Sunday, July 22, 2012

Anniversary by Anniversary

နှစ်လည်များစွာ
အရှင်ဥာဏိက

မုဒိတာရွှေကျောင်းရဲ့ နှစ်ပတ်လည်ပွဲဖိတ်စာကိုရိုက်နေရင်း တစ်နှစ်တာကာလဆိုတဲ့ အချိန်အကြောင်း စဉ်းစား မိတယ်။ နှစ်ပတ်လည်ပွဲကျင်းပမယ်လို့ နီးစပ်သူအချို့ကိုပြောဖြစ်တော့ အော် တစ်နှစ်တောင် ပြည့်သွားပြီလား၊ ဘာမှ မကြာသေးဘူး၊ ခဏလေးပဲထင်ရတယ်လို့ ပြောကြတာ မနည်းဘူး။ တစ်ဦး နှစ်ဦးစကတော့ အော်ခုမှ တစ်နှစ်ပဲ ရှိသေးတာလား။ တော်တော်ကြာသွားပြီလို့ အောက်မေ့နေတာလို့ ပြောပါတယ်။

တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ ကုန်လွယ်တယ်ထင်သူတွေအဖို့ မြန်လွန်းနိုင်သလို အကုန်မြန်လို သူ တွေ အတွက်တော့ အလွန်ပဲကြာညောင်းပါလိမ့်မယ်။ အချိန်ကာလက လူအမျိုးမျိုးကိုလိုက်ပြီး အတို အရှည် ပြောင်းရိုး မရှိပေမယ့် လူအမျိုးမျိုကတော့ ကိုယ့်ခံစားချက်ကိုအခြေခံလို့ အချိန်ကာလအတို အရှည်ကို အဓိပ္ဗါယ်ဖွင့်ကြတာမို့ ခုလိုပဲ အချိန်ကာလ အတိုအရှည် ဖြစ်သွားတာဖြစ်မှာပါ။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကျောင်းပြုပြင်ရေး အဟောင်းပြုပြင်ရေး တော်တော်များများလုပ်နေခဲ့လိုက် တာနဲ့ အချိန်က ကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အချိန်အကုန်မြန်လွန်းလိုက်တာလို့ ထင်သူတွေထဲမှာ ကိုယ်လည်းပဲ အပါအဝင်လို့ဆိုရမှာပေါ့။ လုပ်လိုပါလျက်ကယ်နဲ့ မလုပ်နိုင်သေးတဲ့ အလုပ်တွေလည်း တော်တော်များများကိုပဲ ရှိနေသေးတာမို့ တစ်နှစ်တာအချိန်ကာလဟာ အကုန် မြန်လွန်းတယ်လို့ ထင်မိတာလည်း ဖြစ်မှာပါ။

မုဒိတာရွှေကျောင်း မပြုပြင်မီကအနေအထားနဲ့ လက်ရှိအနေအထားက တော်တော်ကွာခြားသွားလို့ ကျောင်းက တစ်ခေါက်နဲ့တစ်ခေါက် မမှတ်မိလောက်အောင်ပဲ ပြောင်းလဲသွားတယ်လို့လည်း ပြော တတ်ကြ တယ်။ ကျောင်းလေးက သိပ်ချစ်စရာကောင်းတာပဲလို့ ထူးထူးခြားခြား ပြောကြသူတွေလည်း မနည်းဘူး။ သက်ရှိ အရာများနဲ့ပတ်သက်ပြီး ချစ်စရာကောင်းတယ်ဆိုတဲ့ စကားကို ကြားမိတတ်တာ မဆန်းပေမယ့် အဆောက်အဦ တစ်ခုကိုကြည့်ပြီး ချစ်စရာကောင်တယ်ဆိုတဲ့စကားကို ပြောခဲ့ကြသူတွေ ထဲမှာ ရဟန်းတော်များရော၊ အမျိုးသား များရော၊ အမျိုးသမီးများမှာ ပါနေခဲ့တာကိုလည်း ထူးထူးခြား ခြား သတိပြုမိတယ်။

ပြောကြသူတွေက အတန်းအစားစုံဆိုတော့ တစ်ခုခုထူးလို့ပဲဖြစ်မယ်လို့ ယူဆပါတယ်။ အဆောက်အဦ တစ်ခု ချစ်စရာကောင်းတယ်လို့ အမြင်ခံရခြင်းမှာ အရောင်လှလှချည်းကြောင့်လည်း မဟုတ်သလို ပုံစံ ကျမှု တစ်ခုကြောင့် လည်းပဲ ဟုတ်မယ်မထင်ပါဘူး။ အရောင်ရွေးတာ ဘယ်သူလဲ၊ ဒီဇိုင်းရွေးတာဘယ် သူလဲစသဖြင့် လည်း မေးတတ်ကြတယ်။ ကျောင်းထဲကိုရောက်တော့ အေးချမ်းမှုတစ်ခုကို ခံစားရတယ် လို့လည်း အချို့က ပြော တတ်တယ်။ ခုလိုပြောတတ်သူတွေကိုတော့ လာရောက်သူတွေ ကြည်နူးချမ်း မြေ့နိုင်စေဖို့ ၊ အေးချမ်းစေ ဖို့ မေတ္တာတွေ စေတနာတွေအများကြီးထည့်ပြီး ပြင်ဆင်ခဲ့တာလို့ ပြန်ပြော မိတတ်ပါတယ်။

နေ့စဉ်တွေ့မြင်နေရတဲ့ ကိုယ့်အဖို့ တဖြေးဖြေးပြောင်းလဲသွားတာကို သတိမထားခဲ့မိပေမယ့် ရံဖန်ရံခါ မှ ရောက်လာတတ်ကြသူတွေအတွက်တော့ တစ်ခေါက်နဲ့တစ်ခေါက် တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲသွား တာက သိသိသာသာ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။

တစ်ခေါက်နဲ့တစ်ခေါက် မတူဘူးလို့ပြောတတ်ကြသူတွေရဲ့စကားနောက်ကွယ်မှာ ကျောင်းဝင်းနဲ့ ကျောင်းအဆောက်အဦက အလျင်တစ်ေ ခါက်ကထက် ပိုမိုသပ်ရပ်လာတယ်၊ ပိုမိုပြီးလည်း သစ်လွင် တောက်ပလာတယ်လို့ ဆိုလိုချင်တာလည်း ပါပါလိမ့်မယ်။ ကြည့်ပျော်ရှုဖွယ်မရှိတဲ့ အရာတော်တော် များများကို ပြုပြင်မွန်းမံလိုက်တာဆိုတော့ မူလအနေအထား နဲ့ တော်တော် ကွာခြာသွားခဲ့ပါပြီ။

ခြားနားသွားတယ်၊ တော်တော်ပြောင်းသွားတယ်ဆိုတဲ့ စကားကိုကြားရတိုင်း သူတို့တွေ မမြင်နိုင် တဲ့ ပြောင်းလဲခြင်းအကြောင်းကိုလည်း သတိရမိတတ်ပါတယ်။ နေထိုင်ရာ အဆောက်အဦတစ်ခုကို ပိုပြီး ကြည့်ပျော် ရှုပျော်ဖြစ်အောင် ဦးစီးစီမံနေတဲ့ သူကိုယ်တိုင်က ကိုယ့်ခန္ဓာအဆောက်အဦကိုကော ပိုပြီးကြည့်ပျော်ရှုပျော်ဖြစ်ေ   လအောင် ဖန်တီးနိုင်စွမ်းရှိပါရဲ့လား။

အဆောက်အဦတစ်ခုကို သစ်လွင်လာအောင် ဦးစီးမွမ်းမံခဲ့တဲ့သူကိုယ်တိုင်မှာတော့ တစ်နှစ်တာအတွင်း ယွင်းယို လာမှုများက မနည်းမနော။ အပေါ်ယံကြော ရုပ်လွှာကို မြင်ရသူတွေအဖို့ ထင်ထင်ရှားရှား သတိ ထားမိကောင်းမှ ထားမိနိုင်မှာဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ ပြောင်းလဲခြင်းများကို ကောင်း ကောင်း အမှတ်ပြုမိပါတယ်။ ကိုယ့်ထံကိုရောက်ရောက်လာတဲ့ အပြောင်းအလဲတစ်ခုခုကို အမှတ်ပြုမိ လေတိုင်း ဟိုတုန်းကဆို . . .ဟိုတုန်းကဆို . . .ရယ်လို့ အလျင်အချိန်များနဲ့ လက်ရှိကိုယ့်အနေအထား ကိုလည်း ပြန်လည်နှိုင်းယှဉ်ကြည့်မိတတ်ပါတယ်။

ခန္ဓာကိုယ်က ထိလွယ်ခိုက်လွယ်၊ နာလွယ်ကျင်လွယ်ဖြစ်လာတတ်တာ သိသာလာသလို မောလွယ်ပမ်း လွယ် ဖြစ်လာတာကလည်း ထင်ထင်ရှားရှား။ နေထိလို့ နွမ်းတတ်တာ၊ လေထိလို့ချမ်းတတ်တာ၊ မြေထိ လို့ ပမ်းလွယ်တတ်တာက ဟိုယခင်အချိန်ကများနဲ့ တူမှ မတူတော့တာ။ ပမ်းလွယ် နွမ်းလွယ်တဲ့ရုပ် နောက်ကိုလိုက်ပြီး စိတ်ကပါ မပမ်းလွယ် မနွမ်းလွယ်စေဖို့ လေ့ကျင့်မွေးမြူနေနိုင်လို့သာ တော်တော့ တယ်လို့လည်း ကိုယ့်ကိုယ်အားပေး လို့ ဖေးဖေးမမ တွေးဆမိတတ်ပါသေးတယ်။

အထူးသဖြင့်တော့ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတဲ့ ကိုယ့်အသက်အရွယ်ကို သတိပြုမိလေတိုင်း ကိုယ့်ရဲ့ အသက်ကြီးမှုက အဓိပ္ဗါယ်ရှိတဲ့ ကြီးရင့်မှုမျိုးကော ဟုတ်ပါလေစရယ်လို့လည်း ဆင်ခြင်မိပါ တယ်။

မကြာမီက ဆရာသမားတစ်ပါးထံ အဖူးမြော်ရောက်ခဲ့တော့ ဘယ်နှစ်ဝါရပြီလဲလို့ ဆရာသမားက မေးပါ တယ်။ ရောက်ရှိနေတဲ့ဝါကို ပြန်လည်လျှောက်ကြားတော့ အော် မဟာထေရ်ဖြစ်နေပြီပဲလို့ ဆရာသမား က မိန့်ပါ တယ်။ သာသနာတော်အသုံးအနှုန်းအရ ရဟန်းတော်တွေမှာ ဝါ ၂၀ ကျော်လာလျင် မဟာ ထေရ်လို့ ခေါ်တာကို ရည်ညွှန်းပြီး မဟာထေရ်ဖြစ်နေပြီလို့ မိန့်တာဖြစ်မှာပါ။ ထေရ် ဆိုတဲ့စကားရဲ့နောက် မှာက တည်ကြည်ခြင်းတွေ၊ ရင့်ကျက်ခိုင်မာမှုတွေစတဲ့ လေးစားဖွယ်ဂုဏ်တွေ ကိန်းတည်နေတယ်လေ။

ဆရာသမားစကားကိုကြားမိတော့ ဓမ္မပဒမှာ မြတ်ဗုဒ္ဒမိန့်ကြားတော်မူတဲ့ ထေရ်(မဟာထေရ်) လို့ ခေါ် ထိုက်သူ အကြောင်းကို သတိရမိလိုက်တယ်။ အသက်အရွယ်ကြီးရင့်လာလို့ သတ်မှတ်ချက်အရ မဟာ ထေရ်ဖြစ်လာ တာတော့ ဟုတ်ပါပြီ။ မဟာထေရ်တစ်ပါးမှာ ရှိရမည့်အချက်အလက်တွေရော ကိုယ့်မှာ တကယ်ရှိတာကော ဟုတ်ရဲ့လား။ အသက်အရွယ်ကြီးရင့်မှုနဲ့အညီ ကြီးသင့်တဲ့ အခြားအရာများက ကော ကြီးလာခဲ့တာမှ ဟုတ်ပါလေစ။ တကယ်ကော မထေရ်ခေါ်ဆိုနိုင်တဲ့ ဂုဏ်အင်္ဂါများ ကိုယ့်မှာ ရှိတာမှ ဟုတ်ပါလေစလို့လည်း ဆင်ခြင်မိပါတယ်။

ဘဝတစ်ခုဖြစ်တည်မှုနဲ့ စပ်နေတဲ့ ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့ လက်သည် တရားခံ အကြောင်းမှန်၊ ဆင်းရဲအားလုံးကနေ လွတ်မြောက်ရာအရပ်၊ ဒီလွတ်မြောက်ရာအရပ် ကို ရောက်ရှိနိုင်စေ ဖို့ လျှောက်လှန်းရမည့်လမ်းကြောင်းနဲ့ လုပ်ရမည့်နည်းလမ်းအသွယ်၊ ဒီအရာတွေကို သိရှိသူတစ်ယောက်ဖြစ်နေပြီ လား။

လောကဆင်းရဲကလွန်မြောက်ရာဌာနကို အရောက်လှန်းဖို့ အကျင့်ကောင်းတွေကို ကျင့်ကြံနေခဲ့တာ ကော ဟုတ်ရဲ့ လား။ ကိုယ့်လိုပဲ သံသရာခရီးသွား သက်ရှိသတ္တလောကသားများနဲ့ ကိုယ်မှီတည်နေတဲ့ သက်မဲ့သြကာသ ကမ္ဘာကြီးအပေါ်မှာ ကိုယ့်ကြောင့် မထိခိုက်မနာကျင်ရလေအောင် ညှာတာထောက် ထား အကြင်နာတရားတွေ ထားခဲ့တာရော ဟုတ်ပါရဲ့လား။ ကိုယ့်ရဲ့ကိုယ်နှုတ်နှလုံး အမူအကျင့် သုံးမျိုး လုံးကို ထိန်းချုပ်စောင့်ရှောက်ခဲ့တာကော ဟုတ်ရဲ့လား။ အတိုးလောဘ၊ အညိုးဒေါသ၊ အဆိုးမောဟ တရားတွေကို ပါးသထက်ပါးသွားအောင် ကိလေသာ အလွှာတွေကို ခဝါချနိုင်ခဲ့တာကော ဟုတ်ရဲ့လား။ အခါခါ စဉ်းစားမိပါတယ်။

မြတ်ဗုဒ္ဓကတော့ ‘ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏၊ ထိုဦးခေါင်းဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်း သည် မထေရ် မမည်။ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ အရွယ်ရင့်အိုမှုဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏။ ညှင်းဆဲမှုမရှိ။ သီလစောင့်ခြင်းလည်းရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏’-လို့ မိန့်တော်မူ တယ်။

ဝါကြီးရုံမျှနဲ့ မထေရ်လို့ မခေါ်နိုင်သလို အသက်ကြီးရုံမျှနဲ့ လူကြီးတစ်ယောက်ရယ်လို့ မဆိုနိုင်ဘူးတဲ့။ ရက်တွေ တစ် ရက်ပြီးတစ်ရက် ကုန်လွန်သွားလို့ အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတဲ့ကိုယ့် အဖို့ ကုန်လွန်သွား မည့်နှစ်တွေဟာ အချည်းနှီးကုန်လွန်သွားတာမျိုး မဖြစ်ရအောင် နေထိုင်တတ်ဖို့ လို ပေလိမ့်မယ်။ ဒါမှသာ လျင် နှစ်ပတ်လည်ပွဲကျင်းပခြင်းကလည်း အဓိပ္ဗါယ်ပြည့်တဲ့ ကျင်းပခြင်းမျိုး ဖြစ်ပေလိမ့်မယ်။ ။

No comments:

Post a Comment