Wednesday, September 4, 2013

ဘ၀အဓိပ္ပါယ်


ဘ၀အဓိပ္ပါယ်
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)

ဟိုအရင်ကပေါ့။ ဘ၀အဓိပ္ပါယ်ကို ရှာဖွေနေသူတစ်ဦး ဒီကမ္ဘာမြေပေါ်မှာ နေထိုင်ခဲ့ဘူးတယ်။ သူဟာ နေရာဒေသအနှံ့ သွားရောက်ခဲ့ပြီး ရောက်ရာအရပ်တိုင်းက ပညာရှိအတော်များများကို သူရှာဖွေနေတဲ့ ဘ၀အဓိပ္ပါယ် ကို မေးမြန်းလေ့ရှိတယ်။ နှစ်တွေသာ ကြာညောင်းခဲ့ပေမယ့် သူလိုချင်တဲ့အဖြေကိုတော့ မရနိုင်ခဲ့ပါဘူး။ သူလိုချင်တဲ့အဖြေကို မရနိုင်ခဲ့တာကြောင့် စိတ်မချမ်းသာနိုင်ပဲ တအုံနွေးနွေးနဲ့ သူ့မှာ နေနေရတယ်။

တနေ့မှာတော့ သူ့လိုချင်တဲ့အဖြေအတွက် လမ်းစတစ်ခုပေးနိုင်မယ့် အဖိုးအိုတစ်ဦးနဲ့ ကံအားလျှော်စွာ သူဆုံတွေ့တယ်။ အဖိုးအိုက သူ့ကို ‘ဟို တောနက်နက်ကြီးထဲကိုသွား၊ အဲဒီမှာ လိုဏ်ဂူကြီးတစ်လုံးကို တွေ့လိမ့်မယ်။ လိုဏ်ဂူကြီးထဲ တော်တော်လေးဝင်သွားရင် တွင်းနက်ကြီးတစ်လုံးကို တွေ့ရလိမ့်မယ်။ အဲဒီတွင်းနက်ကြီးတွေ့ တာနဲ့ အောက်ကိုအသာငုံ့ပြီး သင်လိုချင်တဲ့ ဘ၀အဓိပ္ပါယ်ဆိုတာ ဘာလဲလို့ အော်မေးလိုက်၊ တွင်းနက်ကြီးထဲက တစ်စုံတစ်ဦးက သင်လိုချင်တဲ့ဖြေကို ပေးလိမ့်မယ်’လို့ အကြံပေး လိုက်တယ်။


ဘ၀အဓိပ္ပါယ်ကိုရှာဖွေနေသူလည်း သူလိုချင်တဲ့အဖြေကို သိရတော့မယ်ဆိုတာကြောင့် တောနက်ကြီး ဆီကို အားတက်သရော ပြေးသွားခဲ့တယ်။ အဖိုးအိုပြောတဲ့အတိုင်း လိုဏ်ဂူကြီးတွေ့တာနဲ့ အတွင်းကို ဒရောသောပါး ၀င်သွားလိုက်တယ်။ လိုဏ်ဂူထဲတော်တော်လေးဝင်မိတော့ တွင်းနက်နက်နက်ကြီး တစ်ခုကို တွေ့ တယ်။ တွေ့တွေ့ခြင်းပဲ ဘ၀အဓိပ္ပါယ်က ဘာလဲလို့ တွင်းကြီးထဲ ငုံ့မေးလိုက်တယ်။ ဒီ အခါမှာ တွင်းကြီးထဲကနေပြီး ‘အေး အဖြေမှန်သိချင်ရင် ရွာထဲက လမ်းဆုံကိုပြန်သွား၊ အဲဒီမှာ သင်လို ချင်တဲ့အဖြေကို တွေ့လိမ့်မယ်’ လို့ ပြန်ဖြေတယ်။

ဒီတော့ အဖြေမှန်ရှာဖွေနေသူလည်း ဘာမှ ပြန်ပြောမနေတော့ပဲ ရွာထဲကို အမြန်ပြေးသွားခဲ့တယ်။ လမ်းဆုံရောက်တဲ့အခါမှာတော့ ဘာမှ ထူးထူးခြားခြားမတွေ့ရဘူး။ သူလိုချင်တဲ့ အဖြေနဲ့နီးစပ်တဲ့ အရိပ်အရောင်လေးတောင်မှ မတွေ့ရဘူး။ သူလိုချင်တဲ့ အဖြေအစား သူ့အတွက် ဘာမှစိတ်ဝင်စားဖွယ် မကောင်းတဲ့ ဈေးဆိုင်သုံးဆိုင်ကိုပဲ တွေ့ရတယ်။

ဆိုင်သုံးဆိုင်ထဲက တစ်ဆိုင်ကတော့ သံတိုသံစတွေရောင်းတယ်။ တစ်ဆိုင်ကတော့ သစ်သားတွေ ရောင်းတယ်။ ကျန်တဲ့တစ်ဆိုင်ကတော့ ကြိုးတွေရောင်းတယ်။ ဒီဆိုင်တွေက ဘယ်အရာတစ်ခုကမှ သူလိုချင်တဲ့အဖြေနဲ့ မနီးစပ်သလို ဆိုင်တွင်းမှာရှိနေတဲ့ တစ်ဦးတစ်ယောက်ကမှလည်း သူလိုချင်တဲ့ အဖြေကို ပေးနိုင်မယ့်ပုံပေါက်တာ မတွေ့ရပါဘူး။

ဘဝအဓိပ္ဗါယ်ရှာနေသူလည်း စိတ်ပျက်လက်ပျက်ဖြစ်ပြီး တွင်းကြီးရှိရာကို ပြန်လာခဲ့တယ်။ နောက်ပြီး တွင်းထဲကို ငုံ့ကြည့်ပြီး ‘သင်ပြောတော့ ရွာလမ်းဆုံမှာ အဖြေမှန်ကိုတွေ့ရလိမ့်မယ်။ ခု ငါ ရွာထဲက ပြန်ခဲ့ပြီ။ ရွာထဲမှာ ထူးထူးခြားခြား ဘာမှ မတွေ့ရဘူး။ ကျွနု်ပ်လိုချင်တဲ့ အဖြေနဲ့နီးစပ်တဲ့အရိပ်အရောင် လေးတောင် မတွေ့ရဘူး၊ ကဲ ရှင်းစမ်းပါဦး။ ဘာကြောင့်ရွာလမ်းဆုံမှာ ကျွနု်ပ်ရှာနေတဲ့အဖြေကို တွေ့ရ မယ်လို့ သင်ပြောရတာတုံး လို့ ပြန်မေးခဲ့တယ်။ ဒါပေမယ့် သူမေးလိုက်တဲ့ သူ့အသံရဲ့ ပဲ့တင်ရိုက်ခံ သံက လွဲလို့ တွင်းကြီးဆီက ဘာအသံကိုမှ ပြန်မကြားရတော့ပါဘူး။

ဘဝအဓိပ္ဗါယ်ရှာဖွေသူကတော့ တနေရာရာ တစ်စုံတစ်ယောက်ဆီကများ သူလိုချင်တဲ့အဖြေကို ရလိမ့် နိုးမျှော်လင့်ချက်နဲ့ ဆက်လက်ပြီး ရှာနေခဲ့တာ နှစ်တွေတောင် တော်တော်ကြာသွားခဲ့တယ်။ လိုဏ်ဂူထဲ ရှိ တွင်းနက်ကြီးနဲ့ ဖြစ်ပျက်ခဲ့တဲ့ သူ့အဖြစ်အပျက်ကိုတောင်မှပဲ မေ့သလောက်ရှိသွားခဲ့ပြီ။

တညမှာတော့ ကောင်းကင်တပြင်လုံး တိမ်ကင်းစဉ်နေတယ်။ လမင်းကြီးကလည်း ထိန်ထိန်သာလို့။ ကြယ်တာရာများကလည်း စုံစုံလင်လင် လင်းလင်းလက်လက်။ ရာသီကလည်း ဆောင်းဦးဝင်စ။ တိတ် ဆိတ်လွန်းတဲ့ ညတစ်ညပေါ့။ အအေးဖွလို့ ကြွေကြလေတဲ့ ရွက်ဝါလေးများရဲ့ ခြေသံသည်ပင်လျင် ညဥ့်ယံကိုထွင်းဖောက်လို့ အိပ်ခန်းထဲထိ ၀င်ရောက်လာသလို ခံစားမိတယ်။ မြောက်ပြန်လေကလည်း သူမျှော်ကြည့်နေတဲ့ ပြတင်းတံခါးဆီကို ညင်းညင်းသာသာ တိုက်ခတ်လာတယ်။ ဟိုခပ်လှန်းလှန်းရှိ ကွင်းပြင်ထဲမှာ လူတစ်ယောက် ဂီတာတီးခတ်နေ တာကို မြင်နိုင်လောက်အောင်အထိ လရောင်က ထွန်းတောက်နေတယ်။ လေညင်းနဲ့အတူ သဲ့သဲ့လေးပျံ့လွင့်လာတဲ့ ဂီတာသံက သူ့နားဝပါမက နှလုံး သားတိုင် ညိမ့်ညောင်းစွာ တိုးဝင်စီးမျောလို့။ ဘယ်လောက်တောင် ပြည့်စုံလွန်းတဲ့ ညွတ်နူးဖွယ် ညတစ်ညပါလဲ။

သူ့ခြေထောက်များက သူ့ခန္ဓာကိုယ်ကို ဂီတာသံလာရာအရပ်ဆီ မပို့ရ မနေနိုင်အောင်အထိ ဂီတာသံက ဆွဲဆောင်လွန်းတယ်။ ဂီတာရှင် အာရုံလွင့်မှာစိုးသမို့ သူ့ခြေထောက်ကိုဖွဖွနင်းကာ ဂီတာရှင်အနား ချဉ်း ကပ်ခဲ့တယ်။ သူ့မျက်လုံးများကလည်း ဂီတာပေါ်မှာ ပြေးလွှားနေတဲ့ ဂီတာရှင်ရဲ့ ကနေဟန် လက်ချောင်း များဆီ စူးစိုက်လို့။

ဒီဂီတာဟာ တစ်ချိန်က ရွာလယ်ဈေးဆိုင်များမှာ သူတွေ့ခဲ့ရတဲ့ သစ်၊ သံ၊ ကြိုးများနဲ့ ပြုလုပ်ထားတဲ့ တူ ရိယာပစ္စည်းဖြစ်နေတယ်ဆိုတာကို သူကောင်းကောင်းသိလိုက်ရတယ်။ ဈေးဆိုင်အသီးသီးမှာ တစ်ခုစီ သူတွေ့ခဲ့ရ ချိန်က ဒီပစ္စည်းတွေဟာ သူ့အတွက် ဘာမှ အဓိပ္ဗါယ်မရှိတဲ့ ပစ္စည်းတွေ။

ဒီအခိုက်မှာပဲ ဟိုတချိန်တုံးက တွင်းနက်ကြီးထဲက ပြောခဲ့တဲ့စကားကို နားလည်စပြုလာတယ်။ သူ အနှစ်နှစ် အလလက ရှာဖွေနေခဲ့တဲ့ ဘ၀အဓိပ္ပါယ်ကိုလည်း ထင်ထင်ရှားရှား တွေ့လိုက်ရတယ်။

အလားတူပဲပေါ့။ တို့တွေအားလုံးဟာ တို့အနီးအနားမှာ တို့တွေပိုင်ဆိုင်တဲ့အရာတွေကိုကျော်ပြီး အခြား အရာတစ်ခုခုက တို့တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ထင်မြင်တတ်ကြတယ်။ တကယ်တော့ တို့အားလုံး ရှာဖွေနေတဲ့ အရာများဟာ တို့တွေဆီမှာ ရှိနှင့်ပြီးသားပါ။ ဒီအရာတွေဟာ တစစီပြန့်ကျဲနေတဲ့အရာများလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ တို့တွေရဲ့တာဝန်က အပိုင်းပိုင်းအစစ ပြန့်ကျဲနေတဲ့ အရာတွေကို ဘယ်လိုပေါင်းစပ်ပြီး ဘ၀အဓိပ္ပါယ်ကို ဖော်ဆောင်မယ်ဆိုတာ သိနားလည် ဖို့ပါ။

တို့တွေအသီးသီးဆီမှာ ရှိနေတဲ့ အချို့အချို့အရာတွေဟာ တစ်ခုချင်းစီ ပြန့်ကြဲနေရင် ဘာမှ အဓိပ္ပါယ် မရှိတဲ့အရာများ ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သို့ပေမယ့် ဒီအဓိပ္ပါယ်မရှိသလိုဖြစ်နေတဲ့ အရာများကိုပဲ စနစ်တကျပေါင်းစုလိုက်မယ်၊ နောက်ပြီး သူ့နေရာနဲ့သူ အံဝင်ခွင်ကျသုံးစွဲလိမ့်မယ်ဆိုရင် တို့တွေရှာ ဖွေနေတဲ့၊ တို့တွေလိုလားတဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့အရာတစ်ခုဖြစ်လာနိုင်ပါတယ်။

တို့တွေအားလုံးပိုင်ဆိုင်ထားတဲ့အရာထဲမှာ ဘယ်အရာတစ်ခုမှ တန်ဖိုးမဲ့တာ၊ အသုံးချလို့မရနိုင်တဲ့အရာ ဆိုတာ တကယ်တော့ မရှိပါဘူး။ ပေါင်းစည်းခြင်းအတတ်ပညာကိုသာ ကျွမ်းကျင်လိမ္မာအောင် တို့တွေ သင်ယူကြဖို့သာ လိုတာပါ။


No comments:

Post a Comment