောင်အတွက် ရည်ရွယ်တယ်၊ ဒီထက်ပိုပြီးပြောရရင် သံသရာကောင်းကျိုးအတွက် ရည်ရွယ် တယ်ဆိုလျင်ဖြင့် လူသားတွေအတွက် သင့်တော်မည့် ဆိုင်ရာဆိုင်ရာ အသိပညာတွေကို ပေးဖို့ လိုတယ်တဲ့။ မုဒိတာရွှေကျောင်းရဲ့ ကြွေးကြော်သံကနဲ့ ရည်ရွယ်ချက်က “၀မ်းမြောက်ကြည်နူးခြင်းမှ သည် ငြိမ်းအေးလွတ်မြောက်ရေးဆီ” ပါ။ ကိုယ့်ပတ်ဝန်းကျင်က လက်လှန်းမီရာသူတွေကို ငြိမ်းချမ်း လွတ်မြောက်ရာအရပ်ဆီ အရောက်ပို့ပေးနိုင်ဖို့ပါ။ ဒီအတွက် အသိပညာတွေ ဖြန့်ဖြူးပေးရမယ်ပေါ့။ ဒါက ကိုယ်ရည်ရွယ်တဲ့အလုပ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်။


အသိပညာဆိုရာမှာလည်း တဘအတွက် ချမ်းမြေ့စွာနေထိုင်နည်း အတတ်ပညာပါမက သံသရာ ကောင်းကျိုးနဲ့ သံသရာဆင်းရဲက လွတ်မြောက်ကြောင်းအတွက် အသိပညာများကိုလည်း ပေးဖို့လိုပေ လိမ့်မယ်။ ဒီအတွက်လည်း နေရာထိုင်ခင်းက အမှန်ပဲလိုအပ်ပါတယ်။

မုဒိတာရွှေကျောင်းကို လာရောက်ပြီး အသိပညာဖြန့်ဖြူးပေးကြမယ့် အသိပညာရှင်တွေရှိပေမယ့် ဒီအသိပညာတွေဖြန့်ဖြူးစရာ နေရာလေးတစ်ခုမှ ကောင်းကောင်းမွန်မွန် မရှိဘူးဆိုရင်ဖြင့် ဘယ်လိုမှ ကျယ်ကျယ်ပြန့်ပြန့် အသိတွေပေးဝေလို့ ရနိုင်ပါ့မလဲ။

သစ်ပင်ပန်းပင်စိုက်ပျိုးခဲ့လို့ ပိုနေတဲ့မြေနေရာမှာ အသိပညာစိုက်ပျိုးဖို့ နေရာတစ်ခု ဖန်တီးဖို့ စတင် စီမံနေပါပြီ။ ဒီနေရာလေးမှာ သာသနာနဲ့စပ်လာရင် အမြတ်လို့ ပြောရမယ့် သိမ်နဲ့ တရားဟောတရားပြ ချောင်ချောင်ချိချိဖြစ်စေဖို့ ဓမ္မာရုံလည်းပါဝင်ပါမယ်။ ချမ်းချမ်းသာသာ သုံးစွဲနိုင်ရန်အတွက် အိမ်သာနဲ့ ရေချိုးခန်းများကိုလည်း လုံလုံလောက်လောက်ထည့်ဖို့ ရည်ရွယ်ထားပါတယ်။



နှစ်တိုနှစ်ရှည် ပန်းပင်သစ်ပင်စိုက်ပျိုးဖို့အတွက် လူအားငွေအား အများကြီးမလိုပေမယ့် အသိပညာ စိုက်ပျိုးဖြန့်ဖြူးနိုင်ရန် နေရာတစ်ခု ဖန်တီးရာမှာတော့ အများရဲ့စုပေါင်းအားတွေ များစွာလိုပါလိမ့်မယ်။

ဒါဟာဖြင့် နှစ်တရာ၊ နှစ်တစ်ထောင် မက၊ ဘ၀အရာ ဘ၀အထောင်လည်း မက၊ သံသရာ တစ်လျှောက်နဲ့ သံသရာကနေ ထွက်ရာလမ်းဖြစ်တဲ့ ဒါနဥယျာဉ် ဓမ္မဥယျာဉ်မှာ ကုသိုလ်မျိုးစေ့ကို စိုက်ပျိုးခွင့် ရနိုင်စေဖို့  အခွင့်အလမ်းကောင်းတစ်ခုလည်းဖြစ်ပါတယ်။ ။



No comments:

Post a Comment