Monday, May 13, 2013

ခရီးသွားပါ


ခရီးသွားပါ


ကိုယ့်အကြောင်းကိုယ်ပြန်ဖြည့်ရတဲ့ မှတ်တမ်းများမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ်ဝါသနာပါရာဆိုတဲ့ အကွက်မှာ စာရေးစာဖတ်လို့ အမြဲတမ်းဖြည့်နေကျ။ မပြောင်းလဲတဲ့အရာ။ အသက်အရွယ် နေရာ ဒေသနဲ့ အချိန်အခါအရ အခြားဝါသနာတွေ အကြိုက်တွေသာ ပြောင်းကောင်းပြောင်းသွားမယ် စာရေးစာဖတ်တဲ့ဝါသနာကတော့ ခုတိုင် မပြောင်းမလဲ အမြဲရှိနေသေးတဲ့အရာ။ ဒီဝါသနာဟာဖြင့် နောင်မှာလည်း ပြောင်းလဲသွားနိုင်မယ် မဟုတ်ဘူးလို့လည်း ယုံကြည်မိပါတယ်။

စာရေးစာဖတ်ရဲ့နောက်မှာ ကပ်ပါလာတဲ့ဝါသနာ၊ တစ်နည်းပြောရလျင် ဒုတိယအနှစ်သက်ဆုံးအရာက တော့ ခရီး သွားခြင်းပေါ့။ ခရီးများသွားရမယ်ဆိုလို့ကတော့ အချိန်မရွေး၊ နေရာမရွေး၊ စိတ်အားထက် သန်စွာ။ အထူး သဖြင့်တော့ သွားရမည့်ခရီးဟာ မရောက်ဖူးသေးတဲ့နေရာသစ်လည်းဖြစ်မယ်၊သွားမည့် နရာက သစ်ပင်တောတောင် ပင်လယ်သမုဒ္ဒရာတွေနဲ့ဆက်စပ်နေပြီး သဘာဝအလှတွေနဲ့လည်း ပြည့် လျှမ်းနေတဲ့နေရာမျိုးဖြစ်မယ်ဆိုလျင်တော့ ပိုလို့ပင်တက်တက်ကြွကြွဖြစ်နေတတ်တယ်။

အတွေ့အကြုံအရပြောရလျင် လူတွေဖန်တီးထားတဲ့ အံ့ဖွယ်ဘနန်းကြီးတွေက နှစ်ကြိမ်သုံးကြိမ်မျှ လောက်ဆို ရိုးသွားပြီ။ သူတို့ဖန်တီးထားမှုအပေါ် ထပ်ဆင့်ကာပိုမိုပြီး စိတ်ခံစားမှုအရောင်လည်း ချယ် လို့မရ။ ရပ်တန့်နေတဲ့အလှတွေ။ သဘာဝအလှတွေကတော့ လူတွေဖန်တီးထားတဲ့အရာတွေလို ရပ် တန့်နေတဲ့အလှမျိုး မဟုတ်။ တစ်ကြိမ်နဲ့တစ်ကြိမ်၊ တစ်ချိန်နဲ့တစ်ချိန်၊ တစ်ရာသီနဲ့တစ်ရာသီက မတူ။ ကိုယ့်စိတ်ခံစားမှုအပေါ် မူတည်လို့ အလှကလည်း အနိမ့်အမြင့်၊ အတိုးအလျော့၊ အမြဲတမ်း ပြောင်းနေ တတ်တယ်။ ဒါကြောင့် ဆောင်း မှာရောက်ခဲ့ဖူးတဲ့ နေရာဖြစ်ပေမယ့် နွေမှာနောက်တစ်ခေါက်ရောက် ပြန်တော့ အလှရသက တစ်မျိုးတစ်ဖုံ၊ သစ်လွင်လတ်ဆတ်လို့။ အဲ နွေမှာရောက်ဖူးတဲ့နေရာများ ကလည်း မိုးနဲ့ဆောင်းမှာ တစ်မျိုးတစ်ဖုံပြောင်း လဲလို့နေပြန်တယ်လေ။ နွေမိုးဆောင်းပြောင်းလဲမှုနဲ့အတူ မဟောင်းနိုင်တဲ့ အလှများနဲ့ အစဉ်ထာဝရ သစ်လွင်စွာ ဝေဆာနေတတ်တာ။


စာရေးစာဖတ်နဲ့ခရီးသွားရတာ ဝါသနာထုံပေမယ့် တခါခါမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ် နှစ်သစ်တဲ့၊ ကိုယ်ဝါသနာပါတဲ့အရာများကနေ အတန်ကြာကြာ ကင်းကွာနေရတတ်တယ်။ ဝါသနာမပါ လှသော်လည်း မလွှဲမရှောင်သာလို့ မဖြစ်မနေလုပ်နေရတာမျိုးတွေလည်း ရှိတတ်တယ်။ သို့ပေမယ့် ပါလာတဲ့ဗီဇပိုးက အဲဒီလိုဝါသနာပါတဲ့အရာများနဲ့ကင်းနေရတာကို သဘောကျ မနှစ်သက်နိုင်ဖူးထင်ပါ ရဲ့။ စာရေးစာဖတ် အတန်ကြာကြာ မလုပ်ဖြစ်လျင်၊ ခရီးတစ်ခုခု မသွားဖြစ်တဲ့အချိန် တော်တော်ရှည် သွားလျင် စိတ်ထဲမှာ တစ်ခုခုလိုနေသလိုမျိုး ခံစားမိလာတတ်တယ်။

စာလေးရေး၊ စာလေးဖတ်၊ ကြောင့်ကြမဲ့စွာ သွားချင်တဲ့နေရာလေးသွား၊ ပေါ့ပေါ့ပါးပါးလေးသာ ဘဝ ကိုဖြတ်သန်း ချင်သူတစ်ဦးအဖို့ မလွှဲမရှောင်သာ လုပ်ရတဲ့အလုပ်တွေအတွက် အချိန်တွေပေးနေရတာ၊ ကိုယ့်ဝါသနာကို နောက်မှာ ပို့ထားရတာ ဘယ်မှာမွေ့ပျော်ဖွယ် ဖြစ်ကောင်းပါ့မလဲ။

စာမရေးဖြစ်ပေမယ့် ခုရက်ပိုင်းမှာ စာအုပ်တော်တော်များများကိုတော့ ဖတ်ဖြစ်လိုက်တယ်။ သို့ပေမယ့် စာအုပ်အနည်းငယ်လောက်ပဲ အဆုံးထိဖတ်ဖြစ်ပါတယ်။ တော်တော်များများစာအုပ်တွေကတော့ မဆုံး ခဲ့ဘူး။ စာအုပ်အလယ်လောက်ရောက်မှ ဆက်မဖတ်ဖြစ်တော့တာမျိုး။ သုံးချိုးတစ်ချိုး၊ လေးချိုးတစ်ချို့ မှာ ရပ်သွားတာမျိုး။ မဆုံးတဲ့စာအုပ်တွေမှာ စာရေးသူတွေက ဘာတွေပြောချင်တာလဲ၊ ဘာတွေပေးချင် တာလဲဆိုတာ တိတိကျကျ မသိနိုင်တော့။ စိတ်မအားလို့ မဆက်ဖြစ်တာ။ ကိုယ်မအားလို့ မဆက်နိုင် တာ။ ထွေကာလီကာ အကြောင်းပေါင်းရယ်က မဆုံးနိုင်စွာ။ တခါခါမှာတော့ ကိစ္စများမြောင် လူတို့ ဘောင်ဆိုတဲ့အစား ကိစ္စများမြောင် ရဟန်းဘောင်လို့တောင် ပြင်သင့်နေပြီထင်တယ်လို့တွေးမိပြီး ပြုံးမိ ပါသေးတယ်။

ခရီးသွားခြင်းအကြောင်းကို စဉ်းစားမိတိုင်း မြတ်ဗုဒ္ဓရဲ့ “စရထ ဘိက္ခဝေ စာရိကံ ဗဟုဇနဟိတာယ၊ ဒေသေထ ဘိက္ခဝေ ဓမ္မံ” ‘ရဟန်းတို့ လူများစွာတို့အား အကျိုးများစေဖို့ရာ ခရီးထွက်ကြ။ ရဟန်းတို့ ရောက်ရာအရပ်တိုင်းမှာ အပိုအလိုမရှိ အမှားမရှိ တိကျကုံလုံ အလုံးစုံသော သတ္တဝါတို့ကို ဆင်းရဲကနေ ထုတ်ဆောင်နိုင်စွမ်းရှိတဲ့ တညီတည်းမှန် တသားတည်း အကျိုးရှိသော ဓမ္မကို ဟောပြော သင်ပြကြ’ ဆိုတဲ့ မိန့်တော်မူချက်ကို ဦးစွာသတိရမိတတ်တယ်။ ဗုဒ္ဓကိုယ်တော်တိုင်လည်းပဲ သတ္တဝါတစ်ဦးဦး ကောင်းကျိုးဖြစ်ထွန်းမယ်ဆို တာ မြင်တော်မူလျင် ကိုယ်တော်တိုင်ရဲ့ သက်တော်ရွယ်တော်နဲ့ အချိန် အခါကို ငဲ့တော်မမူပဲ ကြွရောက်ကာ တရားဒေသနာများကို ဟောပြောလေ့ရှိတာကိုလည်း မှန်းမျှော် ကြည်ညိုမိတယ်။

အခြားအခြားသောခရီးသွားခြင်းနဲ့ပတ်သက်တဲ့ ရှေးရှေးသူဟောင်းစကားများလည်း ဦးနှောက်ထဲကိုအစီအရီ ဝင် ရောက်လာပါတယ်။

“The world is a book and those who do not travel read only one page.”  စိန့်သြဂတ် စတင်းကတော့ “ကမ္ဘာကြီးက စာအုပ်တစ်အုပ်လိုပဲ။ ဟိုဟိုဒီဒီ ခရီးမသွားဖူးဆိုလျင် စာအုပ်ရဲ့စာတစ် မျက်နှာလောက်သာ ဖတ်သလိုဖြစ်မယ်”ဆိုတော့ ခရီးမသွားဖြစ်လျင် အဆုံးထိတိုင် မဖတ်ဖြစ်တဲ့စာအုပ် တွေလို ကမ္ဘာကြီးက ဘာတွေပြောလိုတာလဲ၊ ဘာတွေပေးချင်တာလဲဆိုတာ မသိနိုင်ဖြစ်လေမလားလို့ စာတစ်အုပ်နဲ့ကမ္ဘာကြီးကို ဆက်စပ်ကာတွေးမိပါသေးတယ်။ ဒါကတော့ ခရီးသွားချင်နေတဲ့ကိုယ့်စိတ် ကို ပိုမိုပြီးသွားဖြစ်အောင် ကိုယ့်အဆိုကိုယ်တင် ကိုယ့်ဟာကို ပြန်ထောက်ခံနေတာလည်း ဖြစ်ကောင်း ဖြစ်လေမလားပေါ့။

စူးစမ်းရှာဖွေသူဆိုတာ အတွေ့အကြုံသစ်တွေ နေရာသစ်တွေ တွေ့ရရုံမျှနဲ့တော့ မလုံလောက်သေးဘူး လေ။ အဲဒီအတွေ့အကြုံသစ် နေရာသစ်တွေကို ဘယ်လိုရှုမြင်တယ်၊ ဘယ်လိုခံစားနားလည်တယ်၊ ဘယ်လိုတုံ့ပြန်တယ် ဆိုတာအပေါ်မှာလည်း မူတည်တယ်။ ဒါကြောင့် ခရီးတစ်ခုကိုသွားတိုင်း ပကတိ မျက်စိနဲ့ပါမက စိတ်မျက် စိ၊ နှလုံးသား မျက်စိနဲ့ပါ ကြည့်ဖြစ်အောင်ကြည့်လေ့ရှိပါတယ်။

ခရီးစဉ်တိုင်း ခရီးစဉ်တိုင်းမှာ မြုပ်ကွယ်နေတဲ့ ပန်းတိုင်တွေဆိုတာရှိတယ်လေ။ ဒါဟာ ခရီးသွားသူ ကိုယ်တိုင် ကြိုတင်မသိနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ အကောင်းလည်းဖြစ်ကောင်းဖြစ်မယ်။ မကောင်း တာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့။ ခုလိုမသိနိုင်တာကိုကပင်လျင် ခရီးသွားရခြင်းအတွက် ပိုမိုစိတ်ဝင်စားဖွယ် တစ်ခုပါပဲ။

တရုတ်ပညာရှိလောင်ဇူးစကားအရဆိုလျင်တော့ ‘ခရီးသွားကောင်းတစ်ယောက်ဆိုတာ ဘယ်ကိုသွား မယ်ဆိုတာ ကြိုတင်ပြင်ဆင်သတ်မှတ်ထားတာမျိုးမရှိသလို ဘယ်အချိန်မှာဘယ်ကိုရောက်မယ်ဆိုတာ မျိုးလည်း ရည်ရွယ် ထားမှုမျိုး မရှိရဘူး’တဲ့။ ဘာအကြောင်းကြောင့်မှ ခရီးသွားတာမျိုးမဟုတ်ပဲ တကယ့် ခရီးသွားစစ်စစ်တစ်ဦးဖြစ်ဖို့ ဆိုလျင်တော့ သူပြောသလိုဖြစ်ဖို့လိုပေလိမ့်မယ်။ တွေ့ရာအိပ်၊ ကြုံရာလည်၊ ရောက်ရာစား၊ ရရာစီး၊ အင်းဒီခရီးမျိုးဆို လျင်တော့ အတော်ကိုပေါ့ပါးလွတ်လပ်ပေလိမ့်မပ။

ရှေးသူတော်ကောင်းများကပြောကြတယ်။ သတ္တဝါအားလုံးဟာ သံသရာခရီးသွားတွေချည်းသာတဲ့။ ဆုံးစမထင် တဲ့ခရီးကို သွားနေကြသူတွေချည်းသာတဲ့။ သွားနေတဲ့သံသရာခရီးစဉ်တစ်လျှောက်မှာ နားခို ရာ ဘုံဘဝလေးတွေကို လည်း သူသူကိုယ်ကိုယ်ပိုင်ဆိုင်နေကြပါတယ်။ ကိုယ်နားခွင့်ကြုံတဲ့နေရာ၊ လည် ခွင့်ရတဲ့နေရာလေးက ကောင်း တဲ့နေရာဌာန ကောင်းတဲ့အသိုင်းအဝိုင်းမှာ မွေးဖွားကြီးပြင်းပြီး မိတ် ကောင်းဆွေကောင်းသူငယ်ချင်းကောင်းများနဲ့ တွေ့ရလျင်ဖြင့် ခဏနားခိုရာ လည်ပတ်စရာနေရာလေး ဟာ ကြည်နူးစရာဖြစ်လေမှာပ။

တွေ့ရကြုံရတဲ့ ဘုံဘဝအဆောက်အဦက ဒုက္ခစုံပြွမ်းပြီး ကြမ်းထမ်းဖွယ်အတိဖြစ်မယ်ဆိုလျင်တော့ လည်း လည်ပတ် ခွင့်၊ နားနေခွင့်ရတဲ့နေရာလေးက မောပမ်းငြီးငွေ့ဖွယ် အားငယ်စိတ်ပျက်ဖွယ်သာ ဖြစ်ပေလိမ့်မယ်။

လူ့ဘဝဆိုတာ ရနိုင်ရောက်နိုင်ခဲတဲ့နေရာ၊ အရောင်အသွေးစုံ၊ အလှတွေနဲ့ ပြည့်စုံလွန်းတဲ့နေရာ၊ ရွေး ချယ်စရာ၊နားခိုစရာ၊ လည်ပတ်စရာတွေလည်း ပေါကြွယ်တဲ့နေရာ။ နားခွင့်လည်ခွင့်ရတဲ့ ဒီနေရာလေး ရဲ့အလှကို အပြည့်အဝခံစားနိုင်စေဖို့ကတော့ ခရီးသွားသူရဲ့ ဘဝအပေါ် ဘယ်လိုမြင်တယ်၊  စိတ်ခံစားမှု ဘယ်လိုရှိတယ်၊ ဘဝအပေါ် ဘယ်လိုတုန့်ပြန်သလဲဆိုတဲ့အပေါ်မှာသာ တည်ပေလိမ့်မယ်။

တရားခရီးထွက်နေသူတွေအဖို့လည်း ခန္ဓာကပြနေတဲ့သဘာဝတရားတွေက အဓိကမဟုတ်ဖူးလေ ။ ပြနေတဲ့ သဘာဝတရားတွေကို ဘယ်လိုမျက်စိနဲ့ကြည့်မလဲ၊ ဘယ်လိုခံစားပြီး ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကသာ ပိုမိုအရေးကြီးပေလိမ့်မယ်။


မြင်မြင်သမျှ ဤ လောက၀ယ်
အလှတို့ဖြင့် ခြယ်သဖြင့်လည်း
မြင်ခွင့်ရှိမှ မြင်စွမ်းရသည်။

အလှဟူငြား မြင်သည်ထားဦး
ခံစားသိတတ် ခံယူတတ်မှ
ကျိုးမြတ်ပီတိ ရင်ဝယ်ငြိ၏၊ (မောင်စွမ်းရည်)

ခရီးသွားပါ
စိတ်ငြိမ်းချမ်းမှု ပေးနိုင်တဲ့ တစ်နေရာ။
ခရီးသွားပါ
လတ်ဆတ်တဲ့လေ ရှူရှိုက်ခွင့်ရနိုင်တဲ့ တစ်နေရာ။
ခရီးသွားပါ
တိတ်ဆိတ်အေးချမ်းတဲ့ တစ်နေရာ။
ခရီးသွားပါ
စိတ်ကြိုက်စာ ရေးသီနိုင်တဲ့ တစ်နေရာ။
ခရီးသွားပါ
ချစ်မေတ္တာတရားကို အဆုံးမဲ့ ဖြန့်ဝေပေးနိုင်တဲ့ တစ်နေရာ။

မဆုံးသေးတဲ့ခရီးကို သွားနေရသူတွေအဖို့ ပန်းတိုင်မရောက်သမျှတော့ ဆက်ပြီးသာ လျှောက်နေရဦး မယ်။ မောပမ်းလာလျင်လည်း ခဏနားလိုက်၊ ဆာလောင်လာလျင်လည်း နားကာစားလိုက်။ ဘ၀ အတွက် အခက်အခဲတွေ၊ သင်္ခန်းစာတွေ၊ ပျော်ရွှင်ကြည်နူးမှုတွေဟာ ခရီးဆုံးပန်းတိုင်ဆီကနေ ရနိုင် တာမျိုးမဟုတ်၊ သွားနေဆဲ ခရီးဆီကသာ ရနိုင်တာမျိုးဆိုတာ ရှင်းရှင်းလင်းလင်း သိနားလည်ခြင်းနဲ့ အတူပေါ့လေ။ ။

အရှင်ဥာဏိကာဘိဝံသ
ကာလီဖိုးနီးယားတက္ကသိုလ်


(မှတ်ချက်)
ရက်တိုခရီးတစ်ခုထွက်ဖို့ လေယာဉ်လက်မှတ်ဝယ်အပြီးမှာ ရုတ်တရက်စာရေးချင်စိတ်ပေါ်လာလို့ ရေး ဖြစ်လိုက်တဲ့ ဒီစာလေးဟာ ခရီးသွားတစ်ဦးဦးအတွက် အကျိုးတစ်စုံတစ်ရာ ဖြစ်နိုင်ကောင်းမယ် ထင်ပါ ရဲ့။ ။

No comments:

Post a Comment