Wednesday, September 11, 2013

ခေါင်းနဲ့ပန်းနဲ့ စိမ်းလန်းတဲ့မြေ


ခေါင်းနဲ့ပန်းနဲ့ စိမ်းလန်းတဲ့မြေ



Somewhere greener, somewhere warmer.
Up in the mountains, down by the ocean.
Where? It don't matter, as long as we're goin'
Somewhere together. I've got a quarter.
Heads, Carolina Tails, California.


ကာရိုလိုင်းနားဖက်ကို ခရီးတိုတစ်ခုထွက်မယ်လို့ စိတ်ကူးဖြစ်မိကတည်းက ကာရိုလိုင်းနားနဲ့ ပတ်သက် တဲ့အကြောင်းဆို စိတ်ကအလိုလို  သတိပြုမိသလိုဖြစ်နေမိခဲ့တယ်။ ကာရိုလိုင်းနားဖက်မှာ ဘာတွေထူး ထူးခြားခြားရှိနေမလဲ။ ခုချိန်မှာရာသီဥတုက ကိုယ်နေထိုင်ရာ မြောက်ပိုင်းကာလီဖိုးနီးယားမှာလို အေး နေလေဦးမလား။ ဒါမှမဟုတ် နွေဦးရာသီရောက်နေပြီမို့ တော်တော်ရော ပူနေလောက်ပြီလေလား။ ဒီ အချိန်မှာဆိုလျင်တော့ အမေရိကန်အရှေ့ဖက်ခြမ်း ပြည်နယ်အများစုလိုမှာပဲ တောတွေတောင်တွေ မြက်ခင်းစိမ်းစိမ်းတွေနဲ့ ကြည့်လေမြင်ရာ အရပ်မျက်နှာတိုင်းဆီမှာ မြစိမ်းရောက်ကမ္ဗလာ လွှမ်းခြုံထား သလို ဖြစ်နေလေမလားလို့လည်း ကြိုတင်တွေးမိခဲ့သေးတယ်။ 

နွေဦးရာသီရောက်ပြီဆိုတော့ ကာလီဖိုးနီးယားမှာရှိတဲ့ တောတွေတောင်တွေ တော်တော်များများ ခြောက်သွေ့ဖို့ စတင်လို့ တာစူနေပြီလေ။ မိုးနဲ့ဆောင်းမှာ စိမ်းလန်းစိုပြေခဲ့တဲ့ တောင်တန်းကြီးတွေ၊ မြက်ခင်းရိုင်းကွင်းပြင်တွေကလည်း အဝါရောင်သန်းစပြုနေလေပြီပေါ့။ ပန်းခြံတွေ၊ အိမ်ရှေ့မြက်ခင်း ပြင်တွေလောက်မှာသာ မြက်ခင်းတွေစိမ်းလန်း၊ ပန်းပေါင်းစုံတွေလည်းဝေနေပေမယ့် တောရိုင်းလွင်ပြင် တောင်စဉ်တောင်တန်းများကတော့ ရွှေဝါရောင်လွှမ်းလို့ နွေသရုပ်ကို ဖော်ထုတ်ကာ ပြနေလေပြီ။

မေလ ၃၀ ရက် နံနက်ခင်း ၆ နာရီ ၂၀ မှာ ကာလီဖိုးနီးယားမြောက်ပိုင်း ဥက္ကလံလေဆိက်ကနေ လေ ယာဉ်စထွက်ခဲ့တယ်။ လေထုနဲ့လေတိုက်နှုန်း အခြေအနေကြောင့် ဖြစ်မည်ထင့်။ တောတွေတောင်တွေ ပေါ်ကို ဖြတ်သန်းကာ ပျံသန်းလာတဲ့လေယာဉ်က မငြိမ်မသက်၊ လှုပ်လှုပ်ခါခါ။ ခါးပတ်တွေပတ်ထားဖို့။ ကိုယ့်နေရာမှာသာ ထိုင်နေကြဖို့ မကြာခဏသတိပေးသံကို ကြားနေရတယ်။ အောက်ကမြင်ကွင်းများ ကတော့ ဖြူချီတစ်ခါ၊ မဲချီတစ်လှည့်၊ ၀ါခဲ့တစ်ဖုံ။ အရောင်အသွေး စုံစုံလင်လင်။


ကောလိုရာဒိုပြည်နယ်ထဲက ဒင်ဘာမှာ လေယာဉ်ပြောင်းရမှာမို့ လေယာဉ်က ဒင်ဘာကို ဆင်းဖို့နီနေပြီ။ ဒင်ဘာအနီးမှာဆိုတော့ ရော့ကီတောင်တန်းပေါ်က ဆောင်းကြွင်းကျန် စနိုးတွေဖြစ်မယ်လို့ထင်မိပါ တယ်။ နှင်းတောင်တွေအပေါ် နေရောင်ခတော့ မြင်ရတဲ့မြင်ကွင်းက ငွေတောင်တွေအလား အလွှာလွှာ အထပ်ထပ်။ တောင်ကြားမှာ တည်ရှိနေတဲ့ရေကန်ရဲ့ ရေမျက်နှာကလည်း ပြာလဲ့လဲ့။ ကောင်းကင်ကျယ် ကျယ် တောင်စွယ်အထပ်ထပ် တိမ်လွှာတွေရစ်ပတ်နေတဲ့ မြင်ကွင်းက တွေးချင့်လွမ်းမောဖွယ်ရာ အပြည့်။ ကိုယ့်နေရာ ကျဉ်းမြောင်းမြောင်းလေးထဲမှာသာ တစ်နေ့လာ ဒါ၊ နောက်တစ်နေ့လာလည်း ဒါ၊ ဒါ ဒါ ချည်းသာတွေ့တွေ့နေရသမို့ ညည်းငွေ့နေတဲ့စိတ်က တိမ်လွှာကြားမှာ ပျံသန်းပြေးလွှားခွင့်ရတော့ အတန်ငယ် လွတ်လပ်ပေါ့ပါးလာလေဟန်။

လေယာဉ်ပြတင်းဝကနေ အပြင်ဖက်ကိုကြည့်လိုက်လျင်ဖြင့် တိမ်တောင်တိမ်လွှာ အထပ်ထပ်ကို ရင် သပ်ရှုမော မြင်နေရတယ်။ တောင်စွန်ထိပ်ဖျား ရပ်နားနေတဲ့တိမ်တွေ၊ လေနှင်ရာ မျောလွင့် မောချင့် ဖွယ်ရာ တိမ်တွေ၊ အရှိန်အဟုန်နဲ့ ပြေးလွှား၊ လေယာဉ်နဲ့အတူ စိမ်ပြေးတမ်း ကစားနေတဲ့ တိမ်တွေ၊ ဆန့်ကျင်ရာအရပ်ဆီ တူရူပြေးသွား၊ စိမ်းကားစွာချန်ထားခဲ့တဲ့တိမ်တွေ၊ လေယာဉ်ခရီးသွားလို့ တိမ် လွှာတွေကိုမြင်မိတိုင်း ရှင်ဥတ္တမကျော်တောလားရတုထဲက   “တိမ်ညိုမိလ္လာ၊ တိမ်စူကာနှင့်၊ တိမ်
ပြာရောရှက်၊ မရန်းဘက်၍၊ တိမ်သက်တန့်ရောင်၊ အ၀ါပေါင်ဝယ်၊ မှောင်ခဲ့တခါ၊ ပြာခဲ့တချို့၊ ညိုခဲ့တလီ၊ ရီခဲ့တဖုံ၊ မှုံခဲ့တချက်၊ ယုဂန်ထက်က၊ လေးဘက်လုံးခြုံ၊ တိမ်ဂဠုန်လည်း၊ နဂါးရုံကြွေ့၊ ရန်ချင်းတွေ့သော်၊ ခိုးငွေ့လွှတ်ပြိုင်၊ ဂုဏ်ချင်းဆိုင်ခဲ့” ဆိုတဲ့စာသားလေးကို သတိရနေမိတတ်တယ်။

တခါခါမှတော့ တိမ်တောင်တိမ်လိပ်၊ တိမ်ရိပ်ရပ်ဝန်း၊ တိမ်ကျွန်းဗိမာန်၊ တိမ်ပျံထိပ်ဖျား၊ တိမ်လွှာကြား ၀ယ်၊ ပြေးလွှားဖွဲ့ရစ်၊ စိတ်အသစ်တွေ၊ တရိပ်ရိပ်ဖြစ်၊ အတိတ်အနာဂတ်၊ ဆက်စပ်တွေးတော၊ မျော လွင့်ဝေသီ၊ တိမ်ခြည်အလား၊ ဝေ၀ါးလွင့်ပျောက်၊ ဟိုရောက်ဒီရောက် အတွေးက အဆွေးလေလား၊ အငေးလေလား၊ ဝေဝေ၀ါးဝါး၊ ခွဲခြားမရ ပေါ်လာတတ်ပြန်တယ်။

ဒင်ဘာလေဆိပ်မှာ ၂ နာရီခွဲခန့်နားပြီး ၁၂ နာရီကျော်ကျော်မှာ မြောက်ကာရိုလိုင်းနားပြည်နယ်ထဲရှိ ရာလေး၊ ဒူဟမ်မြို့ဆီ ခရီးဆက်ခဲ့တယ်။ ဒီခရီးစဉ်မှာတော့ အလယ်ခုံတန်းမှာ နေရာရခဲ့လို့ အပြင်ဖက် ဆီငေးကြည့်လို့ အဆင်မပြေတာကြောင့် စာရေးစာဖတ်၊ ညောင်းတဲ့အခါနားနဲ့ ခရီးဆက်ခဲ့တယ်။

ရာလေလေဆိပ်ကို လေယာဉ်ဆိုက်တော့ လေဆိပ်ကမြော်လင့်ထားတာထက် ခမ်းနားထယ်ဝါနေတာ တွေ့ရတယ်။ အမေရိကန်မှာ နှစ်ပေါင်းအတော်ကြာကြာနေခဲ့၊ အမေရိကန်သမိုင်းကိုလည်း အတန် အသင့် လေ့လာထားခဲ့ပေမယ့် ရာလေးဆိုတဲ့မြို့ဆိုတဲ့အမည်ကို မကြားမိဖူးခဲ့။ ဒီဒေသမှာ ခုလောက်ကြီး မားတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တစ်ခုရှိနေမယ်လို့လည်း မြော်လင့်မထားခဲ့။  ဒီနေရာ ဒီဒေသ ဒီ ပတ်ဝန်းကျင်မှာ ဒီအချိန် ဒီအခါ ဒီရာသီမှာ ဒီလောက်အထိ စိမ်းလမ်းစိုပြေနေလိမ့်မယ်လို့ မြော်လင့် မထားတော့ မြင်ရတဲ့မြင်ကွင်းက အံ့သြရှုမောဖြစ်စေခဲ့တယ်။

လေဆိပ်ကို ရာလေးမြို့ ရွှေသြဇာကျောင်းဆရာတော် အရှင်ဝိဇယနဲ့ တပည့်ဒကာများ လာရောက် ကြိုဆိုကြပါတယ်။ ခရီးစဉ်မှာ အတူသွားကြမည့် အော်ရီဂင်ပြည်နယ် ပေါ့တလန်မြို့ သီရိမင်္ဂလာ ကျောင်းဆရာတော်က လေဆိပ်မှာ ကြိုရောက်နှင့်တယ်။ ကာလီဖိုးနီးယားပြည်နယ် ဆန်ဟိုးဆေးမြို့ ကနေ ကြွလာမည့် ရွှေစင်တိပိဋကဆရာတော် ဦးဂန္ဓမာလင်္ကာရကတော့ ရောက်မလာသေး။ တိပိဋ ကဆရာတော်ရဲ့ တပည့်ဖြစ်တဲ့ ဦးအဂ္ဂ၀ံသကတော့ ကိုယ်နဲ့အတူပါလာခဲ့တယ်။

မြောက်ကာရိုလိုင်းနားပြည်နယ် ဟိုက်ပွိုင့်မြို့က ဓမ္မဗိမာန်ဆရာတော် ဦးနန္ဒ၀ံသက ဒီခရီးကိုဦးဆောင် မှာမို့ ဒီည ဓမ္မဗိမာန်မှာ ကျိန်းစက်ကြမယ်။ ဒီကမှတဆင့် အမေရိကန်အရှေ့တောင်ပိုင်းရှိ ပြည်နယ်များ ဆီ ခရီးချီကြမယ်ပေါ့။ ခုတော့ တစ်ခါမှ မရောက်ဖူးသေးတဲ့ ကာရိုလိုင်းနားပြည်နယ်ကိုရောက်ခဲ့လေပြီ ပေါ့။

ရာလီလေဆိပ်က တည်းခိုမည့် ဟိုက်ပွိုင့်မြို့ရှိ ဓမ္မဗိမာန်ကျောင်းနဲ့က အနီးဆုံးလေဆိပ်ပေါ့။ လေဆိပ် ကနေ တစ်နာရီခွဲခန့်ကားမောင်းရတဲ့အဝေးမှာတဲ့။ မိနစ်သုံးဆယ်လောက်အကြာမှာတော့ တိပိဋက ဆရာတော်ရဲ့ လေယာဉ်ဆိုက်လာတယ်။ အားလုံးစုံပြီမို့ ရွှေသြဇာဆရာတော်ရဲ့ ဦးဆောင်မှုနဲ့ မကြာမီ ကမှ ပြောင်းရွှေ့ထားတဲ့ ရွှေသြဇာကျောင်းနေရာသစ်ဆီ ခဏဝင်ရောက်ခဲ့ကြတယ်။ ရွှေသြဇာကမှ တဆင့် ဓမ္မဗိမာန်ဆီသို့။
မကြာမီကပဲ ကားမောင်းနေစဉ် ရေဒီယိုကနေ Heads Carolina, Tails California ဆိုတဲ့ သီချင်းသံကို ကြားမိလိုက်လို့ ဂရုပြုနားထောင်မိတော့ သီချင်းစာသားက ကိုယ်ရည်ရွယ်ထားတဲ့ခရီးစဉ်နဲ့ တိုက်တိုက် ဆိုင်ဆိုင်လာဖြစ်နေတယ်။

တစ်နေရာမှာ စိမ်းလန်းစိုပြေ
တစ်နေရာမှာ နွေးလို့ပူနေ
တောင်ပြာတန်းရဲ့ ထိပ်ကိုလား
သမုဒ္ဒရာရေလွှာ အောက်ဆီလား
ဘယ် သွားကြမလဲ

နေရာဆိုတာ အဓိကမကျပေ
တစ်နေရာရာကို အတူသွားကြမယ်လေ။

ဒီမှာ မတ်စေ့ရှိတယ်
ခေါင်းပန်လှန်ကြမယ်
ခေါင်းဆို ကာရိုလိုင်းနား
ပန်းကျလျင် ကာလီဖိုးနီးယား…..
သွားကြမယ်လေ။

တစ်နာရီကျော်ကျော် ကားမောင်းရတဲ့ခရီးအတွင်း ရှုခင်းများက စိမ်းစိမ်းစိုစို။ ညို့မှိုင်းနေတဲ့ သစ်ပင် အုပ်အုပ်ကြားမှာ ဟိုတစ်ကွက် ဒီတစ မြင်ရတဲ့ မြို့ပြအကွက်အကွင်းများက မြင်နေကျမြင်ကွင်းများနဲ့ ခြားနားစွာ။ Heads Carolina, Tails California ဆိုတဲ့ သီချင်းလေးထဲကအတိုင်း တကယ့်ကိုပဲ ပြောရလောက်အောင် စိမ်းလန်းစိုပြေလန်းဆန်းလို့နေတယ်။ စိုပြေစိမ်းလန်းလွန်းတဲ့ ကာရိုလိုင်း နားမြေကို လည်ပတ်ခွင့်ရမှာကို တွေးပြီး ကြည်နူးကြေနပ် ဘဝင်လေသလပ်လို့လည်း နေမိပါတယ်။ ။




အရှင်ဥာဏိကာဘိဝံသ



1 comment: