Thursday, January 26, 2012

အတွေးများနဲ့ ရထားတစ်စင်း

ဉာဏ်ဦးမောင်
ဇန်န၀ါရီ ၂၅၊ ၂၀၁၂


ဒီနေရာလေးမှာ ကိုယ်နေထိုင်ခဲ့တာ ခြောက်လတင်းတင်းပြည့်ခဲ့ပြီ။ ဒီပတ်ဝန်းကျင် ဒီနေရာလေးမှာ ခုလိုအခြေချ နေထိုင်ဖြစ်လိမ့်မယ်လို့ မနှစ် ဒီအချိန်အခါတုံးကဆို ဘယ်မှာစိတ်ကူးထဲ ရှိခဲ့ပါဦးမလဲ။ ဒါပေမယ့်လည်း ဘဝဆိုတာ ရွေ့လျောခြင်းတွေ၊ ပြောင်းလဲခြင်းတွေနဲ့အတူ မျောနေတတ်တာမို့ မနှစ်တုံးက လုံးဝစိတ်ကူးမထားခဲ့တဲ့ ဒီနေရာလေးက ခုတော့ ကိုယ်နေထိုင်ရာ နေရာလေးတစ်နေရာ ဖြစ်လာခဲ့ပြီ။ အ တန်အသင့် အသားကျစပြုနေ တဲ့ ဒီနေရာလေးမှာ ဘယ်လောက်ကြာကြာ နေထိုင်ဖြစ်ဦးမယ်ဆိုတာကိုရော ဘယ်သူတစ်ဦးတစ်ယောက်က ခန့် မှန်းပြောပြနိုင်မှာလဲ။

ဒီနေရာလေးဟာ ကိုယ့်အသက်ရှင်လျက်နဲ့က ချန်ထားခဲ့မယ့်နေရာလေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သလို ကိုယ့်ဘဝပြောင်းသွားရလို့ အ သက်မဲ့တဲ့ ကိုယ့်ကိုယ်က ချန်ထားခဲ့ရမယ့် နေရာလေးတစ်နေရာလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲ။ အရာရာပြောင်းလဲတတ်တာမို့ သက်ရှိ ကိုယ့်ကိုယ်နဲ့စာလျင် ထာဝရရယ်လို့ ပြောလိုက ပြောနိုင်မယ့် ဒီနေရာလေးကိုယ်တိုင်ကပင်လျင် ကိုယ့်ကိုချန်ထားခဲ့တာမျိုးလည်း ဖြစ်နိုင် တာပဲ။ ဘာပဲဖြစ်ဖြစ်၊ ကိုယ်ရောက်ရှိနေထိုင်ခိုက် ဒီနေရာလေး လှပသာယာစေဖို့၊ ဒီနေရာလေးကို အခိုက်အတန့်လေးပင်ဖြစ်ဖြစ်လာ ရောက်ကြမည့်သူတွေ ကြည်နူးပျော်ရွှင်စေဖို့နဲ့ ငြိမ်းချမ်းအေးမြစေဖို့ကိုတော့ ကိုယ့်မှာဖန်တီးရ၊ ထိန်းသိမ်းရမည့် တာဝန်၊ ကူညီရမည့်တဝန်က ကိုယ့်မှာရှိလာပြီလို့ ခံယူမိတယ်။

Invitation to Mudita - Htamane Pwe

Tuesday, January 10, 2012

ဒိုင်စားတဲ့ပွဲ

အရှင်ဉာဏိက
ဒီဇင်ဘာ ၂၉၊ ၂၀၁၁

ဘောလုံးကစားပွဲတစ်ခုမှာ ဒိုင်ရဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်ကြောင့် (ကံကြမ္မာမှတစ်ပါး) အစစ အရာရာသာလွန်တဲ့အသင်းက ရှုံးနိမ့်သွား တယ်။ ဒါကိုကြည့်ပြီး ဘောလုံးပွဲသုံးသပ်သူတစ်ဦးက ဟိုအလျင် သီတင်းပတ်ထဲတုံးက ဒီအသင်းက ဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ရခဲ့တယ်။ ဒီတစ်ပတ်မှတော့ ဒီဒိုင်ရဲ့ဆုံးဖြတ်ချက်အမှားကြောင့် အခွင့်အရေးအချို့ဆုံးရှုံးရတယ်။ သာတဲ့အခါ သာ၊ နာ တဲ့အခါ နာတတ်တာ။ ဖြစ်လေ့ဖြစ်ထပါ။ ဒါဟာ ဘောလုံးပွဲမှသာ မဟုတ်ပါဘူး။ ဘဝမှာလည်း ဒီလိုပါပဲ။ ဒါကိုက ဘဝပါပဲလို့ ပြောခဲ့တာကို ဖတ်ရတယ်။

သူ့ပြောစကားဖတ်လိုက်ရတော့ စိတ်က ဘောလုံးပွဲသတင်းကနေ အပြင်ကို ဖြန့်ထွက်သွားတယ်။ ဘဝဆိုတာရယ်၊ အနိုင်အရှုံး၊ ဒိုင်၊ ကံကြ မ္မာ၊ သာခြင်းနာခြင်းစတဲ့အရာတွေက ခေါင်းထဲကို တိုးဝင်လာတယ်။ ဒီအကြောင်းအရာတွေက စဉ်းစားဖို့ ဖြစ်လာတယ်။

ဘဝဆိုတာ ဘာလဲဆိုပြီး ကိုယ့်နည်းနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ကြတာတွေ အများကြီးရှိတယ်။ တန်ဖိုးရှိတဲ့ ဘဝဆိုတာ ဘာလဲရယ်လို့ သတ်မှတ်ပုံ တွေလည်း အမျိုးမျိုးရှိတယ်။ဘာသာရေးအမြင်၊ လူမှုရေးအမြင်။ နိုင်ငံရေးအမြင်။ ရပ်တည်ပုံအခြေခံကွဲပြားမှုကြောင့် သုံးသပ်ပုံခြင်းလည်း ကွဲပြားကြတယ်။ လူတစ်ဦးချင်းစီရဲ့ ဘဝအဓိပ္ပါယ်ဖွင့်ဆိုပုံ၊ ဘဝအပေါ် ခံယူသုံးသပ်ပုံတွေဟာ အများလက်ခံထားတဲ့ ဘဝအဓိပ္ပါယ်နဲ့ ကွဲပြား ကောင်းလည်း ကွဲပြားပေလိမ့်မယ်။