ချော့ကလက် ချိုချို
အရှင်ဥာဏိကာဘိဝံသ
(ကာလီဖိုးနီးယားတက္ကသိုလ်)
ဗုဒ္ဓအဘိဓမ္မာကိုသင်ယူစဉ်က
ကာယမုဒုတာ (ကိုယ်ရဲ့နူးညံ့ခြင်း)၊ စိတ္တမုဒုတာ(စိတ်ရဲ့နူးညံ့ခြင်း) ဆိုတဲ့
စေတသိက်တွေရဲ့ နာမည်နဲ့ သူတို့ရဲ့သဘောတရားများကို မှတ်သားရတယ်။
စာမေးပွဲဖြေဆိုနိုင်ဖို့ စာထဲ မှာပါတဲ့အဓိပ္ဗါယ်များကို
ကြိုးစားပြီးလေ့လာမှတ်သားခဲ့ပေမယ့် သူတို့ရဲ့သဘောသဘာဝဆိုက်အောင် တော့
နားမလည်နိုင်ခဲ့ပါဘူး။ စာမေးပွဲကိစ္စတွေပြီးဆုံးလို့
တရားရှုမှတ်ပွားများတဲ့အလုပ်ကို အချိန်ပေး ပြီးလုပ်ဖြစ်ကာမှ ဒီကာယမုဒုတာ၊
စိတ္တမုဒုတာတို့ရဲ့ သဘောတရားကို ပြည့်ပြည့်၀၀ နားလည်သဘော ပေါက်ခဲ့ပါတယ်။
ဒီသဘောတရားတွေ
ကိုယ့်ကိုယ်မှာ ထင်ထင်ရှားရှားဖြစ်နေခိုက်မှာ စိတ်ဓာတ်တွေ သိမ်မွေ့နူညံ့နေ တာ။
နာကျင်မှုတွေ လုံးဝမရှိတော့တာ၊ ဒါတင်မက ထိသမျှ ကိုင်သမျှ အရာအားလုံးဟာလည်း ပျော့
ပျောင်း နူးညံ့ဖြစ်နေတာကို အမှတ်ထားမိပါတယ်။ အဲဒီအချိန်ကစလို့
နောက်ပိုင်းမှာလည်း ခန္ဓာကိုယ် မှာ နာ ကျင်မှုတစ်ခုခုဖြစ်တဲ့အခါမျိုးမှာ ကိုယ့်ခန္ဓာကိုယ်ကို
နူးညံ့လာအောင် စူးစိုက်လိုက်ရင် နာကျင်မှု တွေ အတန်အသင့် သက်သာသွားတတ်ပါတယ်။
တခါခါမှာတော့လည်း
မထင်မှတ်တဲ့အကြောင်းလေးတစ်ခုကနေ စိတ်ကိုကြည်နူးမှုဖြစ်တတ်ပါသေး တယ်။
ဒီကြည်နူးကို ပြန်လည်စဉ်းစားတဲ့အခါမျိုးမှာ ကိုယ်နဲ့စိတ်မှာ နူးညံ့တဲ့သဘောတရား
ထင်ထင် ရှားရှားပေါ်လာတတ်တာမျိုးကိုလည်း ခုနောက်ပိုင်းမှာ တွေ့လာရတယ်။ ကြည်နူးမှုဖြစ်ရလို့
နူးညံ့စိတ် ဖြစ်ခဲ့ရတဲ့ အကြောင်းလေးတစ်ခုကို ပြောပြချင်ပါတယ်။
ကော်စကိုဈေးဆိုင်ကြီးကိုရောက်ခိုက်
ကျောင်းရောက်လာတဲ့ ကလေးငယ်တွေကိုပေးဖို့ဆိုပြီး ချော ကလက်ဝယ်ဖို့
ချောကလက်ထားတဲ့နေရာကို ရှာဖြစ်တယ်။ မကြာမီကပဲ ကလေးတစ်ဦးကို ကလေး အများစုက
ဘယ်လိုသကြားလုံးကြိုက်သလဲလို့ မေးကြည့်တော့ ချောကလက်အပြားလေးတွေကို
အကြိုက်များတယ်ပြောလို့ သူကပြောတယ်။ ဒါကြောင့် သူပြောတဲ့ချောကလက်အပြားလေးတွေကို
ဆိုင်မှာရှာခဲ့တာ။ ချော့ကလက်တန်းကို ရောက်သွားတော့ ကိုယ့်အရင်ရောက်နှင့်ပြီး
ချောကလက် ရွေးနေတဲ့ အဖိုးအဖွားစုံတွဲကိုလည်း တွေ့ရပါတယ်။ တွေ့တွေ့ချင်းမှာပဲ
အဖိုးအဖွားစုံတွဲရဲ့ ပြုံးရွှင်တဲ့ မျက်နှာထားနဲ့ ဖော်ရွေတဲ့အမူအယာက
သိသိသာသာကိုပဲ အမှတ်ပြုစရာဖြစ်မိပါတယ်။
သူတို့နားကိုယ်ရောက်သွားတော့
ရွေးပါ ရွေးပါဆိုပြီး သူတို့ဘေးက ဈေးဝယ်လှည်းကို အသာရွှေ့ပေး ပါတယ်။
သူတို့ဘေးနားမှာ ချောကလက်ရွေးနေတဲ့ကိုယ့်ကို ချောကလက်ကြိုတ်လားလို့ အဖွားအိုက
မေးပါတယ်။ ကြိုက်ပါတယ်။ ဒါပေမယ့် ခုဟာကတော့ ကိုယ်တိုင်စားဖို့ ရှာနေတာ
မဟုတ်ဘူး။ ကလေး တွေအတွက်ပါလို့ သူ့ကိုပြောခဲ့ပါတယ်။ ဒီတော့ အဖွားက
ကလေးတွေရှိလားလို့ မေးပါတယ်။ ရှိတာ ပေါ့၊ အများကြီးပဲလို့ပြောလိုက်တော့
သူ့မျက်နှာမှာ ဇဝေဇ၀ါဖြစ်သွားတဲ့အမူအယာကို မြင်လိုက်ရပါ တယ်။
ပြီးတော့
သူ့ခင်ပွန်းအဖိုးအိုဖက်ကို “ကဲကျမ မပြောဘူးလား၊ တချို့ရဟန်းတွေက မိန်းမယူတယ်။
သားသမီးတွေလည်း ရှိကြပါတယ်” ဆိုပြီး လှည့်ပြောပါတယ်။ ဒီတော့ အဖိုးအိုက “မင်းဟာက
သေချာမေးပါဦးကွာ။ သူ့မှာ ကလေးတွေရှိတယ်ဆိုတာက မွေးစားတဲ့ကလေးတွေလည်း ဖြစ်နိုင်တာ
ပဲ”လို့ အဖွားအိုကို ပြောပါတယ်။ သူတို့စကားသံကိုနားထောင်ပြီး သူတို့နဲ့
အလွန်အရင်းနှီးကြီး မဟုတ် လှတဲ့ ရဟန်းတော်တွေနဲ့ပတ်သက်တဲ့အကြောင်းကို
သူတို့အချင်းချင်း ဆွေးနွေးထားခဲ့တာ ရှိမယ်လို့ ခန်းမှန်းမိပါတယ်။
အဖိုးအဖွားစုံတွဲ
အပြန်အလှန်ပြောနေကြတာကိုကြည့်ပြီး ဘေးကနေ ပြုံးမိပါတယ်။ နောက်ပြီး သူတို့ ပြဿနာကို
ကိုယ်ဝင်ရှင်းမှ ပြေလည်တော့မယ်လို့လည်း သိလိုက်ပါတယ်။ ဦးဇင်းမှာ ကလေးတွေ အများကြီးရှိတယ်ဆိုတာက
ဦးဇင်းရဲ့ကလေးတွေမဟုတ်ပါဘူး။ ဘုန်းကြီးကျောင်းဆိုတော့ ကျောင်းကို
ဟိုဟိုဒီဒီက ကလေးတွေလာတတ်ပါတယ်။ လာတဲ့အခါ သူတို့ထဲက အချို့က
ဘုန်းဘုန်းချောကလက် ပေးပါလို့ တောင်းတတ်တယ်။ အချို့တော့
ကျောင်းကိုရောက်လာတဲ့အခါ လွယ်လွယ်ကူကူနဲ့ ဦးမချ တတ်ကြဘူး။ ဒီအခါမျိုးမှာ မိဘတွေက
သားသားဦးချ၊ ဘုန်းဘုန်းက ချောကလက်ပေးမယ်ဆိုပြီး စည်း ရုံးရတာမျိုးလည်း
ရှိတတ်ပါတယ်။ အဲဒီအခါမှာ ချောကလက်တစ်ခု ပေးလိုက်ရင် ကလေးတွေက လွယ် လွယ်ကူကူ
ဦးချတတ်ပါတယ်လို့ ပြောဖြစ်ပါတယ်။
ဒါကြောင့်
ဦးဇင်းမှာ ကလေးတွေ အများကြီးရှိတယ်ဆို့ ပြောတာပါ။ ဦးဇင်းတို့ ထေရ၀ါဒ ရဟန်းတော်
တွေက အိမ်ထောင်မပြုရပါဘူး။ ဒါပေမယ့်
အချို့ မဟာယာနဘုန်းတော်ကြီးများကတော့ အိမ်ထောင်ပြု ကြတယ်လို့ သိရပါတယ်လို့
သူတို့ကို တဆက်တည်း ရှင်းပြလိုက်ပါတယ်။ အော် ဒီလိုလား။ နားလည် ပါပြီ။
ကျေးဇူးတင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ ပြောကြပါတယ်။
ပြီးတော့
အဖွားအိုက “ရွေးပါ။ ကြိုက်တဲ့ချောကလက်ရွေးပါ။ အဲဒီကလေးတွေအတွက် ချောကလက်ဖိုး ကို
သူကလှူဒါန်းပါမယ်”လို့လည်း ပြောပါတယ်။ ဒီတော့ သူ့ကို ကျေးဇူးတင်ပါကြောင်းနဲ့ You
are so sweet ရယ်လို့ ပြောဖြစ်ပါတယ်။
ဒီတော့
အဖိုးအိုက “သူလည်း မင်းလိုပဲထင်တယ်။ ကဲပြောလိုက်ပါဦး။ မင်းရဲ့
သကြားလုံးပေးပုံလေး”လို့ အဖွားအိုကိုတိုက်တွန်းပါတယ်။ ကဲ ပြောပါဦးအဖွား။
ဘာများလည်းလို့ မေးကြည့်တော့ “သူငယ်ငယ်က ကျောင်းဆရာမတစ်ဦးဖြစ်ကြောင်း။
ကျောင်းမှာ စာသင်နေစဉ်ကတည်းက မကြာခဏဆိုသလိုပဲ ကလေးငယ်တွေကို သကြားလုံးတို့၊
ချောကလက်တို့ ဝေလေ့ရှိကြောင်း။ ခုတိုင်လည်း သူ့မြေးတွေကို ရော၊
အခြားကလေးငယ်တွေကိုရော သကြားလုံးတို့ ချောကလက်တို့ ပေးလေ့ရှိကြောင်း။
သကြားလုံး တို့ ချောကလက်တို့ပေးတိုင်း “မြေးက အချိုကြိုက်တယ်။ အဖွားမြေးလိုပဲ
လူတိုင်းက ချိုတာကိုကြိုက် တယ်။ ဒါကြောင့် လူတိုင်းအပေါ်မှာ ချိုချိုသာသာပြောပါ၊
ချိုသာတဲ့စိတ်ထားပါဆိုပြီး Be sweet be nice and be kind to everyone” ရယ်လို့
ပြောလေ့ရှိကြောင်း အဖွားကရှင်းပြပါတယ်။
ဒါကြောင့်
သူ့ကို အားလုံးက ဖွားဖွားဆွိလို့
ခေါ်ကြကြောင်းလည်း ဆက်ပြောပြပါသေးတယ်။ အဲဒီနာ မည်နဲ့အဖွားနဲ့က
တကယ်ကိုလိုက်ပါတယ်လို့ သူ့ကိုပြောဖြစ်ပါတယ်။ ခုလိုပြောဖြစ်လိုက်တာဟာ ယဉ် ကျေးမှုအရ
ပြောလိုက်ခဲ့တာ မဟုတ်ပါဘူး။ အဖွားအိုရဲ့ အပြုံးနဲ့ ကြင်နာမှုလွှမ်းခြုံထားတဲ့
မျက်နှာက ဖွားဖွားဆွိဆိုတဲ့ နာမည်နဲ့ အလွန်မှ လိုက်လျောညီထွေရှိလို့
ပြောဖြစ်လိုက်တာပါ။
“တို့တွေဟာ
ကြီးကျယ်ခမ်းနားတဲ့ အရာကြီးတွေကို မလုပ်နိုင်ပေမယ့် သေးငယ်တဲ့အရာလေးတွေကို
ကြီးမားတဲ့ချစ်မေတ္တာတရားနဲ့ လုပ်နိုင်တယ်” လို့ မာသာထရီဇာက ပြောခဲ့ဖူးတယ်။ တကယ်တော့ လည်း တခါခါမှာ အမှန်တကယ်လိုအပ်တာဟာ
ကြီးမားခန့်ထည်ဝါတဲ့အရာတွေကို အံမခန်းလုပ်ပြနိုင် တဲ့ (Hero) ဆိုတဲ့ သူရဲကောင်းကြီးတွေ မဟုတ်ပါဘူး။
ကြီးမားတဲ့ ချစ်မေတ္တာတရားနဲ့ သာမန်အရာ လေးများကို လုပ်ပြကြတဲ့ သာမန်သူတွေကိုပါ။
လူတိုင်းလေးစားအားကျရတဲ့
သူရဲကောင်းကြီးတွေဆိုတာ အချိန်တိုင်း နေရာတိုင်းမှာ ရှိနိုင်တာမျိုး
မဟုတ်ပါဘူး။ နေရာတိုင်းမှာလည်း သူတို့တွေရဲ့ အံ့မခန်းစွမ်းဆောင်မှုကြီးတွေကို
မလိုအပ်ပါဘူး။
ဟီးရိုးအမည်မရကြပေမယ့်
ဟီးရိုးစိတ်ဓာတ်ရှိတတ်ကြတဲ့သူတွေကတော့ သာမန်လူသားများထဲမှာကိုပဲ ရှိနေတတ်တယ်လေ။
ဒီလိုလူသားတွေဟာ မာသာထရီဇာပြောသလို ကြီးမားတဲ့ချစ်မေတ္တာတရားနဲ့
သေးသေးငယ်ငယ်လေးတွေကိုလုပ်နေကြတဲ့ သူတွေပေါ့။ သူုတို့တွေရဲ့လုပ်ရပ်များက
ကမ္ဘာကြီးကို ပြောင်းလဲကောင်းမှ ပြောင်းလဲစေမယ်။ ဒါပေမယ့် သူတို့နေထိုင်ရာ
ပတ်ဝန်းကျင်ကိုတော့ အကြင်နာ တရားတွေ ထုံလွှမ်းစေနိုင်တယ်။ အနည်းဆုံး
သေချာတာတော့ သူတို့တွေရဲ့နှလုံးသားမှာ အကြင်နာ တရားတွေ ထုံလွှမ်းနေပါလိမ့်မယ်။
အကြင်နာနဲ့မေတ္တာတရား လွှမ်းထုံတဲ့ နှလုံးသားပိုင်ရှင်တွေနဲ့ စုဖွဲ့ ထားတဲ့
လူ့အသိုက်အအုံဟာလည်း ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းသာဖြစ်ပေလိမ့်မယ်။
အဖိုးအဖွားစုံတွဲရဲ့
ချိုမြတဲ့အပြုံးနဲ့စကားသံများက ရင်ထဲအထိကူးစက်သလိုခံစားရတယ်။ ကိုယ့်ဆီမှာ
ဘယ်တော့မှ ချောကလက်တွေ၊ သကြားလုံးတွေ ပြတ်လပ်မနေအောင် ဂရုစိုက်ပြီး
ဆောင်ထားရမယ် လို့လည်း စိတ်ကူးဖြစ်မိတယ်။
အဖွားပြောလေ့ရှိသလို
ချောကလက်တွေ၊ သကြားလုံးတွေပေးတဲ့အခါတိုင်းမှာလည်း ကလေးငယ် တွေကို
အားလုံးအပေါ်မှာ ချိုမြပါ၊ ကောင်းမွန်ပါ၊ ကြင်နာပါဆိုတဲ့စကားကိုလည်း
ပြောရမယ်လို့ စိတ် ကူးထားလိုက်တယ်။
သူတို့တွေကို
အဲဒီလိုပြောခြင်းဖြင့် ကိုယ်နဲ့တွေ့ဆုံရသူတိုင်းအပေါ်မှာ ကောင်းနိုင်အောင်
ကြင်နာနိုင် အောင် ချိုမြနိုင်အောင် သတိထားပြီး
နေထိုင်ဖို့လိုလိမ့်မယ်ဆိုတာကို ကိုယ့်ကိုယ်ကို ပြန်လည်သတိ ပေးရာ
ရောက်ပါ လိမ့်မယ်။
အကြောင်းကြောင်းကြောင့်
သကြားလုံးတွေ၊ ချော့ကလက်တွေ အနားမှာ ရှိမနေခဲ့လျင်တောင် ချော့ ကလက်လိုပဲ
ချိုမြတဲ့ အကြင်နာနဲ့မေတ္တာတရားကတော့ ရင်မှာ အမြဲတမ်းရှိနေစေရမယ်လို့လည်း
သန္နိဋ္ဌာန်ပြုလိုက်မိပါတယ်။ ။
No comments:
Post a Comment