Sunday, December 2, 2012

Honoring Masoeyein Sayadaw U Yazadhamma


ရွှေဖနောင့်ပိုင်ရှင်
အရှင်ဥာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)
ဒီဇင်ဘာ ၃၊ ၂၀၁၂
အမေရိကမှာသီတင်းသုံးနေကြတဲ့ မစိုးရိမ်တိုက်သစ် ဆရာတော်ကြီးရဲ့ တပည့်တွေက  ဆရာတော် ဘုရားကြီးပူဇော်ပွဲအတွက် စာတွေအသီးသီး ရေးပြီးသွားကြပြီ။ သူတို့တွေက ကိုယ်နဲ့စာရင် စာရေးတဲ့ အကျင့် သိပ်မရှိကြသူတွေ။ ကိုယ်ကတော့ ဘာရယ်သာ မဟုတ်တယ်။ ပြည်တွင်းက မဂ္ဂဇင်းအချို့၊ ဂျာနယ်အချို့။ ပြည်ပက အင်တာ နက်အပါအဝင် ဟိုဟိုဒီဒီ မြန်မာမီဒီယာတော်တော်များများမှာ ဆောင်းပါးတွေ ကဗျာတွေ မပြတ်မပြတ် ရေးနေတဲ့သူ။ ရေးပြီးသားဆောင်းပါးတွေကို စုပေါင်းပြီး စာအုပ်ထုတ်ဝေခဲ့တာလည်း လေးငါးအုပ်ခန့် ရှိပြီ။ ရှင်လူအကြားမှာလည်း အတန်အသင့် အသိအမှတ် ပြုခံရတဲ့ ကလောင်ရှင်တစ်ဦးလို့ ပြောလို့ရနေပြီ။
ဒီတော့ ဒီလိုသူတစ်ဦးက ကြုံတောင့်ကြုံခဲ ကိုယ်အလွန်လေးစား ကြည်ညိုရတဲ့ဆရာရင်းတစ်ပါးရဲ့ သက် တော်ရှယ်ဆယ်ပြည့် အထိမ်းအမှတ်ပူဇော်ပွဲအဖြစ် တပည့်သစ်ဟောင်းတွေက စုပေါင်းပြုလုပ်ကြမည့် ပူဇော်ပွဲအတွက် အမှတ်တရ ထုတ်ဝေမည့်စာအုပ်ထဲမှာ ပါဝင်ကာစာရေးဖို့ တက်တက် ကြွကြွဖြစ်နေ ရမှာ။ အခြားတပည့်များရဲ့ရှေ့က ဖြစ်နေရမှာ။ ခုတော့ ဒီလိုမဟုတ်။ စာမူလက်ခံတဲ့ရက် ကုန်ခါနီးအထိ ရေးဖို့ မစနိုင်သေးဘူး။
တကယ်တော့ လက်နဲ့ရေးတဲ့အထိ(အဲကွန်ပြူတာနဲ့ရိုက်တဲ့အထိ)သာ မရောက်တာ။ စိတ်နဲ့တော့ အကြိမ်ကြိမ် ရေးကြည့်နေပြီးသား။ သို့ပေမယ့် အခြားအကြောင်းအရာတွေ ရေးရာမှာ စာရေးတာမြန် တယ်လို့ အသိအမှတ်ပြုခံရတဲ့ကိုယ်က ကိုယ်လေးစားတဲ့ ကိုယ့်ဆရာသမားအကြောင်း ရေးမယ်ဆို တော့ လက်က ခပ်တွန့်တွန့်။
မိတ်ဆွေတစ်ပါးကတော့ ‘သူတောင်ရေးပြီးနေပြီ။ ရေးတော့လေ’ လို့ ကိုယ့်ကိုပြောပါတယ်။ သူ့ကိုတော့ ‘အဲပေါ့လေ။ ဘာနာမည်မှ မရှိတဲ့သူတွေကတော့ ဘာရေးရေး၊ ဘယ်လိုနေနေ၊ ကောင်းကောင်း မကောင်းကောင်း အကြောင်းမဟုတ်ဖူးပေါ့’ လို့ ပြန်ပြောလိုက်တယ်။ ကိုယ်ကတော့ နာမည်တစ်လုံးနဲ့ နေသူဆိုတဲ့ သဘောပေါ့။
တကယ်တော့ သူ့ကိုနောက်ပြီး ပြောခဲ့သလို အမှန်တကယ်ကိုယ်က နာမည်တစ်လုံးနဲ့နေလို့ မရေးဖြစ် နိုင်သေးတာ မဟုတ်ပါဘူး။ ဂုဏ်ကြီးလွန်းလို့ နာမည်တစ်လုံးနဲ့ နေတော်မူတဲ့ ကိုယ့်ဆရာသမား အကြောင်းမို့ ရေးဖို့လက်တွန့်နေလို့ ကြန့်ကြာနေရတာပါ။
ကိုယ်ဘယ်လောက်ပဲရေးရေး။ ဆရာတော်ရဲ့ ဂုဏ်ပင်လယ်သမုဒ္ဒရာများထဲက ဂုဏ်ရေစက် သေးသေး ငယ်ငယ်လေးမျှလောက်ကိုပင်လျင် ထင်ရှားအောင် ဖော်နိုင်စွမ်းရှိမယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ် ကို သိနေတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် တပည့်တွေ စုပေါင်းပူဇော်ကြမည့် ထူးကဲတဲ့ဒီလိုပွဲမျိုးမှာ ကိုယ့် လက်ရာလေးတစ်ခုမှ မပါလိုက်ရဘူးဆိုလျင်ဖြင့် တစ်သက်တာလုံး နောင်တရလို့ဆုံးမှာ မဟုတ်တော့ ဘူး။ ကိုယ့်ဆရာရဲ့ အမှတ်တရ သက်တမ်းစာအုပ်မှာ အုတ်တစ်ချပ်အဆင့်မဟုတ်ခဲ့တောင် သဲတစ်ပွင့် မျှလောက်တော့ ပါကိုပါဝင်ရမယ် မဟုတ်လား။ ဒါကြောင့် မရဲတရဲနဲ့ ကျွဲလှည်းစီးတဲ့သဘောနဲ့ ကိုယ် ပြောချင်တဲ့ ဆရာတော့်အကြောင်း ဝင်ပြောရပါတယ်။
ဆရာတော့် ဂုဏ်မမြောက်ခဲ့လျင်တောင်မှ ‘ဒီငနွား၊ ဖနောင့်နဲ့ ပေါက်လိုက်ရ’ ရယ်လို့ ရေရွတ်တော်မူရုံ သာ ဆရာတော် တတ်နိုင်ပေလိမ့်မယ်။ ရွှေဖနောင့်တော်ကတော့ ကိုယ့်ခေါင်းပေါ် ကျရောက်နိုင်တော့ မယ် မဟုတ်ပေဘူးလေလို့ ကိုယ့်ကိုယ်ကို အားပေးရင်းပေါ့။ ဟုတ်တယ်လေ။ ကိုယ်က အဝေးတနေ ရာမှာ ရောက်နေခဲ့လေပြီကိုး။
တပည့်တွေပြန်ဆုံလို့ ဆရာတော့်အကြောင်းပြန်ပြောရင် ဆရာတော့်ဖနောင့်အကြောင်းက မပါမပြီး တဲ့အကြောင်းလေ။ ဆရာတော်က စာဆိုစာအံလုပ်နေတဲ့ တပည့်တွေရှေ့မှာ စာအုပ်တစ်အုပ်ကိုကိုင် ရင်း စင်္ကြန်လျှောက်နေလေ့ရှိတယ်။ ထူးခြားတာက တပည့်တစ်ပါးပါး စာဆိုမှားနေပြီဆိုလျင် မှားနေ တဲ့တပည့်နားမှာ ဆရာတော်က ရောက်ရောက်နေတတ်တာ။ ပါးလှတဲ့ဆရာတော့်နားက အမှားကို ချက်ခြင်း သိရုံမျှမက သွားနေတဲ့ခြေထောက်ကလဲ ‘ဒီငနွား၊ ဖနောင့်နဲ့ပေါက်လိုက်ရ’ လို့ ပြောရင်း ပြောတဲ့စကား မဆုံးမီမှာပဲ ရွှေဖနောင့်တော်က ခေါင်းပေါ်ကို ကျလာတော့တာပါပဲ။
ဆရာတော်က လမ်းလျှောက်ရာမှာသာ မြန်တာမဟုတ်ဘူး။ ဖနောင့်ပေါက်ရာမှာလည်း အလွန်မြန် တော်မူပါတယ်။ ခံရတဲ့တပည့်က ကိုယ့်အလှည့်မှာ မော်မကြည့်ဝံ့ပေမယ့် သူများအလှည့်မှာ ဘေးနား က မော်ကြည့်လျင်ဖြင့် နှုတ်က ဒီငနွားလို့ အော်ငေါက်နေပေမယ့်လည်း ဆရာတော့်ရဲ့ ပြုံးနေတဲ့ မျက် နှာကို မြင်ကြရစမြဲပါ။ ဒါကြောင့်လည်း ဆရာတော်ရဲ့ ဖနောင့်ကိုကြောက်ပေမယ့် ဒီအကြောက်ဟာ ချစ် ကြောက်ရိုသေခြင်းသာ ဖြစ်တယ်ဆိုတာ တပည့်အားလုံးက နားလည်ကြခြင်းဖြစ်ပါတယ်။
မော်ကြည့်တယ်ဆိုပေမယ့် မသိမသာပဲ ကြည့်ကြရတာပါ။ သိသိသာသာကြည့်လို့ ဆရာတော်မိသွား လျင်ဖြင့် ‘အောင်မာ ဒီငနွားက ကိုယ့်စာကိုကြည့်တာ မဟုတ်ဖူး’ ဆိုပြီး ဒုတိယဖနောင့်က မော်ကြည့် သူခေါင်းပေါ်ကို ရောက်လာမှာ အသေအချာပဲလေ။
ဆရာတော်နဲ့တပည့်များအကြား ချစ်ကြောက်ရိုသေဖြစ်စေတဲ့ အပြန်အလှန် နားလည်မှုရှိကြတဲ့ ဆက် ဆံရေးအကြောင်းအရာတွေက အများသားပါ။ ပြောပြလို့ ကုန်နိုင်မယ် မဟုတ်သလို ဆရာတော်အနီး အနား ဝပ်တွားကာ ပညာမဆည်းပူးဖူးသူများအနေနဲ့လည်း အချို့အရာများကို နားလည်နိုင်မယ် မဟုတ် ပါဘူး။
ခုဆိုလျင် ဆရာတော်ဘုရားရဲ့ ရွှေဖနောင့်နဲ့ ထုဆစ်လိုက်လို့ ထွက်ပေါ်လာတဲ့တပည့်တွေ မြန်မာပြည် တစ်ဝှမ်းမှာသာမက ကမ္ဘာအရပ်ရပ်မှာပင် ကျရာဝန်ထမ်း၊ နိုင်ရာတာဝန်ယူနေကြသူတွေ အမြောက် အများရှိနေပြီ။ ဒီတပည့်တွေဟာဖြင့်  “ရွှေဖနောင့်အောက်က  ထွက်လာတဲ့ ရွှေတပည့်များပေါ့ဘုရား” လို့ ပြောမယ်ဆိုလျင် “အောင်မာ၊ အောင်မာ၊ ဒီငနွားက ကြွားက ကြွားသေး” လို့များ ဆရာတော်က မိန့် တော်မူလေ မလား။ မိန့်ခဲ့မယ်ဆိုလျင်တောင် ဆရာတော်ဘုရားရဲ့ နှုတ်ဖျားကတော့ ပြုံးလို့သာနေမှာပါ။
ပြောစရာရှိလာလျင် မျက်နှာကြီးငယ် မထောက်ပဲ အချက်ကျကျ ပိုင်ပိုင်နိုင်နိုင်ပြောတဲ့ ဆရာတော်ရဲ့ စကားများက တစ်ခွန်းဆို ဆိုသလောက် မှတ်သားလောက်ပါတယ်။ ဆရာတော်ဘုရားမိန့်ကြားခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့သြဝါဒတွေထဲမှာ မှတ်မှတ်သားသားအဖြစ်ခဲ့ဆုံး သြဝါဒတစ်ခုရှိတယ်။ ဒီသြဝဒါဟာ နေရာဒေသအသီးသီး နယ်ပယ်အသီးသီးမှာ လူကြီးတာဝန်ယူနေကြသူတွေအတွက် သတိစကားဖြစ် သလို အနာဂတ်မှာ လူကြီးလုပ်ကြမည့် သူ့တပည့်တွေအတွက်လည်း လမ်းညွှန်ချက်ဖြစ်တယ်လို့ ခံယူ တယ်။ ဒီသြဝါဒဟာ ဘဝအတွက် လမ်းညွှန်ချက်တစ်ခု၊ စံတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။
တခါက ဆရာတော်ထံရောက်လာတဲ့ တိုင်းအဆင့်ရှိပုဂ္ဂိုလ်တစ်ဦးက သူတို့ပါတီရဲ့ သဘောတရားတွေ ကို ဆရာတော်ကို  လျှောက်ထားပါတယ်။ သူုတို့လမ်းစဉ်ဟာ ဘယ်လိုကောင်းမွန်ကြောင်း စသဖြင့် လည်း ဂုဏ်ယူဝင့်ကြွားစာ ဆက်လက်လျှောက်ကြားပါတယ်။ ဆရာတော်က ပြုံးနားထောင်နေပြီး
‘အေး မင်းတို့ ပါတီရဲ့လမ်းစဉ်က ကောင်းပါတယ်။ တကယ့်ကိုယ်မှ ဘုရားအလောင်းလမ်းစဉ်ပါပဲ။ ဒါပေမယ့် အဲဒီလမ်းစဉ်ကို ဦးဆောင်အကောင်အထည်ဖော်နေတဲ့ ခေါင်းဆောင်ဆိုတဲ့ကောင်တွေက နွားလောင်း တွေဖြစ်နေတာ ခက်တယ်’ လို့ မိန့်တော်မူပါတယ်။ ကောင်းလှပါတယ်လို့ ဆရာတော်ကို လျှောက်ထား တဲ့ ပါတီကြီးနဲ့ လမ်းစဉ်ကြီးလည်း နောက်ဆုံးမှာ ပြိုလဲပျက်စီးပြီး အသံတောင်မကြား ချင်လောက် အောင် လူအများရဲ့မုန်းတီးရွံရှာမှုကို ခံသွားရပါတယ်။
“စည်းကမ်းဆိုတာ ကောင်းရုံနဲ့ မပြီးသေးဘူး။ အဲဒီစည်းကမ်းဟာ အများတကာ လိုက်နာနိုင်လောက်တဲ့ စည်းကမ်းဖြစ်ဖို့လည်း လိုတယ်”လို့ မိန့်တော်မူပါတယ်။ တချို့အသင်းအပင်းတွေ၊ အဖွဲ့အစည်းတွေမှာ စည်းကမ်းတွေ တော်တော်ကောင်းကောင်း ထုတ်ထားတတ်ကြပါတယ်။ အချို့စည်းကမ်းများဟာ အကျိုးများရေးအတွက်ထက် ဟန့်တားရေးဖက်ကို ဦးတည်တဲ့စည်းကမ်းများလို့လည်း ဆိုနိုင်ပါတယ်။ သို့ပေမယ့် အဲဒီစည်းကမ်းတွေဟာ စာရွက်ပေါ်မှာသာပဲကောင်းတဲ့ စည်းကမ်းမျိုး ဖြစ်နေတတ်ပါတယ်။
စည်းကမ်းကို ရေးဆွဲသူတွေရော။ ဦးစီးအကောင်အဖော်သူတွေရော။ အဖွဲ့ဝင်အများစုရော လိုက်နာဖို့ အခက်အခဲဖြစ်တတ်ပါတယ်။ လိုက်နာဖို့ခက်ခဲတဲ့ စည်းကမ်းများကို ပြဌာန်းထားတဲ့အခါမှာ အများစု မလိုက်နာနိုင်တာကြောင့် စည်းကမ်းကိုအမျိုးမျိုးသော နည်းလမ်းများနဲ့ ချိုးကြရ ဖောက်ကြရပါတယ်။ ဒီအခါမျိုးမှာ စည်းကမ်းချိုးဖောက်ရသူများအနေနှင့် ကိုယ့်ကိုယ်ကို အပြစ်ကျူးလွန်သလိုမျိုး ခံစားရနိုင် ပါတယ်။ စည်းကမ်းက မတရားမှန်းသိပေမယ့် ပြဌာန်းထားတာက ရှိနေလေတော့ ချိုးဖောက်ရသူမှာ ကိုယ်အပြစ်လုပ်တာ မဟုတ်ဖူးလို့သိနေတာတောင်မှ စိတ်ဓာတ်မလုံခြုံသလို ဖြစ်ရပါတယ်။ လောကမှာ အတ္တနုဝါဒဘေးဆိုတဲ့ စိတ်မလုံခြုံခြင်းဘေးဟာ အလွန်မှ စိတ်ကိုရှုပ်ထွေးနောက်ကျုစေပါတယ်။
နောက်ပြီး ကိုယ်လုပ်တဲ့အလုပ်ဟာ ကောင်းသောလုပ်ရပ်ဖြစ်ပေမယ့်လည်း ရဲရဲဝံ့ဝံ့လုပ်ဖို့ အခက်အခဲ ဖြစ်တတ်ပါတယ်။ မရဲမဝံ့လုပ်ရတဲ့အလုပ်ဟာ ဘယ်မှာ အင်အားအပြည့် ပါနိုင်ပါတော့မလဲ။ အင်အား အပြည့်မပါတဲ့သူတွေဆီကထွက်လာတဲ့ ရလဒ်ဟာ အကောင်းဆုံးအရာဖြစ်နိုင်မယ် မဟုတ်ပါဘူး။ အထူးသဖြင့်တော့ အများသူငါ လိုက်နာဖို့ ခက်ခဲတဲ့ဥပဒေသတွေဟာ လောကတိုးတက်ရေးမှာ အဟန့်အတားဖြစ်နေတတ်တာသာ များပါတယ်။
အချို့ကျတော့လည်း စည်းကမ်းရေးဆွဲသူတွေကိုယ်တိုင်ကိုက ဒီရေးဆွဲတဲ့စည်းကမ်းဟာ အခြားသူတွေ အတွက်သာ ဖြစ်တယ်။ သူတို့ကိုယ်တိုင် လိုက်နာဖို့ မဟုတ်ဖူးလို့ သဘောထားပုံရပါတယ်။ ဥပဒေ အထက်မှာ ဥပဒေပြဌာန်းသုများက အငြိမ့်သားတက်ထိုင်နေကြပြီး ထင်တိုင်းခြယ်လှယ်နေကြခြင်းမျိုး ဖြစ်ပါတယ်။ ဒီထက်ဆိုးတာကတော့ ဒီလိုဥပဒေမျိုးကို သုံးချင်တဲ့နေရာ၊ သုံးလိုတဲ့နေရာမှာသာ သုံးခြင်း ပဲဖြစ်တယ်။ လူမုန်းမူသုံး၊ လူခင်မူပြင် ဥပဒေမျိုးတွေဟာ ဒီလိုနေရာများက ထွက်လာတတ်တာများပါ တယ်။
            စည်းကမ်းနဲ့ပတ်သက်ပြီး ချထားတဲ့ဆရာတော်ရဲ့ မူတစ်ခုဟာလည်း မှတ်သားဖွယ်ကောင်းပါတယ်။ ဆရာတော်တိုက်ရိုက်ကိုင်တွယ်တဲ့ တပည့်များထဲက ငယ်-လတ်-ကြီး စာသင်သားတွေ ဝါဆိုဦးရောက် တဲ့အခါ အာမခံ ၂-ပါး ရှာကြရတယ်။ အာမခံ ၂-ပါးမရှိလျှင် တိုက်ထဲမှာ ဝါဆိုခွင့် မရှိပါဘူး။ ဆရာ တော်ရဲ့ အုပ်ချုပ်မှုက အဆင့်ဆင့် အုပ်ချုပ်မှုမျိုးပါ။ ငယ်-လတ်-ကြီး စာသင်သားများကို စာချတန်းနှင့် စာချဘုန်းကြီးများက အုပ်ချုပ်ပြီး စာချတန်းနှင့် စာချဘုန်းကြီးများကိုတော့ နာယကဆရာတော်များက အုပ်ချုပ်ပါတယ်။ နာယက ဆရာတော်များကိုတော့ မဟာနာယက ဆရာတော်ကြီးက အုပ်ချုပ်ပါတယ်။
အကယ်၍ ငယ်-လတ်-ကြီး စာသင်သား တပါးပါး အပြစ်ရှိလို့ နှင်ထုတ်ဖို့လိုလျင် စာချတန်းနှင့် စာချ ဘုန်းကြီးများက နှင်ထုတ်ပိုင်ခွင့် ရှိပါတယ်။ စာချတန်းနှင့် စာချဘုန်းကြီးတို့ နှင်ထုတ်ထားတဲ့ ငယ်-လတ်-ကြီး တပါးပါးကို နာယကဆရာတော်များနှင့် မဟာနာယက ဆရာတော်တို့က ပြန်လည် လက်ခံ ပိုင်ခွင့် မရှိပါဘူး။ နည်းတူပါပဲ။ နာယကဆရာတော်များ နှင်ထုတ်ထားတဲ့ ငယ်-လတ်-ကြီး တစ်ပါးပါး ကိုလည်း မဟာနာယက ဆရာတော်က လက်ခံပိုင်ခွင့် မရှိပါဘူး။ သို့ပေမယ့် စာချတန်းများနှင့် စာချဘုန်းကြီးများထဲမှ အာမခံပေးမည့်ပုဂ္ဂိုလ် ရှိလျှင်တော့ ဆက်လက်၍ နေထိုင်ခွင့်ပေးပါတယ်။ မဟာ နာယက ဆရာတော် နှင်ထုတ်ထားတဲ့ တစ်ပါးပါးကို စာချတန်းနှင့် နာယက ဆရာတော်တို့က အာမခံ ပေးလျှင် ဆက်လက် နေထိုင်ခွင့် ရှိပါတယ်။
ဆိုလိုတာက အောက်အဆင့်က နှင်ထုတ်လိုက်တဲ့သူကို အထက်အဆင့် ဆရာတော်များက ဗီတို အာ ဏာဖြင့် လက်ခံပိုင်ခွင့် မရှိပေမယ့် အထက်အဆင့်က နှင်ထုတ်ထားပြီးသား သူကိုတော့  အောက် အဆင့်က အာမခံရလျှင် ဆက်လက်ပြီး နေထိုင်ခွင့် ရှိတယ်ဆိုတဲ့သဘောပါ။ အုပ်ချုပ်ရေးမှာ တစ်ဦးဦး က အာဏာရှင်ဆန်မှာမျိုးကို အကောင်းဆုံးကာကွယ်ပေးထားတဲ့ သဘောပါ။ ကရုဏာနဲ့ပညာ မျှတစွာ စီစဉ်ထားတဲ့ ဥပဒေသလို့လည်း ဆိုနိုင်ပါတယ်။
၂၀၁၁ ခု ဇူလိုင်လက ကိုယ့်ရဲ့ မုဒိတာရွှေကျောင်းကို ကိုယ်အလွန်လေးစားကြည်ညိုတဲ့ ကိုယ့်ဆရာ သမားအရင်း ရောက်ခိုက် ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီအတွက်လည်း အလွန်ဝမ်းမြောက်မိတယ်။ မြန်မာပြည် ပြန်ခါနီး ၂ ရက်အလိုမှာပဲ မိုင်ပေါင်း သုံးထောင်နီးပါးဝေးတဲ့ အမေရိကန် အရှေ့ဖက် အတ္တလန်တိတ် ကမ်းခြေကနေ အနောက်ဖက်ခြမ်း ပစိဖိတ်ကမ်းခြေမှာရှိတဲ့ ကျောင်းသစ်ဖွင့်ပွဲကို အပင်ပမ်းခံကာ ကြွရောက်ချီးမြှင့် ပေးတဲ့အတွက် တပည့်တွေအပေါ်မှာ သနားကရုဏာကြီးတော်မူတဲ့ ဆရာတော့် စိတ်ထားကိုလည်း ကြည်ညိုအားကျဖြစ်မိတယ်။ ကိုယ့်အတွက်တော့ ဘယ်လိုမှ မမေ့ပျောက်နိုင်မယ့် မှတ်တိုင်တစ်ခုပေါ့။
စာများများ မရေးပေမယ့် ဆရာတော်ဘုရားရေးသားခဲ့တဲ့ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တသူရိယာ ဘိဝံသ ထေရုပတ္တိကထာကတော့ တစ်အုပ်ဆို ဆိုသလောက် ပညာရှင်အများရဲ့ ချီးကျူးအလေးထား မှုကို ခံရပါတယ်။ ဒီစာအုပ်ဟာ ဆရာတော်ဘုရားကြီး ထေရုပတ္တိကထာဆိုပေမယ့် မစိုးရိမ်သမိုင်းလို့ ပြောလို့ရလောက်အောင် မှတ်သားဖွယ်တွေ၊ အတုယူဖွယ်တွေနဲ့ ပြည့်နေပါတယ်။ ဆရာတော်ရဲ့ရေး သားနည်းက ရှင်းလင်းသလို ရေးဟန်ကလည်း အကြောင်းအရာအချက်အလက်ပေါ်မှာ တိုက်ရိုက် ဆန်တဲ့နည်းကိုသုံးကာ တင်ပြထားပါတယ်။
ဆရာတော်ရဲ့ ဒီစာတစ်အုပ်ကပဲ စာရေးလိုတဲ့ ကိုယ့်အတွက် တွန်းအားကောင်းကောင်း ဖြစ်စေခဲ့တယ်။ သို့ပေမယ့် တွေးရတာပျော်တဲ့သူမို့လားတော့ မသိဘူးပေါ့။ တိုက်ရိုက်ရှင်းရှင်း ရေးသားထားတဲ့ ဆရာ တော်ရဲ့စာကိုဖတ်ခဲ့တာတောင် နားနားပြီး စဉ်းစားကာ အတွေးများနဲ့ ဖတ်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၀၁ ခု ပထမအခေါက် ဆရာတော်ဘုရား အမေရိကကိုကြွတော့ အတွေးအမြင်မှာ ကိုယ် ရေးခဲ့တဲ့ဆောင်းပါးများကို ဆရာတော်ဖတ်ဖို့ ကပ်ပါတယ်။ ဆရာတော်က သူ့တပည့်ရေးထားတဲ့ ဆောင်းပါးတွေကိုဖတ်ပြီး “မင်းစာတွေက အတွေးအခေါ်တွေ သိပ်များလွန်းတယ်ကွ”လို့ မိန့်ပါတယ်။ ဒုတိယအကြိမ်အဖြစ် ၂၀၁၁ ခုမှာ ဆရာတော်အမေရိကကို ရောက်တဲ့အခါမှလည်း ကိုယ်ရေးဖြစ်ခဲ့တဲ့ ဆောင်းပါးများကို ဆရာတော်က စိတ်ပါဝင်စားစွာ ဖတ်ပါတယ်။
(၁၂) နှစ်ကျော်ကြာကြာ အမေရိကမှာ နေထိုင်ပြီး မြန်မာပြည်ကိုပြန်ရောက်တော့ ဆရာတော်အထံ အဖူးမြော်ရောက်တဲ့အခါမှာ “မင်းစာတွေက အတွေးအခေါ်တွေ များလွန်းတယ်ကွ” လို့ ဆရာတော်က မိန့်ပြန်ပါတယ်။ ဆောင်းပါးတိုင်းမှာ အတွေးအခေါ်တစ်ခုခုကိုသာမက ရသတစ်ခုခုကိုပါ ပေးနိုင်အောင် ထည့်ကာရေးလေ့ရှိတဲ့ ကိုယ့်စာတွေအစား ပိုပြီးသိလွယ်အောင် တိုက်ရိုက်ကြကြ ရိုးရိုးရှင်းရှင်း ရေး သားဖို့ မိန့်လိုတာဖြစ်မယ်လို့ ယူဆမိပါတယ်။
ကိုယ့်လို သာမန်တပည့်တစ်ပါး ရေးတဲ့စာကို အခွင်သင့်တိုင်း အထူးဂရုပြု ဖတ်တာကြောင့် ကျေနပ် ဂုဏ်ယူမိပါတယ်။ ကိုယ်ကြည်ညိုလေးစားတဲ့ ကိုယ့်ဆရာက ကိုယ့်စာကိုဖတ်တာသိရတဲ့ တပည့် တစ်ပါးရဲ့ ကြည်နူးကျေနပ်မှုမျိုးက များပြားလှတဲ့ ဆရာတော်ရဲ့တပည့်တွေအကြား တပည့်အနည်း ငယ်လောက်သာ ရရှိနိုင်မယ့် အခွင့်အလမ်းမျိုး ဖြစ်မယ်ထင်ပါတယ်။ ဒီတစ်ခုတည်းနဲ့ကိုပဲ ဆရာတော် ရဲ့ သက်တော်ရှစ်ဆယ်ပြည့်စာအုပ်မှာ စာတစ်ပုဒ်နဲ့ပူဇော်ဖို့ သင့်လှပြီ မဟုတ်လား။
ဆရာတော်ဘုရားကတော့ သူ့ရဲ့တပည့်ရေးတဲ့စာကို အတွေးအခေါ်တွေများကြောင်း မှတ်ချက်ပြုပါ တယ်။ ကိုယ်ကတော့ ခုလိုတွေးခေါ်မြော်မြင်တတ်အောင် သင်ကြားပေးခဲ့တဲ့အတွက် ဆရာတော် ဘုရားကို အလွန်မှပဲ ကျေးဇူးတင်မိပါတယ်။
ဆရာ့ဂုဏ်ဂုဏ်ရည်ကို မျှော်မှန်းဦးညွတ်လို့ သင်ကြားပို့ချ ဟောကြား ရေးသားရင်း ကျန်ရှိသက်တမ်း အတွင်း မမောပမ်းနိုင်စွာသာလျင်ပဲ သာသနာခရီးကို ဆက်လို့နေပါဦးမယ်။ ဒါသည်ပင်လျင် ဆရာ တော်ကျေးဇူးကို အကောင်းဆုံးပေးဆပ်ခြင်း ဖြစ်ပေလိမ့်မယ်လို့လည်း ယုံကြည်မိပါတယ်။ ။
ဆရာတော်ဘုရား ဖနောင့်အစုံကို ကြည်ယုံဦးခိုက်လျက်

တပည့် ဥာဏိက
အရှင်ဥာဏိကာဘိဝံသ
မုဒိတာရွှေကျောင်း
27695 Leidig Ct., Hayward, CA 94544, USA
ashinlay@gmail.com                       

Tuesday, November 27, 2012

မုဒိတာရွှေကျောင်း စာကြည့်တိုက် ဖွင့်ပွဲ ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့နယ်မှာ ကျင်းပ


မုဒိတာရွှေကျောင်း စာကြည့်တိုက် ဖွင့်ပွဲ ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့နယ်မှာ ကျင်းပ
မိုးမခဓာတ်ပုံသတင်း၊ (Photos by SFBC Facebook)၊ နိုဝင်ဘာ ၂၆၊ ၂၀၁၂
            အရှင်ဥာဏိကာဘိဝံသ ကျောင်းထိုင်သီတင်းသုံးသော မုဒိတာရွှေကျောင်းတွင် မြန်မာမိသားစုများအတွက် မြန်မာစာကြည့်တိုက်ဖွင့်လှစ်ပွဲကို ယမန်နေ့ညနေက ဟေးဝဒ်မြို့ ကျောင်းတည်နေရာတွင် ဖွင့်လှစ်ခဲ့သည်။
            ဆရာတော်ကိုယ်တိုင် စုဆောင်းထားသော မြန်မာစာအုပ်များ၊ ဘာသာရေးစာအုပ်များနှင့် အများသူငှာတို့ ၀ိုင်းဝန်းလှူဒါန်းသော စာအုပ်များ စာနယ်ဇင်းများ စုစုပေါင်း ၁၃၀၀ နီးပါးဖြင့် အဆိုပါ မြန်မာစာကြည့်တိုက်ကို ဘုန်းကြီးကျောင်းထူထောင်ပြီး ၁ နှစ် အကြာတွင် ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။ ဆရာတော်က ရပ်နီး ရပ်ဝေးက မြန်မာစာဖတ်သူများအတွက် ရည်ညွှန်းစရာ၊ အားကိုးစရာ ဖြစ်စေမည့် စာကြည်တိုက်၊ စာဖတ်ခန်းတခု ဖြစ်လာအောင်၊ မြန်မာစာဖတ်သူ အများအတွက် ရည်ရွယ်ပြီး ကြိုးစားသွားမည်ဟု ပြောကြားသည်။
            ဘေးဧရိယာသို့ စာပေဟောပြောပွဲအစီအစဉ်ဖြင့် ရောက်ရှိနေသော စာရေးဆရာ မိတ်ဆွေများဖြစ်သည့် ကံထွန်းသစ်၊ မောင်စွမ်းရည်နှင့် နေဘုန်းလတ်တို့ ရောက်ရှိနေခိုက် အဆိုပါ စာကြည့်တိုက်ကို အမှတ်တရ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ 
မုဒိတာရွှေကျောင်း မြန်မာစာကြည့်တိုက်ဖွင့်ပွဲသို့ မြန်မာစာဖတ်သူ မြန်မာမိသားစု ၄၀ ကျော် တက်ရောက်ကြသည်။ စာအုပ်စာတမ်းနှင့် စာကြည့်တိုက်အတွက် လှူဒါန်းကူညီမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။ ဧည့်သည်တော် စာရေးဆရာများက စာကြည့်တိုက်ဖွင့်ပွဲတွင် အမှတ်တရစကားများ ပြောကြားကြပြီး စာကြည့်တိုက်များသည် လူမှုအဖွဲ့အစည်းအတွက် အရေးပါပုံ၊ စာကြည့်တိုက်များ တည့်တံ့ထိန်းသိမ်းရေး အားပေးဆောင်ရွက်ကြရန်၊ မြန်မာစာဖတ်သူများ ထွန်းကားရေး နှိုးဆော်ကြရန် တိုက်တွန်းသွားသည်။
            မုဒိတာရွှေကျောင်းစာကြည့်တိုက်၏ စာအုပ်ကတ်တလောက်သွင်းခြင်း၊ အသင်းဝင်များ ပြုလုပ်ခြင်း၊ စာအုပ်ငှားယမ်းခြင်းတို့ကို အင်တာနက်အခြေပြု စာကြည့်တိုက်စနစ်ဖြင့် စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ Openbiblo Open Source အခြေခံစာကြည်တိုက်စနစ်၊ ဘားကုတ်မှတ်စက်၊ ပုံနှိပ်ပရင်တာတို့ကို San Francisco Burmese Community Organizers & Volunteers တို့က ၀ိုင်းဝန်း စီစဉ်ပြီး လုပ်အားပေး စေတနာ့ဝန်ထမ်းတို့ဖြင့် ပြင်ဆင်ပေးခဲ့သည်ဟု ဆိုသည်။ ဆရာတော်၏ မုဒိတာရွှေကျောင်းစာကြည့်တိုက်တွင် စာအုပ်ငှားယမ်းလိုသူများက စာကြည့်တိုက်အသင်းဝင်ကြရန် လိုအပ်ပြီး ၀င်ကြေးမှာ အခမဲ့ဖြစ်သည်။ စာကြည့်တိုက် အသုံးပြုခြင်း၊ လည်ပတ်မှုနှင့် စည်းကမ်းစည်းမျဉ်းများကို စာအုပ်ငှားယမ်းသူများပေါ်မူတည်ပြီး သတ်မှတ် ထုတ်ပြန်သွားမည်ဟု ဆိုသည်။
            စာကြည့်တိုက်ဖွင့်ပွဲသို့ Shwe Video အဖွဲ့က မှတ်တမ်းရုပ်သံ လာရောက် ရိုက်ကူးပေးခဲ့သည်။
            (Photo Credit – San Francisco Burmese Community Organizers – Facebook http://facebook.com/BurmeseSF )

Tuesday, November 20, 2012

မုဒိတာရွှေကျောင်း ကထိန်ပွဲ စည်ကားသိုက်မြိုက်

မုဒိတာရွှေကျောင်း ကထိန်ပွဲ စည်ကားသိုက်မြိုက်
မိုးမခဓာတ်ပုံသတင်း၊ နိုဝင်ဘာ ၁၃၊ ၂၀၁၂
နိုဝင်ဘာ ၁၁က ဆန်ဖရန်ဘေးဧရိယာ၊ ဟေးဝဒ်မြို့၊ မုဒိတာရွှေကျောင်း ကထိန်ပွဲတော်ကို ကျင်းပခဲ့ရာ အဟာရအလှူရှင်များက မြန်မာ့ရိုးရာ စားသောက်ဖွယ်ရာများဖြင့် ဧည့်ပရိသတ်ကို ကျွေးမွေးဧည့်ခံကြပြီး ဧည့်ပရိသတ်များက ဆွမ်းအလှူဒါန၊ ကထိန်သင်္ကန်းအလှူဒါနများ ပြုခြင်းတို့ ဆောင်ရွက်ကြပါတယ်။
ကျောင်းထိုင်ဆရာတော် အရှင်ဉာဏိကာဘိဝံသက ပြောကြားရာမှာ ဆန်ဖရန်ဘေးဧရိယာသို့ ပြောင်းရွှေ့လာကြသူ မြန်မာမိသားစုများ တနှစ်ထက် တနှစ် တိုးတက်များပြားလာသည်ဟု ထင်ကြောင်း၊ ကျောင်းသားလူငယ်များ၊ မိသားစုများအပြင် လူကြီးများ၊ ကလေးသူငယ်များ အများအပြားကို တွေ့ရကြောင်း၊ ယခုလို ဘာသာရေး လူမှုရေးပွဲများတွင် မိတ်ဟောင်း မိတ်သစ် ဆုံကြသည်ကို တွေ့ရသည်မှာ မင်္ဂလာဖြစ်ကြောင်း ပြောကြားသွားသည်။

Thursday, November 1, 2012

Mudita Kahtain Pwe - 11th Nov 2012

ဟေးဝဒ် မုဒိတာရွှေကျောင်း ကထိန်ပွဲတော် - နိုဝင်ဘာ ၁၁၊ ၂၀၁၂ ဖိတ်ကြားစာ

Friday, October 19, 2012

အသစ်တွေ မညစ်စေဖို့

အရှင်ဉာဏိကာဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)
အောက်တိုဘာ ၁၉၊ ၂၀၁၂

ဒီနေ့မနက်စောစော ပြန်ကြွသွားတဲ့ဆရာတော် အရှင်ရာဇိန္ဒ-ရဝေနွယ် (အင်းမ) က ကားပေါ်တက်ခါနီးမှာ သူ့ရဲ့နောက်ဆုံးထုတ်ဝေခဲ့တဲ့ ရ ဝေနွယ်အသစ်ဆိုတဲ့စာအုပ်ကို လက်ဆောင်ပေးပါတယ်။ ခုလို ပြန်ခါနီးမှပေးဖြစ်တာက သူ့စာအုပ်ကို ကိုယ့်ကိုအလျင်ကတည်းက ပေးပြီးပြီ လို့ထင်တာကြောင့်ပါ။ မြန်မာပြည်ကို ကိုယ်ရောက်ချိန်မှာ သူ့စာအုပ်ကထွက်ခါနီး၊ အသစ်ထွက်မည့် ရဝေနွယ်အသစ် စာအုပ်အကြောင်း ပြောဖြစ်ပေမယ့် တကယ်ထွက်မလာနိုင်သေးလို့ အဲဒီတုံးက သူကိုယ်တိုင်မပေးလိုက်နိုင်ခဲ့သေးဘူး။ ခုမှ ကိုယ့်အတွက်တစ်အုပ်နဲ့ စာကြည့် တိုက်အတွက်တစ်အုပ် ၂ အုပ် သူကပေးခဲ့တယ်။
သူကြွသွားလျင်သွားခြင်း အာရုံဆွမ်းဘုန်းပေးဖို့အချိန် နာရီဝက်လောက်စောနေသေးတာနဲ့ စာအုပ်ကို ချက်ခြင်းပဲကောက်ဖတ်ဖြစ်လိုက် တယ်။ မာတိကာမှာပါတဲ့ စာရင်းအရဆိုလျင်ဖြင့် စာအုပ်ထဲမှာပါဝင်တဲ့ ဆောင်းပါးတော်တော်များများကိုတော့ မေတ္တာဥယျာဉ်ဝက်ဘဆိုက်နဲ့ အလင်းတန်းဂျာနယ်များကတဆင့် ဖတ်ဖူးပြီးသား။ သေချာတာကတော့ မဖတ်ဖြစ်သေးတာက စာအုပ်မှာပါဝင်တဲ့ အမှာစာများ။ အမှာ စာရေးကြသူတွေက ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၊ စာရေးဆရာမ လွန်းထားထား(ဆေးတက္ကသိုလ်)နဲ့ စာရေးသူ ရဝေနွယ် (အင်းမ)တို့ ကိုယ်တိုင်ပါ။ သုံးဦးလုံးက သူ့နယ်ပယ်နဲ့သူ နာမည်ကြီးကြတဲ့ Famous person တွေ။ တစ်နည်းအားဖြင့်ဆိုလျင်တော့  Bestsellers တွေ။
အမှာစာမှာ ရွှေပါရမီဆရာတော်က သူ့ကိုယ်တွေ့အတွေ့ကြုံတွေကို အခြေခံပြီး  ‘အရှင်ဆန္ဒာဓိက အသစ်’ ဆိုပြီး ရေးပါတယ်။ မိုးကြိုးအပစ် ခံခြင်းနဲ့ ဓာတ်လှေခါးပြုတ်ကျခြင်းက ထင်ရှားတဲ့အမှတ်ပြုဖွယ်များ။  သူ့အမှာစာဖတ်ရတော့ ကိုယ်ငယ်ငယ်က နှုတ်ကြမ်းအာကြမ်းရှိတဲ့ အိမ်နီးနားခြင်းအဒေါ်ကြီးတစ်ယောက်က သူ့သားအငယ်ကောင်ဖြစ်တဲ့ ကိုယ့်သူငယ်ချင်းကို ပြောလို့ဆိုလို့မရတိုင်း မိုးကြိုးပစ်လေး၊ မိုးကြိုး ပစ်ပြီး သေပါစေတော်လို့ ကျိန်ဆဲတတ်တာကို သတိရမိတယ်။
မိုးကြိုးကြောက်တဲ့ကိုယ်က ‘အဖွားမိုးကြိုးပစ်ရင် သူ့တစ်ယောက်ထဲကိုပဲမှန်တာလား၊ ဘေးနားကလူတွေကိုလည်း ထိသေးလားလို့ အဖွား ကိုမေးကြည့်တော့ မြေးရယ် မိုးကြိုးပစ်ရင် စက်ကွင်းမိတယ်ဆိုတာတော့ရှိတာပေါ့။ ဒါကြောင့် အနီးအနားကသူတွေလည်း ထိမှာပေါ့လို့ ပြောခဲ့လို့ ဘာမှန်းမသိပဲ စက်ကွင်းဆိုတာကြီးကိုကြောက်တာနဲ့ ‘အဒေါ်ကြီး အဒေါ်ကြီးသားကို မိုးကြိုးပစ်ပြီးသေပါစေတော်လို့ မကျိန်ဆဲနဲ့ ဗျာ။ အဲဒီလိုကျိန်တာက မကောင်းဘူး’လို့ ပြောဖြစ်ခဲ့လို့ ‘အောင်မယ် ဒီသေနာကောင်လေးက၊ လူကြီးကိုများ ပမာမခန့်၊ ဆရာလာလုပ်ရတယ်ရှိသေး’လို့ဆိုပြီး အဆဲစက်ကွင်း လက်ငင်းအမိခံခဲ့ရတာကိုလည်း သတိရမိပါတယ်။
အဖွားကတော့ ‘မြေးရယ်၊ မိုးကြိုးဆိုတာ လူဆိုးတွေကိုမှ ပစ်တာပါ။ ငါ့မြေးလိုသူတွေကို မပစ်ပါဘူးဆိုလို့ စိတ်သက်သာရာရခဲ့ရပါတယ်။ ခတ္တမန္ဒူကနေ လုမ္ဗနီအသွား ရွှေပါရမီဆရာတော်တို့စီးလာတဲ့လေယာဉ်ကို မိုးကြိုးအပစ်ခံရတာကတော့ ကိုယ့်အဖွားပြောခဲ့ဘူးသလို သူ တို့တွေလူဆိုးတွေမို့ အပစ်ခံရတာတော့ ဟုတ်မယ် မဟုတ်ပါဘူးလို့ သူ့အမှာစာကိုဖတ်နေရင်း တွေးမိလိုက်လို့ ပြုံးမိလိုက်ပါသေးတယ်။ ဟုတ်တယ်လေ။ ဘုရားဖူးအသွား လေယာဉ်ပေါ်မှာဖြစ်ပါတယ်ဆိုမှတော့ ဘယ်မှာဆိုးလို့ပစ်တာဟုတ်ပါ့မလဲ။ မိုးကြိုးပစ်တာထက် မိုးကြိုးခ တယ်လို့ဆိုရင် ပိုပြီးသင့်တော်မှာပေါ့။ မိုးကြိုးက ထံနီးပါး အခစားရောက်လာတာ။
ကိုယ်ငယ်ငယ်က မိုးကြိုးပစ်တာကိုဆိုမပြောနဲ့၊ မိုးချုန်းသံကြားလျင်တောင် ကြောက်တတ်လို့ ခေါင်းမြီးလုံအောင်ခြုံပြီး အိပ်ရာထဲ ဝင်ပြေး တတ်ခဲ့တာ။  ဒီတော့ စီးလာတဲ့လေယဉ်ပျံကို မိုးကြိုးအပစ်ခံရတဲ့ သူတို့အတွေ့အကြုံက  ကြက်သီးထစရာ။ ကိုယ်သာဆို ကောင်းကင်မှာပင် အသက်ထွက်သွားလေမလားမသိ။
နောက်ပြီး ‘အလုပ်တစ်ခုကို လုပ်ဖြစ်လိုက်လို့ ကိုယ်လုပ်လိုက်တဲ့ အလုပ်ဟာ နောင်တပူပန်စရာဖြစ်ရတယ်၊ စဉ်းစားမိတိုင်း မျက်ရည်လည်ရွှဲ ငိုကြွေးရတယ်ဆိုလျင် အဲဒီအလုပ်မျိုး မလုပ်ဖြစ်အောင်နေဖို့။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်ဟာ ပြန်တွေးမိတိုင်း ကြည်နူးဝမ်းသာ ဖြစ်စရာဆိုလျင် လုပ်ဖြစ်အောင်လုပ်ဖို့’ ဓမ္မပဒကျမ်းစာက ဗုဒ္ဓမြတ်စွာမိန့်မှာချက်ကို ကိုးကားပြောပြသွားတဲ့ သူ့အသစ်ကလည်း စိတ်ဝင်စားဖွယ်ပါပဲ။
ဆရာမ လွန်းထားထားကတော့  ကိလေသာတွေနဲ့ အပက်ဖျန်းခံရလို့ ညစ်နွမ်းသွားတဲ့ ရုပ်ပျက်ဆင်းပျက်စိတ်ကလေးကို သတိနဲ့ဆေးကြော လိုက်လို့ စိတ်အသစ်ကလေး ဖြူဖွေးသန့်စင်သွားနိုင်ကြောင်းကို သူ့အသစ်မှာ ပြောထားပါတယ်။ သူ့အသစ်ကလည်း တရားသဘောကျသမို့ အဟောဝတ ကောင်းစွပါပဲပေါ့။
စာရေးသူရဝေနွယ်(အင်းမ)ရဲ့ အမှာစာမှာတော့ ကျေးဇူးတင်ထိုက်သူတွေကို ကျေးဇူးတင်စကားပြောထားပါတယ်။ အသစ်အကြောင်းကို တော့ အထူးတလည် ပြောမထားပါဘူး။ သူ့အသစ်အကြောင်းကတော့ ဆောင်းပါးတွေထဲမှာ ပြောထားမယ်ထင်ပါရဲ့။ ရဝေနွယ် ဘယ်လို သစ်ထားသလဲတာကိုတော့ ဖတ်ကြည့်ရပါဦးမယ်။ သူ့အမှာစာမှာ အထူးသတိပြုမိတာကတော့ တရားမဟောချင်ဘူးဆိုတာရယ်။ တရားပွဲ လက်ခံထားရင် စိတ်သိပ်ဖိစီးတယ်ဆိုတာရယ်ပါပဲ။ ဒါကတော့ ကိုယ်နဲ့တော်တော်တူပါလေရဲ့။
အမေရိကကိုရောက်လို့ ဆန်ဖရန်ဖက်ကိုလာမယ်ဆို မုဒိတာရွှေကျောင်းမှာတည်းဖို့ မြန်မာပြည်ကို ပြန်လည်စဉ် ဓမ္မရဝေတောရရိပ်သာ ကိုရောက်ခိုက် ဖိတ်ကြားခဲ့တယ်။ ခု LA မှာ ယာယီသီတင်းသုံးနေတဲ့ သူက ဆန်ဖရန်စစ္စကိုဖက်ကိုလာမယ်။ မုဒိတာရွှေကျောင်းမှာ တည်း မယ်။ ဒေလီစီးတီးမှာ တရားတစ်ပွဲဟောမယ်ဆိုတော့ ရောက်တုန်းအခိုက်မှာ ကြုံတောင့်ကြုံခဲ မုဒိတာရွှေကျောင်းမှာလည်း တရားတစ်ပွဲ လောက်ချီးမြှင့်ပါဦးလို့ လျှောက်ထားဖြစ်တယ်။ တရားဟောဖို့ အရန်သင့်ပြင်ဆင်ထားတာမရှိသေးဘူးဆိုတာကြောင့် ဒေလီစီးတီးမှာဟော မယ့် တရားကိုပဲ အကြိုလေ့ကျင့်မှုအနေနဲ့ မုဒိတာရွှေကျောင်းမှာဟောပေါ့ဘုရားလို့ သူ့ကိုလျှောက်ဖြစ်တယ်။
တကယ်တော့ သူ့ကိုသာ ကိုယ်က အဲဒီလိုလျောက်ဖြစ်တာပါ။ မကြာမီကပဲ အော်ရီဂင်မှာ သီတင်းသုံးတဲ့ မိတ်ဆွေဆရာတော် ဦးသီရိန္ဒ (ရဝေနွယ်ရဲ့ အမှာစာပါတဲ့ ဘုန်းကြီး ဦးသီရိန္ဒ) က သူ့ရဲ့ သီရိမင်္ဂလာကျောင်း တိုးချဲ့ဘုရားခန်းမဆောင်ဖွင့်ပွဲကိုပင့်ဖိတ်ရင်း အောက်တိုဘာ (၁၉)  ရက် သောကြာနေ့ညမှာ အကြိုတရားဟောပေးဖို့ ကိုယ့်ကိုမိန့်ပါတယ်။ (၂၀) ရက် စနေနေ့ညမှာ ဓမ္မဘေရီဆရာတော်နဲ့ (၂၁) ရက် တနင်္ဂနွေညများမှာတော့ ဆရာတော် ဦးဇာဂရ (ဆရာကံထွန်းသစ်) တို့က အောင်ပွဲအထိမ်းအမှတ် တရားအသီးသီး ချီးမြှင့်ကြမှာလို့လည်း ပြောပါတယ်။
ဆရာတော် ဦးသီရိန္ဒက မေတ္တာဥယျာဉ်အမည်နဲ့ ဝက်ဘဆိုက်တစ်ခု တင်ထားပါတယ်။ ဘာသာရေး ယဉ်ကျေးမှုနဲ့ မြန်မာလူ့အဖွဲ့အစည်းမှာ အကျိုးများမည့် အခြားသော ထွေကာလီကာ ဆောင်းပါးများ၊ မှတ်စုမှတ်ရာများကို သူ့ဆိုက်မှာဖော်ပြပါတယ်။ ဓမ္မဘေရီဆရာတော်၊ ကံ ထွန်းသစ်၊ အရှင်ဉာဏိကာဘိဝံသနဲ့ ရဝေနွယ် (အင်းမ) တို့ကတော့ သူ့ဆိုက်ရဲ့ပင်တိုင်များလို့ ပြောရမည့်သူများပေါ့။ သူ့ဝက်ဘဆိုက်မှာ ဆောင်းပါးတွေရေးလေ့ရှိတဲ့ ဆရာတော်တွေ ခန်းမဆောင် ရေစက်ချပွဲမှာ ဆုံတုံးဆုံခိုက် ကြုံတုံးကြုံခိုက် တရားပွဲကိုစီစဉ်လိုတာကြောင့် တရားချီးမြှင့်ဖို့ ခုလိုလျောက်တာပါလို့လည်း မိန့်ပါတယ်။ သူ့အကြံကတော့ တကယ့်ကိုမှ အကြံကောင်းပါ။ သို့ပေမယ့် သူ့အကြံကောင်းက ကိုယ့်အတွက် မကောင်းသလိုဖြစ်နေတယ်လေ။ ကိုယ်က တရားဟောဖို့ဆို ဟိုရွှေ့ဒီပြောင်း အကြောင်းအမျိုးမျိုးပြလို့ ရှောင်လွှဲငြင်းပယ် တတ် သူလေ။
တကယ်တော့ ရဟန်းတော်တွေရဲ့အဓိကအလုပ်က စာချလျင်ချ၊ တရားဟောတရားပြ လုပ်လျင်လုပ်၊ လုပ်ရမှာမျိုးမဟုတ်လား။ ခုတော့ တ ရားဆိုလည်း မတောက်တခေါက်ပြ၊ သင်တန်းလေး မဖြစ်စလောက်ပို့ချ။ စာလေး ပြောက်တိပြောက်ကျားရေး။ ဘာကိုမှ ထိထိ ရောက်ရောက် မလုပ်ဖြစ်သေးတဲ့ကိုယ်။ တခါခါမှာတော့လည်း ပင့်လျောက်လာသမျှကို မငြင်းပယ်ဘဲ ဟောပြောပေးမယ်လို့ စိတ်ကောင်းလေးဝင်ခဲ့ တတ် ပေမယ့် အများအားဖြင့် ဟောပြောမှုမှာ အားမသန်လှတဲ့ကိုယ်က အကြောင်းအမျိုးမျိုးပြကာ ငြင်းပယ်တတ်ခဲ့မြဲ။
ဒါကြောင့် ဆရာတော် ဦးသီရိန်ကို ဆရာတော်ရေ အေးအေးပဲ ခန်းမဆောင်ဖွင့်ပွဲလာပါရစေ၊ တရားတော့ မဟောပါရစေနဲ့။ တရားဟောရ မယ်ဆိုလျင် လာရတဲ့ခရီးလေး ပျော်စရာမကောင်းပဲနေလိမ့်မယ်ဆိုပြီး အကြောက်အကန်ငြင်းခဲ့တာ။  ‘ဆန်ပြုတ်နဲ့ မုန့်ဟင်းခါး တခြားစား စရာမရှိမှ စား’ လို့ပြောတတ်တဲ့ ကိုယ့်အကြောင်းကိုသိထားတဲ့ ဓမ္မဘေရီဆရာတော်ကတော့ ‘သူမဟောလိုတာကို အတင်းမတိုက်တွန်း ပါနဲ့လေ၊ ဦးဉာဏိကက တရားဟောဖို့ကိုလည်း ဆန်ပြုတ်နဲ့မုန့်ဟင်းခါးစာရင်းထဲထည့်ထားမှန်းမှ မသိတာ’ လို့ ဦးသီရိန္ဒကို မိန့်ကြောင်း ဦး သီရိန်က ပြန်ပြောပြတယ်။ နောက်ပြီး ‘အရှင်ဥာဏိက သဘောကျစေချင်လျင် အရှင်ဘုရားနဲ့ မလှမ်းမကမ်းက ဝါရှင်တန်ပြည်နယ်ထဲမှာရှိတဲ့ မောင့်စိန့်ဟယ်လင်ကိုသာ လိုက်ပို့လိုက်’ လို့လဲ မိန့်တယ်လို့ ပြောပါတယ်။
ကျေးဇူးပါ ဓမ္မဘေရီဆရာတော်။ ဆရာတော်ရဲ့ အဲဒီအကြံပေးချက် သိပ်ကောင်းပါတယ်။ တောတောင်နဲ့ သစ်ပင်ပန်းမာလ်တွေရဲ့ အလှသ ဘာဝကို မြတ်နိုးတဲ့တပည့်တော်အတွက် ဒီထက်ကောင်းတဲ့အကြံရှိမယ် မဟုတ်ပါဘူး။ ဒါပေမယ့် တရားဟောတာကို ဆန်ပြုတ်နဲ့ မုန့်ဟင်း ခါးလို အမုန်းစာရင်းထဲထည့်ရလောက်အောင်တော့လည်း မဟုတ်သေးပါဘုရားလို့ တွေ့တဲ့အခါမှ ဆရာတော်ကို ပြန်လည်လျှောက်ကြား ရဦးမယ်။
ကိုယ့်အလှည့်မှာ တရားဟောဖို့ အဲဒီလိုငြင်းခဲ့တဲ့ ကိုယ်က သူများတွေအလှည့်မှာတော့ တရားဟောပေးဖို့ တိုက်တွန်းလျောက်ကြားဖြစ်ခဲ့တာ။ ဒီတော့ မတရား လုပ်မိသလိုမျိုး။ ရဝေနွယ်ဆရာတော်ကတော့ ဆရာတော် အရှင်သီရိန္ဒကို အကြောက်အကန် ကိုယ်ငြင်းသလို ကိုယ့်ကိုမ ငြင်းရှာပဲ မုဒိတာရွှေကျောင်းမှာ ‘ရင်ထဲက အရဟံ’ အမည်နဲ့ တရားတစ်ပုဒ်ချီးမြှင့်သွားတယ်။ ဒီအတွက် ရဝေနွယ် (အင်းမ) ဆရာတော် လေးကို အထူးကျေးဇူး တင်ပါတယ်။
ရဝေနွယ်ဆရာတော်တို့ ကားထွက်သွားတာ (၄) နာရီလောက်ရှိပြီ။ သူတို့သွားကြတဲ့ စန်တာမရီယာနဲ့ ကိုယ်နေထိုင်ရာ ဟေးဝပ်မြို့က မိုင် (၂၅ဝ) လောက်ဝေးတာဆိုတော့ ကားမောင်းချိန်က လေးနာရီခန့်။ ခုချိန်ဆိုလျင်တော့ ရောက်လုနီးပြီပေါ့။ ကိုယ့်ဆီကိုရောက်တုံးရောက်ခိုက် အနီးအနားပတ်ဝန်းကျင်မှာရှိနေတဲ့ သူ့စာဖတ်ပရိတ်သတ်တွေနဲ့ တရားနာပရိတ်သတ်တွေ ရဝေနွယ်တရား နာကြားခွင့်ရလေအောင် တရားတစ်ပွဲ စီစဉ်လိုက်တာ။ ကိုယ့်ဆီကို ခဏရောက်လာတဲ့ ရဝေနွယ်ဆရာတော်အသစ်ကို (စိတ်) ညစ်အောင်များ လုပ်ခဲ့မိလေသလားလို့ စိတ်မကောင်းဖြစ်မိပါတယ်။
တဖက်မှာတော့လည်း သူ့စာဖတ်ပရိတ်သတ်တွေ သူကိုယ်တိုင်ဟောကြားတဲ့တရားကို နာကြားခွင့်ရကြတာကိုကြည့်ပြီး ဝမ်းမြောက်မိပါ တယ်။ ဒီဝမ်းမြောက်မှုကတော့ ‘မုဒိတာ’ ဆိုတော့ တကယ့်ကိုမှ အသစ်စစ်စစ်၊ အသစ် စက်စက်ပါ။ ဘာပဲဖြစ်ဖြစ်၊ ရဝေနွယ်ဆရာတော်ကိုတော့ သူ့အမှာစာထဲကလို စိတ်ဖိစီးမှုပေးခဲ့သလိုဖြစ်သွားလျင်ဖြင့် ခွင့်လွှတ်ဖို့တောင်းပန်ပါတယ်ဘုရားလို့ လျှောက်ကြားပါရဲ့။ ဟုတ်တယ်လေ။ ကိုယ်အသစ်ဖြစ်ရဖို့ တစ်ပါးသူတွေ ညစ်သွားတာမျိုးဖြစ်ခဲ့လျင်လည်း ဘယ်ကောင်းနိုင်ပါ့မလဲ။
တကယ်တော့ ကိုယ်က ဘယ်သူ့ကိုယ်မှ စိတ်မညစ်စေချင်တာ အမှန်ပါ။ အထူးသဖြင့်တော့ သူ့သန္တာန်၊ ကိုယ့်သန္တာန်၊ လူအသီးသီးရဲ့ သ န္တာန်မှာ အခိုက်အတန့်လေးမျှပင်ဖြစ်ပစေဦး။ လောဘ ဒေါသ မောဟ အတ္တ မာန်မာန စတဲ့အညစ်အကြေးတွေကင်းပြီး အသစ်ဖြစ်နေတဲ့ စိတ်ကလေးကို လောဘဝန် ဒေါသဝန် သောကဝန် အညစ်အဟောင်းတွေ ပက်ဖျန်းလိမ်းကြံတာခံရလို့ နွမ်းသွားမှာ၊ ပမ်းသွားမှာမျိုးကို လုံး ဝ လုံးဝ မလိုလားပါဘူး။
အသစ်တွေ မညစ်ကြပါစေကြောင်းနဲ့ အညစ်တွေလည်း သစ်ကြပါစေကြောင်းကိုဖြင့် အသီးသီးသော သူတို့အမှာစကားများကိုဖတ်မိပြီး ဆန္ဒပြုမိလိုက်ပါတယ်။ ။

Friday, September 28, 2012

ကိုယ့်ရင်တွင်းက ပန်းနှင်းဆီ

အရှင်ဉာဏိကာဘိဝံသ စက်တင်ဘာ ၂၈၊ ၂၀၁၂  
တခဏပျော်ချင်လျင် အရက်သောက်၊ တလပျော်ချင်လျင် မိန်းမယူ၊ တဘဝတာ ထာဝရပျော်ချင်လျှင် ဥယျာဉ်စိုက်လို့ ကြားဖူးတယ်။ အ ရက်ကိုမုန်း၊ မိန်းမတွေကို အမြင်မကြည်တဲ့သူတစ်ဦးဦးကပြောထားတဲ့ စကားတစ်ခွန်း ဖြစ်ကောင်းဖြစ်နိုင်မလားတော့မသိ။ ကိုယ်နေထိုင်ရာနေရာမှာ ဥယျာဉ်ငယ်လေးတစ်ခု လုပ်ထားတယ်။ ထာဝရပျော်ဖို့ရည်ရွယ်ချက်နဲ့တော့ မဟုတ်ပါဘူး။ နေထိုင်ရာကိုယ့်ပတ် ဝန်းကျင်လေး သန့်ရှင်းသာသာယာယာဖြစ်စေဖို့၊ ဒီနေရာလေးကို ရောက်လာသူတွေ စိတ်ချမ်းမြေ့နိုင်စေဖို့ ရည်ရွယ်ချက်နဲ့ ပန်းခြံလေးကို ဖန်တီးဖြစ်ခဲ့တာပါ။ ခြံထဲမှာ အများဆုံးက ကိုယ့်အကြိုက် နှင်းဆီပန်းများပေါ့။ နှင်းဆီပန်းခင်းကို ရေမှန်မှန်လောင်းဖြစ်တယ်။ ဒီနှင်းဆီခြံကို စပြီးစိုက်ပျိုးခဲ့တာ တစ်နှစ်ပင်မပြည့်သေး။ သို့ပေမယ့် တခြံလုံးရှိ နှင်းဆီအပင် တိုင်းက အပွင့်တွေနဲ့ဝေနေလေပြီ။ အချို့အပင်များဆိုလျင် ကိုင်းကူးပြီးစ သာသာလေးမျှသာ။ အရွယ်အားဖြင့်လည်း တစ်ထွာတစ်မိုက် လောက်။ ဒီတစ်ထွာတစ်မိုက်မျှ နှင်းဆီပင်လေးတွေကလည်း တစ်ပွင့်စ နှစ်ပွင့်စစီ ပွင့်လို့။ ဖြူ နီ ဝါ လိမ္မော် ခရမ်း ကြက်သွေးနဲ့ ပန်းရောင် ပါမက နှစ်ရောင်သုံးရောင်စပ် နှင်းဆီများလည်းပါသမို့ အရောင်အသွေး စုံစုံလင်လင်။ ခုတော့ ပန်းခြံငယ်လေးဟာဖြင့် လိပ်ပြာငယ် တစ် ကောင်နှစ်ကောင်စနဲ့ ပျားအချို့ရဲ့ ပျော်မြူးနားခို ဝတ်ရည်ချိုးသောက် စွဲမက်လောက်ရာ နေရာတစ်နေရာ ဖြစ်နေလေပြီ။ အပွင့်ကားကား၊ အလွှာအထပ်ထပ်၊ အနံ့သင်းသင်း၊ ရောင်စုံခြင်းတဲ့ နှင်းဆီပန်းခင်းများရဲ့ ပုံလွှာက မျက်စိပသာဒပါမက နှလုံးအဟာရကိုပါ ဖြည့်စွမ်းပေးတတ်တယ်လို့ ငယ်စဉ်ကတည်းက ထင်မြင်ထားခဲ့တာ။ တစ်ပွင့်တည်းလည်း ချစ်ဖွယ်၊ တစ်ခိုင်လုံးလည်း တင့်တယ်၊ တစ်ပင် လုံးလည်း လှပ၊ တစ်ခင်းလုံးလည်း ရှုမဝအောင်ဖြစ်တဲ့ နှင်းဆီဆိုတာက ခေါင်းမှာပဲ ပန်ပန်၊ ရင်မှာပဲ ထိုးထိုး အမျိုးမျိုးသုံးစွဲနိုင်တဲ့ ပန်းမျိုးမို့ လည်း တိုးလို့နှစ်သက်မိလေသလားတော့ မဆိုနိုင်ပါဘူး။  အထူးသဖြင့်တော့ အလွန်ကြည်ညိုစရာကောင်းတဲ့ ‘မုဒိတာရွှေဘုရား’ ဗုဒ္ဓရုပ်ပွား ရှေ့ အနည်းဆုံး နှင်းဆီပန်းတစ်ပွင့် အစဉ်လန်းတင့်နေနိုင်ဖို့အတွက် အကောင်းဆုံးသောအထောက်အပံ့ကိုဖြစ်စေတာကြောင့် နှင်းဆီပန်း ခင်းလေးဟာ ကိုယ့်ဆန္ဒပြည့်စေရေးမှာ သက်မဲ့အကူ ပါရမီဖြည့်သူအလားပါပဲ။ နှင်းဆီတွေထဲမှာ ပွင့်ရက်သက်တမ်း တိုတဲ့နှင်းဆီများလည်းပါသလို အချို့ အချို့ နှင်းဆီများကတော့ ပွင့်ရက်သက်တမ်း ရှည်တတ်တယ်။ အချိန်ကြာကြာပွင့်တတ်တဲ့နှင်းဆီများက နှစ်ပတ်ကနေ တစ်လနီးပါးမျှ ပင်ယံမှာဝေနေတတ်တယ်။ အချို့နှင်းဆီများက တစ်ရက် နှစ်ရက် တာမျှသာ ပွင့်ချိန်ကကြာတတ်ပါတယ်။ နှင်းဆီခြင်းတူပေမယ့် သက်တမ်းက ကွာလွန်းတယ်။ နံနက်တက်သစ်စနေရောင်အောက်မှာ ငွါးငွါး စွင့်စွင့် လန်းလွင့်နေတဲ့ ပန်းပွင့်လေးများက ညနေစောင်းတာနဲ့ ကျနေနဲ့အတူ ညှိုးလျနွမ်းလျ။ ဒါက ဘဝတစ်ခုရဲ့ သင်္ခါရပုံရိပ်ကို ထင်ဟပ်စေ တာမျိုး။ အစနဲ့အဆုံး၊ အတက်နဲ့အကျ၊ အလှနဲ့အနွမ်း၊ အလွမ်းနဲ့အချစ်၊ အဖြစ်နဲ့အပျက်။ သက်တမ်းတို နှင်းဆီများရော၊ သက်တမ်းရှည်နှင်း ဆီများရော လှပပုံခြင်းတော့ တူကြပါတယ်။ အပွင့်သက်တမ်းမှာသာ ကွာခြားတာမဟုတ်။ နှင်းဆီပွင့်ဖတ် ပွင့်ချပ်များကလည်း တစ်ပင်နဲ့တစ်ပင် မတူ။ အထပ်ထပ်အလွှာလွှာ၊ အချို့က တော့ အလွှာနည်းနည်း။ ပွင့်ဖတ်တစ်လွှာထဲသာရှိတဲ့နှင်းဆီများလည်း ရှိပါတယ်။ ပွင့်ဖတ်လွှာအထပ်ထပ်က သင့်သလိုပွင့်တတ်တဲ့နှင်းဆီရှိသလို ပွင့်ဖတ်လွှာတွေက ခရုခွေ ခွေသလို ရစ်ပတ်ခွေနေတဲ့ နှင်းဆီများလည်းရှိတယ်။ ပွင့်ဖတ်လွှာအားလုံးပွင့်တဲ့ နှင်းဆီကပွင့်။ ပွင့်ဖတ် လွှာ အချို့ ငုံလျက်ရှိခိုက်မှာပဲ ညှိုးလျှသွားတဲ့ နှင်းဆီမျိုးလည်း ပါဝင်တယ်။ အနံ့သင်းသင်းမွှေးတဲ့ နှင်းဆီ၊ အနံ့လုံးဝကင်းတဲ့နှင်းဆီ။ ပျားကြိုက်တဲ့နှင်းဆီ၊ ပျားမကြိုက်တဲ့နှင်းဆီစသဖြင့် နှင်းဆီကအမျိုး အစားစုံပါတယ်။ ထူးထူးဆန်းဆန်း နှင်းဆီပန်းထဲမှာ ပွင့်ချိန်သက်တမ်းနုချိန်က လိမ္မော်ရောင်တောက်တောက်ပန်းက သက်တမ်းရင့်လာချိန်မှာ သိသိသာ သာကိုပဲ အနီရောင်ဆီပြောင်းသွားတယ်။ သက်နုပန်းတစ်ပွင့်နဲ့ သက်ရင့်ပန်းတစ်ပွင့်ယှဉ်ကြည့်လျှင် တစ်ပင်ထဲက ပွင့်တဲ့ပန်းလို့ပင် မထင် နိုင်လောက်အောင်ကိုပဲ အရောင်ကခြားနားသွားတယ်။ တစ်နှစ်သားမျှပင်မရှိသေးတဲ့ နှင်းဆီခင်းလေးပေမင့် အရောက်အသွေးစုံစွာ ပွင့်နိုင်တယ်ဆိုတာရယ်။ အပင်ထွားထွားတွေက အပွင့်များ များပွင့်နိုင်သလို အပင်ငယ်လေးတွေကလည်း သူ့အစွမ်းနဲ့သူ တစ်ပွင့်စ နှစ်ပွင့်စ ပွင့်နိုင်တယ်ဆိုတာကိုလည်း တွေ့ရတယ်။ ဘယ်အရောင် ရယ်လို့ သတ်သတ်မှတ်မှတ် ပြောမရနိုင်တဲ့နှင်းဆီပွင့်တွေရဲ့ သက်တမ်းကတိုတတ်တာရယ်၊ အရောင်မရောယှက်ပဲ တစ်ရောင်ထဲပဲ တောက်တောက်ပပပွင့်တဲ့နှင်းဆီများက အချိန်ကြာကြာ ပင်ယံမှာဝေနိုင်တယ်ဆိုတာကိုလည်း သိရတယ်။ ပွင့်လာတဲ့ပန်းများကိုမြင်ရတာ ကြည်နူးဝမ်းသာဖြစ်ရတယ်။ ပန်းဆိုတာက မြတ်နိုးဖွယ်အရာ။ ပန်းတစ်ပွင့်ကို လူတွေမြတ်နိုးသလို လူသား တစ်ဦးလည်း ပန်းတစ်ပွင့်လိုပဲ အများတကာရဲ့ ချစ်မြတ်နိုးမှုကိုခံရအောင် နေထိုင်ဖို့လိုပါတယ်။ တစ်ဦးယောက်ရဲ့ အလုပ်အပြောကြောင့် အများတကာ စိတ်ချမ်းသာမှုကိုဖြစ်စေတယ်ဆိုလျှင် အဲဒီတစ်ဦးတစ်ယောက်ကိုမြင်ရတဲ့သူတွေ၊ သူ့အကြောင်းကိုကြားရတဲ့သူတွေက သူ့ ကို ချစ်ခင်ကြမှာပါ။ချစ်ခင်သူတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူ့အဆောက်အဦဟာ သာယာငြိမ်းချမ်းပြီး ပိုမိုနေပျော်ဖွယ်လည်း ဖြစ် စေမှာပါ။ ဆူးရှိတဲ့နှင်းဆီအကြောင်းကို ပြောပေါင်းများလို့ ကြားခဲ့လှပြီ။ နှင်းဆီရှိတဲ့ ဆူးတစ်ချောင်းအကြောင်းကိုလည်း ပြောနိုင်တာပဲမဟုတ်လား။ ဒါဆိုလျင်ဖြင့် နှင်းဆီပန်းတစ်ပွင့်ကို ပိုင်ဆိုင်ခွင့်ရှိလေတဲ့ ဆူးတစ်ချောင်းအကြောင်းဟာ ဂုဏ်ယူစရာ ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။ စိတ်ကြမ်းတစ်ခု ကိုယ်မှာကျရောက်လျင် ဒေါသဆူးစူးတယ်လို့ ပြောတတ်ကြတယ်။နှင်းဆီတစ်ပင်နဲ့ လူ့ဘဝကို နှိုင်းယှဉ်ကြည့်မယ်ဆိုလျှင် လည်း ဒေါသဆိုတာ ဆူးတစ်ချောင်းဆိုလျင် မေတ္တာဆိုတာ နှင်းဆီတစ်ပွင့်ပါပဲ။ ဒီလိုဆိုတော့ အပင်ဖက်ကနေပြောရလျှင် စိတ်ကြမ်းတွေနဲ့ ပြည့်နေတဲ့ လူဆိုး လူကြမ်းတစ်ဦးဆီကလည်း ပန်းတစ်ပွင့်နဲ့အလားတူတဲ့ စိတ်ကောင်းတွေလည်း ထွက်ပေါ်လာနိုင်တယ် မဟုတ်လား။ နှင်းဆီမှာ ဆူးရှိရန်ကောလို့ အပြစ်မြင်တာထက် ဆူးပင်မှာလည်း ပန်းပွင့်နိုင်တာပဲလို့ မြင်တတ်လျှင် ဘယ်လောက်စိတ်ကြည်နူးဖွယ်ဖြစ်ရပါ သလဲ။ ဒီစာလေး ရေးနေရင်းကပဲ ....  
လယ်တောက အပြန် ပန်ချင်တယ် ခရေဖူးဆိုလို့ မောင်ခူးကာပေး မနက်တုံးဆီက ကြော့ဆုံးကို မောင်မြင်တော့ သူ့ဆံပင် နှင်းဆီပွင့်တွေနဲ့ ဂုဏ်တင့်တယ်လေး ... 
  ဆိုတဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ကဗျာလေးကိုလည်း ပြန်လည်သတိရမိတယ်။ နှင်းဆီကြောင့် ဂုဏ်တင့်သွားရတယ် ဆိုလျှင် နှင်းဆီက ဂုဏ်မြင့်စေတဲ့ ပန်းတစ်မျိုးလေလား။ ဆူးကြားမှာ ကြီးထွားလာတဲ့ နှင်းဆီပန်းပွင့်လေးများအကြောင်း၊ အများတကာတွေ ထိရ ကိုင်ရမှာ လန့်တဲ့ ချွန်မြမြဆူးပင် တစ်ပင်ဆီကနေ အများတကာ မြတ်နိုးနှစ်သက်တဲ့ ရနံ့သင်းသင်း၊ အဆင်းလှလှ၊ မွှေးမြလှပတဲ့ ပန်းတွေပွင့်လာတဲ့ နှင်းဆီပန်းလေးများအကြောင်းကို နှင်းဆီ ပန်းခင်းလေးကို ရေလောင်းနေရင်းမှာပဲ တွေးနေမိပါတယ်။ အခြားတဖက်မှာလည်း ဆူးတွေဘယ်လောက်ပဲ ဝိုင်းဝိုင်း၊ အချိန်တန်လျင်ဖြင့် ကိုယ့်စွမ်းကိုယ့်မာန်ကို အသုံးပြုလို့ ပန်းတစ်ပွင့်အဖြစ် ပွင့်လာနိုင်တယ်ဆိုတာ နှင်းဆီပန်းကနေ ထင်ထင်ရှားရှားပြတဲ့ သက်သေသာဓက တစ်ခုပဲလို့လည်း တွေးမိသေးတယ်။ နှင်းဆီပန်းလေးတွေကိုမြင်တော့ တစ်ချိန်က အတက်စိတ်နဲ့ အဆိပ်တက်ခဲ့တဲ့အရာများဟာ အလွန်မှ ပင်ပန်းဖွယ်များပါလားလို့ ဆင်ခြင်မိ တယ်။ တိတ်ဆိတ်ငြိမ်သက်စွာ။ အပူအဆူတွေနဲ့ ဝေးဝေးမှာနေလို စိတ်ထားက ပိုမိုပြီးကြီးထွားလာခဲ့သလို ဖြစ်မိတယ်။ ငြိမ်သက်ငြိမ်းချမ်းစွာ အေးအေးဆေးဆေးလေးသာ နေလိုစိတ်ထားတွေလည်း ဖြစ်မိတယ်။ ဒေါသဆူးတွေ၊ အတ္တမာန်မာဆူးတွေအစား မေတ္တာပန်းတွေ၊ အ ကြင်နာပန်းတွေ ပိုမိုဖူးပွင့်လာစေအောင် နှလုံးသားဥယျာဉ်မှာ ပြုစုပျိုးထောင်ဖို့လည်း စိတ်ဆန္ဒတွေ ဖြစ်မိတယ်။ တခဏတာအပျော်၊ တစ်လတာအပျော်တွေနဲ့ စပ်ဆိုင်တဲ့အရာများအကြောင်းကို ကိုယ်တိုင်သိနိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပေမယ့် တဘဝ တာအပျော်နဲ့ စပ်ဆိုင်တဲ့ရသတစ်ုခုကိုတော့ ရေးရေးလေး သိမြင်စပြုလာတယ်။ ဒါဟာ ပန်းခင်းတစ်ခင်း (ဥယျာဉ်ငယ်လေးတစ်ခု) ကို ရေ လောင်းပေါင်းသင်လုပ်ရခြင်းရဲ့ ကောင်းကျိုးရလဒ်လို့ ဆိုနိုင်ပါလိမ့်မယ်။

Wednesday, September 5, 2012

စိမ်းလန်းသော ချစ်ခြင်းများနှင့်




စိမ်းလန်းသောချစ်ခြင်းများနှင့်
ဥာဏ်ဦးမောင်၊ စက်တင်ဘာ ၆၊ ၂၀၁၂
မြက်ခင်းတစ်ခင်းဟာ ဘောလုံးကွင်းတစ်ခုလည်းဖြစ်နိုင်တယ်။ ဒီလိုဆိုလျင်တော့ ကမ္ဘာကျော် ဘောသုံးသမားတွေအတွက် ကျင်လည်ရာ နေရာတစ်ခုဖြစ်မှာပေါ့။ နောက်ပြီး မြက်ခင်းတစ်ခု ဟာ ဂေါ့ဖ်ကွင်းတစ်ကွင်းလည်း ဖြစ်နိုင်တာပေါ့။ ဒါဆိုလျင်တော့ လူဂုဏ်ထံအထက်တန်းလွှာ များရဲ့ စိတ်အနားဖြေရာ၊ ကမ္ဘာကျော်မီလျံနာများရဲ့ ငွေကြေးဖွေရှာရာ နေရာတစ်ခုဖြစ်ပေလိမ့် မယ်။ 

အလေ့ကျပေါက်တဲ့မြက်ပင်တွေနဲ့ ပြည့်နေတဲ့ မြက်ရိုင်းလွင်ပြင်တစ်ခုဖြစ်နေခဲ့မယ်ဆို လျင်တော့ နွားအုပ်တွေ၊ သိုးအုပ်တွေ၊ မြင်းရိုင်းတွေ၊ တောသမင်ငယ်တွေ စားသောက်ပျော် မွေ့ရာ မြက်ခင်းပြင်တစ်ခု ဖြစ်ကောင်းဖြစ်ပေမပေါ့။ ဆိုင်ရာအကြောင်းတစ်ခုကို အစွဲပြုပြီး အမည်အမျိုးမျိုးတပ်ထားတဲ့ မြက်ခင်းတွေ ဒီထက်မကလည်း ရှိနိုင်ပါတယ်။

တကယ်လို့သာ ဘောလုံးကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဂေါ့ဖ်ကွင်းတစ်ခုဖြစ်ခဲ့မယ်၊ ဒါမှမဟုတ် တော ရိုင်းလွင်ပြင်တစ်ခုဖြစ်ခဲ့မယ်ဆိုလျင် ဆိုင်ရာဆိုင်ရာ အကြောင်းနဲ့ နှီးနွယ်တဲ့ ဇာတ်လမ်းတစ် မျိုးမျိုးစီ ရှိကောင်းရှိနိုင်ပေလိမ့်မယ်။ ဒီဇာတ်လမ်းထဲမှာ မက်ဆီ၊ ဒါမှမဟုတ် ခရစ်စတီနာ ရော် နယ်ဒိုဟာ ဇာတ်ဆောင်တစ်ဦး ဖြစ်ကောင်းဖြစ်နိုင်သလို ဂေါ့ဖ်ဘုရင် တိုက်ဂါးဝုဒ်တစ်ယောက် လည်း ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။








ဘောလုံးကွင်းတစ်ခုလိုလည်း မကျယ်၊ ဂေါ့ဖ်တစ်ခုလိုလည်း မခမ်းနား၊ တောတန်းလွင်ပြင်တစ် ခုလိုလည်း မရိုင်းတဲ့ မြက်ခင်းငယ်လေးတစ်ခုမှာလည်း ကိုယ်ပိုင်ဇာတ်လမ်းလေးတစ်ခု ရှိနိုင်ပါ တယ်။ ဒီလောက်ဆိုလျင်ဖြင့် ဒီဇာတ်လမ်းလေးနဲ့ ဆက်စပ်နေမယ့်သူဟာ မက်ဆီတို့ ရော်နယ် တို့လို ဝင်ငွေကောင်းတဲ့ အားကစားတစ်ယောက် မဟုတ်သလို ဒေးဗစ်ဘက်ခမ်းလို ကမ္ဘာ ကျော်သူတစ်ဦး မဟုတ်ပေဘူးဆိုတာကို ခန့်မှန်းမိလောက်ပြီပေါ့။

အလျားပေသုံးဆယ်ခန့်၊ အနံ တစ်ဆယ့်ငါးပေခန့်သာ ကျယ်ပြန့်ပြီး အလယ်မှာ အနီရင့်ရောင် ဂျပန်နီးစ် မေပယ်လေးနှစ်ပင် စိုက်ထားတဲ့ ခြံရှေ့က မြက်ခင်းလေးတစ်ခုဟာ ကမ္ဘာကျော်ဘော လုံးသမားတွေအတွက် နေရာ၊ လူကုံထံများရဲ့ ဂေါ့ဖ်ကစားရာ၊ နွားအုပ်သိုးအုပ်တွေ၊ မြင်းရိုင်း နဲ့တောသမင်တွေ စားသောက်ပျော်ပါးရာ နေရာတစ်ခု မဟုတ်ခဲ့ပါဘူး။

အဲဒီလိုမြက်ခင်းပြင်ကြီးတွေလို မခမ်းနား မထယ်ဝါသလို ကျယ်လည်း မကျယ်ပြန့်ပါဘူး။ လူ ပေါင်းများစွာ၊ တောရိုင်းသတ္တဝါများစွာအတွက် ရင်ခုံလှုပ်ရှားဖွယ်၊ ဝမ်းစာဖြည့်ဖွယ် နေရာမျိုး လည်း မဟုတ်ခဲ့ပါဘူးး။ သို့ပေမယ့် ခြံရှေ့ကနေ အမှတ်မထင် ဖြတ်သွားတဲ့ ကလေးလေးတစ် ယောက်ရဲ့ ခဏတာ ခုန်ပေါက်ပျော်ရွှင်ရာ၊ ယာယီလဲလျောင်းရာ၊ စိတ်ချမ်းမြေ့ မွေ့ပျော်ရာ နေ ရာတစ်ရာတော့ ဖြစ်နိုင်ခဲ့တယ်။ အဲဒီလိုဖြစ်နိုင်စေခဲ့တာအတွက်လည်း ဂုဏ်ယူကျေနပ်မိပါ တယ်။

နံနက်အလုပ်သွားချိန်၊ ညနေအလုပ်ပြန်ချိန်မှာ စားစရာအထုပ်ကလေးတစ်ထုပ်ဆွဲလို့ ခြံရှေ့က နေ ပုံမှန်ဖြတ်လျှောက်တတ်တဲ့ အလယ်ပိုင်းအမေရိက ဂွါတီမာလာနိုင်ငံသား မိတ်ဆွေတစ်ဦး ရှိတယ်။ သူအလုပ်တက်ချိန်၊ အလုပ်ဆင်းချိန်တွေမှာ ခြံထဲမှာကိုယ်ရှိနေတယ်ဆိုလျင် မပီက လာ ပီကလာနဲ့  ‘My friend how are you’ ရယ်လို့ နှုတ်ခွန်းဆက်တတ်တယ်။

တခါခါမှာ တော့လည်း  ‘Como easta’ ရယ်လို့ သူတို့ဘာ သာစကားနဲ့ နှုတ်ဆက်တတ်တယ်။ ဒီအခါမျိုး မှာတော့ ‘Muy bien, gracias- ကောင်းပါတယ်၊ ကျေးဇူးပါ’လို့ တစ်ခွန်းတည်းသာတပ်တဲ့ သူတို့ စကားနဲ့ ကိုယ်ကလည်း ပြန်လည်ဖြေဖြစ်တတ်တယ်။

ပုံမှန်နှုတ်ဆက်တတ်တဲ့မိတ်ဆွေတစ်ယောက် မတွေ့ တာကြာပြီ။ တစ်နေရာကို ပြောင်းသွား လေသလား။ ဒါမှမဟုတ် သူ့နိုင်ငံကိုပဲ ပြန်သွားလေသလားလို့ တွေးခဲ့ဘူးတယ်။ တညနေမှာ တော့ ဒီမိတ်ဆွေကို ပြန်တွေ့ရတယ်။အခါတိုင်းလို အလုပ်သွားအလုပ်ပြန်အနေအထားနဲ့တော့ မဟုတ်ဘူး။ သူက သူ့မိသားစုနဲ့အတူ။ တစ်နေရာက ပြန်လာကြဟန်ရှိတယ်။
အရင် သူပြောဖူးတာက
 ‘မိသားစုက သူ့နိုင်ငံမှာ။ သူက မိသားစုအတွက် ဒီမှာငွေလာရှာ နေတာ။ သူ့ဇနီးနဲ့သမီးလေးက ဟိုမှာကျန်နေရစ်တယ်။ သူတို့ကိုလွမ်းတယ်။ တခါတခါမှာ ကလေးတစ်ယောက်လိုပဲ ငိုမိတယ်’လို့သူပြောတယ်။
‘အဆင်သင့်လျင်တော့ သူတို့ကိုလည်း ဒီကို အလည်ခေါ်ဦးမယ်။ သူ့အနေအထားအရ အမြဲခေါ်ဖို့တော့ လုံးဝမဖြစ်နိုင်ဖူး’ လို့လည်း ပြောဖူးတယ်။ ခုလို ဇနီးနဲ့သမီးလေးကိုတွေ့ရတာ သူပြောဖူးသလို ခဏအလည်ခေါ်ထားတာ ဖြစ်ပေလိမ့်မယ်။

တနေရာကပြန်လာဟန်ရှိတဲ့ မိသားစု ခြံရှေ့ကိုရောက်တော့ သမီးလေးက လက်ဆွဲထားတဲ့ သူ့ မိခင်လက်ကနေ အတင်းရုန်းထွက်နေတာကို တံခါးဝက ရပ်ကြည့်နေခိုက် မြင်ရတယ်။ မိခင် လုပ်သူက ရှေ့ကိုဆွဲ၊ သမီးလေးက နောက်ကိုရုံး။ ဆွဲရင်းရုံးရင်း အားမတန်တဲ့အဆုံး သမီး လေးက ချုံးပွဲချငိုပါတယ်။ 
သူ့ပုံကြည့်ရတာက ရှေ့ကိုဆက်မလျှောက်ချင်ဟန်။ ခြံထဲကို လက် ညှိုးတထိုးထိုးနဲ့မို့ ခြံထဲက ပန်းတစ်ပွင့်ပွင့်ကို လိုချင်လို့လားအထင်နဲ့
 ‘သမီးကဘာလို ချင်လို့ လဲ’လို့ လှန်းမေးမိတော့
‘သူကမြက်ခင်းထဲမှာ အိပ်ချင်လို့တဲ့’လို့ ပြန်ဖြေတယ်။ ဒါဆို ခွင့်ပြု လိုက်ပါ။ ဘာမှ ပြဿနာမရှိပါဘူး လို့ကိုယ်ကပြောတဲ့ မိခင်ဖြစ်သူက မဝံ့မရဲဖြစ်ဟန်နဲ့ သမီး လေးကို လွှတ်ပေးလိုက်တယ်။

ကျေနပ်သွားတဲ့သမီးလေးက ခြံထဲကိုပြေးဝင်လာပြီး မြက်ခင်းပေါ်မှာ လှဲအိပ်လိုက်တယ်။ သူ့မှာ ပါလာတဲ့အရုပ်ကလေးနဲ့ ကြည်နူးပျော်ရွှင်စွာ စကားတပြောပြောနဲ့ ကစားနေဟန်က ပတ်ဝန်း ကျင်တစ်ခုလုံးကိုပါ အပျော်ကူးစက်စေခဲ့တယ်။ သူတို့သမီးငယ်လေးကိုကြည့်ပြီး ပြုံးပျော်နေတဲ့ မိဘနှစ်ဦးရဲ့မျက်နှာက တကယ့်ကိုမှ ပီတိတွေလျှမ်းလို့။ ကလေးငယ်တွေရဲ့ အပျော်ဘဝဆိုတာ ကမ္ဘာကြီးရဲ့ အနာဂတ်လှပစေရေးအတွက် အဖိုးမဖြတ်နိုင်တဲ့ အရင်းအနှီးများပဲ မဟုတ်လား။

ဆယ်မိနစ်ခန့်ကစားပြီးတဲ့အခါမှာတော့ သမီးငယ်လေးက ကျေနပ်သွားပုံရတယ်။ မာမီသွားကြ စို့ဆိုပြီး သူ့မေမေလက်ကို ဆွဲခေါ်ပါတယ်။ နောက်လည်း ခုလိုသမီးလေးကိုခေါ်လာပြီး မြက်ခင်း ထဲမှာ လွတ်လွတ်လပ်လပ် ကစားနိုင်ကြောင်း မိတ်ဆွေကို ပြောဖြစ်ခဲ့တယ်။ ဒီအခါမှာတော့ မိတ်ဆွေမျက်နှာ ချက်ခြင်းပဲ ညှိုးလျသွားတယ်။ သူ့ဇနီးနဲ့ သမီးလေးက နောက်နေ့ဆို ပြန်ကျ တော့မှာ။ သူတို့ကို နောက်သုံးနှစ်လောက်အတွင်း ခုလိုပြန်ဆုံနိုင်ဦးတော့မယ် မထင်ဘူးလို့ ဝမ်းနည်းသံနဲ့ပြန်ပြောခဲ့တယ်။

သမီးလေးရဲ့ ပျော်ရွှင်မှုကိုငေးကြည့်လို့ ကြည်နူးနေရှာခဲ့တဲ့ မိဘနှစ်ဦးရဲ့ ရင်ထဲမှာ တချိန်ချိန်မှာ သူတို့ချစ်ရတဲ့ သမီးလေးအတွက် ခုလိုမြက်ခင်းတစ်ခုကို ဖန်တီးပေးမယ်ဆိုတဲ့ စိတ်ကူးတစ်ခု ရှိနေလေမလား။ ဒါမှမဟုတ် တီတီတာတာ ပျော်မြူးနေရှာတဲ့ ချစ်သမီးလေးကို ကြည့်လို့ မကြာမီခွဲခွါရမှာတွေးပြီး ပူဆွေးနေလေမလား။ မိဘနှစ်ပါးရဲ့ ခံစားမှုကို မသိနိုင်သေးတဲ့ သမီး လေးရဲ့ ပျော်မြူးနေတဲ့ မျက်လုံးလေးတွေကို ကြည့်လို့ သူတို့တွေရဲ့ အပူတွေ ယာယီအခိုက်မျှ ငြိမ်းအေးပါစေကြောင်းကိုတော့ မှတ်မှတ်ရရ ဆုတောင်းပေးမိပါတယ်။

မိသားစုဘဝ ရပ်တည်ရေးအတွက် တပြေတရွာမှာ စီးပွားလာရှာနေရတဲ့ မိတ်ဆွေ ဂွါတီမာ လာလည်း ချစ်ဇနီးနဲ့ သမီးလေးနဲ့ ပြန်လည်ခွဲခွါရမှာမို့ သောကဒဏ်ကို ခံစားနေရှာပေလိမ့် မယ်။ ချစ်ရတဲ့ခင်ပွန်းကို ထားရစ်ကာ ပြည်တော်ပြန်ရရှာမယ့် မိတ်ဆွေရဲ့ ဇနီးသည်ရဲ့ ရင်မှာ လည်း ခုချိန်မှာ ဗလောင်ဆူနေမှာ မလွဲပါဘူး။ တနယ်တရွာ ဝမ်းစာရှာသွားရလို့ ရင်နင့်အောင် ချစ်ရသူတွေကို ခွဲခွါထားရစ်ခဲ့ရတဲ့အဖြစ်တွေ ကမ္ဘာပေါ်က လူသန်းပေါင်း ဘယ်လောက်များ များရဲ့ရင်ထဲမှာ ခုလိုပဲ ခံစားနေကြရလေမလဲ။ ပိယေဟိ ဝိပ္ဗယောဂေါ ဒုက္ခော-မိကွဲဖကွဲ ဆွေကွဲ မျိုးကွဲ သူငယ်ချင်း မိတ်ဆွေကွဲ၊ ချစ်ခင်ရသူတွေနဲ့ ကွဲကွာကြရတယ်ဆိုတာ ဆင်းရဲခြင်းတစ်မျိုး ပဲ မဟုတ်လား။

ပတ်ဝန်းကျင်စိမ်းလမ်းစေဖို့၊ သန့်ရှင်းသာယာဖြစ်စေဖို့ သာမန်ရည်ရွယ်ချက်နဲ့ ရေလောင်း ပေါင်းသင် လုပ်ဖြစ်ခဲ့တဲ့ ဒီမြက်ခင်းလေးဟာ ခုတော့ ဒီထက်ပိုတဲ့အဓိပ္ဗါယ်ရှိသွားသလို ခံစား မိတယ်။ လူသားတစ်ဦး၊ မိသားစုတစ်စုရဲ့ ပျော်ရွှင်ကြည်နူးမှုကို အခိုက်အတန့်လေးမျှဖြစ်ဖြစ် ဖြစ်စေခဲ့ပြီ။ ဒါဟာဘယ်လောက် ကြည်နူးဝမ်းမြောက်ဖွယ်အရာတစ်ခုပါလဲ။
အကြောင်းသင့်လို့ နောင်နှစ် ဒီအချိန်ဒီအခါ ဒီနေရာလေးကို သူတို့မိသားစု စုံစုံညီညီ ရောက် လာခဲ့လျင် သမီးလေးပျော်ရွှင်နိုင်စေဖို့ ဒီမြက်ခင်းလေး စိမ်းလန်းနေလေအောင် ပြုစုစောင့် ရှောက် ရေလောင်းပေါင်းသင်လုပ်နေမိလိမ့်ဦးမယ်။

ဂရင်းပိစ်လို ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေက ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေဖြစ်စေဖို့ လှုံ့ ဆော်ကြ၊ ပညာပေးကြ လုပ်ကြတယ်။ သူတို့တွေလို ကမ္ဘာမြေကြီး စိမ်းလန်းစိုပြေအောင်လုပ် ဖို့ မစွမ်းနိုင်တဲ့ ကိုယ်ကတော့ ကိုယ့်ပတ်ဝန်းကျင်လေး စိမ်းလန်းစိုပြေဖြစ်စေဖို့၊ သန့်ရှင်း သာ ယာ ကိုယ်စွမ်းသမျှခွန်အားနဲ့ လုပ်နေမိတယ်။ အထူးသဖြင့်တော့ ဒီပတ်ဝန်းကျင်တွေကို ထိန်း သိမ်းကာကွယ်ဖို့ တာဝန်ရှိတဲ့ လူသားတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ စိုပြည်လန်းဆန်းဖြစ်စေနိုင် ဖို့၊ ကြည်နူးကြေနပ်ဖြစ်စေနိုင်ဖို့ စိတ်အားသန်မိတယ်။

ဒီမြက်ခင်းစိမ်းစိမ်းလေးဟာ မျက်လုံးတောက်တောက်နဲ့ ချစ်စရာ့ ကလေးငယ်လေးတစ် ယောက်အတွက် တစ်သက်တာ အမှတ်ရစရာ နေရာလေးတစ်နေရာ ဖြစ်ကောင်းဖြစ်ပေလိမ့် မယ်။ အကြောင်းကြောင်းကြောင့် ရေလောင်းပေါင်းသင် မလုပ်နိုင်လို့ ဒီမြက်ခင်းလေး ညှိုးနွမ်း ခြောက်သွေ့သွားခဲ့လျင်တောင် ဟောဒီမြက်ခင်းစိမ်းစိမ်းလေးရဲ့ ပုံရိပ်လေးတစ်ခုဟာဖြင့် တစ်ဦး ဦးရဲ့ ရင်ထဲမှာ နောင်နှစ်ပေါင်းရှည်ကြာ လန်းဆန်းစိုပြည်စွာ စိမ်းလန်းနေပေလိမ့်ဦးတော့မယ်။

Monday, July 30, 2012

Monks Without Monasteries

အကြောင်းမဲ့ ကျောင်းမဲ့ကြသူများ အကြောင်း
အရှင်ဥာဏိက၊ ဇူလိုင် ၃၁၊ ၂၀၁၂
မတွေးလျင်လည်း အရှင်း၊ တွေးမိပြန်လျင်လည်း မီးခိုးမဆုံး မိုးမဆုံး အဆုံးအစမဲ့ အတွေးနယ် ချဲ့တတ်တဲ့ ကိုယ့်အကြောင်းကို သိနေလို့ မတွေးပဲနေလာခဲ့တာ တော်တော်ကြာပြီ။ ဒါကြောင့် လုပ်စရာရှိလျင် ဘာကိုမှ သိပ်ရှည်ရှည်ဝေးဝေး စဉ်းစားမနေပဲ ရုတ်တရက်ကောက်ကာငင်ကာ လုပ်ခဲ့လိုက်တာ။ မှန်တာလုပ်မိလို့ အလုပ်မြန်မြန်ပြီးသွားတာမျိုးရှိသလို နည်းလမ်းမမှန်လို့ ပိုကြန့်ကြာသွားတာမျိုးလည်း ရှိခဲ့လေရဲ့။ နည်းနည်းပါးပါး စဉ်းစားရမှာမျိုးဆိုလျင်ဖြင့် မစဉ်းစား ချင်တာနဲ့ မလုပ်ခဲ့ပဲ နောက်ဆုတ်ထားခဲ့လိုက်တာ။ ဒါနဲ့ပဲ လုပ်သင့်ပါလျက် မလုပ်ဖြစ်ခဲ့တာ ကြောင့် အချို့အလုပ်တော်တော်များများ နှောင့်နှေးခဲ့တာလည်း များပြီ။
အတွေးမဲ့တဲ့ စိတ်ကြောင့်ပဲ ထင်ရဲ့။ စိတ်က တုန်လှုပ်ခြင်းကင်း၊ ငြိမ်သက်ခြင်း အတိပြည့်လို့။ မပျင်း မပျော်၊ မမုန်း မချစ်၊ ကောင်းခြင်း မကောင်းခြင်းကင်းကွာ။ အသစ်အသစ်သော အာရုံ များနဲ့၊ ညီညွတ်မျှတစွာ။ အသာမရှိ၊ အနာမရှိ။
မကြာခဏ ဆောင်းပါးတွေရေးတတ်လေ့ရှိတဲ့ကိုယ့်ကိုယ် စာမရေးတာကြာပြီနော်။ မအားလို့ လားလို့ စာဖတ်သူအချို့က မေးတတ်ကြတယ်။
“စာဆိုတာ ကျေနပ်စရာလည်း ရှိမှ၊ မကျေနပ် ဖွယ်ရာ တစ်ခုခုနှင့်လည်းတွေ့ပါမှ။ အဲဒီကျေနပ်ခြင်း မကျေနပ်ခြင်းကို အရင်းခံပြီး ရေးဖြစ်တာ။ ဒီနှစ်ပိုင်းအတွင်းမှာ ကျေနပ်တာလည်း အထူးမရှိ၊ မကျေနပ်တာလည်း အထူးမရှိ၊ စိတ်က အတက်အကျ မရှိ၊ ပကတိအတိုင်း ငြိမ်သက်နေလို့ စာမရေးဖြစ်တာ၊ မအားလို့ မဟုတ်ပါဘူး”
လို့ ပြန်ပြောဖြစ်တတ်တယ်။
ခု ပြန်စဉ်းစားမိမှ ဒီလိုကျေနပ်ခြင်း မကျေနပ်ခြင့်ကင်းပြီး ငြိမ်ငြိမ်သက်သက်ဖြစ်နေတာဟာ ဘယ်အရာကိုမှ အထူးတလည် ပြန်မစဉ်းခဲ့လို့လို့ ပြန်လည်ကောက်ချက်ချမိပါတယ်။ ကိုယ့် ကောက်ချက် ဘယ်လောက်မှန်တယ် မမှန်ဖူးဆိုတာကိုတော့ မသိနိုင်ဘူးပေါ့။ မစဉ်းစားပဲ နေလာခဲ့တဲ့စိတ်က အကြောင်းတစ်ခုကြောင့် မနေ့ညကတော့ ပြန်လည်စဉ်းစားဖြစ်တယ်။ ပြောခဲ့သလို စဉ်းစားမိပြီဆိုတော့ အတွေးက မဆုံးနိုင်စွာ။
အော်ရီဂင်ပြည်နယ်ကိုရောက်နေတဲ့ ဓမ္မဘေရီဆရာတော်က ကျောင်းဘေးက တိုးချဲ့ဝယ်ယူ မည့် ခြံရဲ့အခြေအနေကို မေးပါတယ်။ ဒီခြံကို အဆင်သင့်လျင်ဝယ်ယူနိုင်အောင်ကြိုးစားဖို့ အဓိ က တွန်းအားပေးသူထဲမှာ ဆရာတော်က အားတက်သရောအဖြစ်ဆုံး။ စိတ်အား နှုတ်အားပါ မက ဝတ္ထုငွေကြေးအားပါ အားပေးကူညီသူ။
အမေရိကန်စီးပွားရေးပျက်ကပ်မှာ အိမ်ဈေးကွက်ပါပျက်ကွက်ခဲ့လို့ ပိုင်ရှင်မဲ့သလိုဖြစ်နေတဲ့ အိမ်မှာ ဝင်ရောက်နေထိုင်သူတွေက ပိုင်ရှင်နဲ့ ဆက်နွယ်နေဟန်တူတဲ့ အိုးမဲ့အိမ်မဲ့တွေ။ အဖြူ အမည်း အကြီး အငယ် ၊ ယောက်ျား မိန်းမ အရွယ်စုံလို့။ အဖိုးကြီးတစ်ယောက်ကလွဲလို့ ကျန် သူတွေက ပေါ်လာလိုက် ပျောက်သွားလိုက်။ နေထိုင်သူတွေက ပျံကြတွေမို့ အချိန်အခါ နာရီ မရှိ။ ညဉ့်နက်သန်းခေါင် မိုးလင်းမိုးချုပ်၊ နေ့နေ့ညည ဝင်ကြထွက်ကြ၊ စားကြသောက်ကြ။
 ခြံထဲမှာ တဲထိုးပြီး အိပ်သူရှိသလို ခြံရှေ့မှာ ကားရပ်ကာ ကားထဲမှာ အိပ်သူလည်းရှိရဲ့။ နောက် ပြီး ကိုယ့်အိမ်ကိုယ့်ရာ မဟုတ်လေတော့ အမှိုက်သရိုက်ကိုလည်း စနစ်တကျ စွန့်ပစ်သူမရှိ။ အမှိုက်တွေက တောင်ပုံယာပုံ။ မြင်လို့ကြည့်လို့ မကောင်း။ ဒီအခြေအနေကို ကိုယ်တိုင်မြင်တွေ့ နေရတဲ့ ဆရာတော်က အဆင်သင့်တင့်အခါ ဒီခြံကို ဝယ်ယူဖို့ အားပေးတိုက်တွန်းတာဟာ အမျိုးဘာသာသာသနာလုပ်ငန်းများကို ချမ်းချမ်းသာသာပိုမိုလုပ်နိုင်စေဖို့ ရည်ရွယ်ချက်ပါသလို ပတ်ဝန်းကျင်မှာ ဒီလိုသူတွေ ရှိနေတာကို သဘောမကျနိုင်တာလည်း ပါမယ်ထင်ပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ တစ်နှစ်ကြာကြာတစ်ပါးတည်းနေလာခဲ့တာ ကိုယ့်ကိုယ်စိတ်အနှောက် အယှက်ဖြစ်စေအောင် ဘာမှမလုပ်ကြလေတဲ့ သူတို့ကိုပဲ ကျေးဇူးတင်ရပါမယ်။
ခုတော့ မထင်မှတ်ပဲ ဒီခြံကိုပိုင်တဲ့ဘဏ်ဆီကနေ လေလံနဲ့ဝယ်ယူထားတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ် ငန်းအဖွဲ့တစ်ခုက ပြန်ရောင်းမယ်ဆိုတော့ သူတို့ဆီကနေ တဆင့်ဝယ်ယူနိုင်အောင် ကြိုးစားနေ တာ။ အိမ်က တော်တော်ဆိုးဆိုးရွားရွားပျက်စီးနေတာကြောင့် ဘဏ်တွေက ငွေးမချေးငှားဘူး။ ဒါကြောင့် အပြီးငွေခြေရမည့်အနေအထား။ ဒီအခါမျိုးမှာ လှူဒါန်းမည့်သူ၊ ခဏစိုက်ထုတ်ကူညီ မည့်သူတွေရဲ့ စွမ်းအားက အထူးအရေးပါနေတာ။ ဒီအနေအထားကို ဆရာတော်က သိလိုလို့ မကြာခဏဆိုသလိုပဲ အခြေအနေ ဘယ်လိုရှိနေလဲလို့ လှန်းလှန်းမေးတာပါ။ ဒါက ဘာသာ သာသနာ ညီနောင်တို့အရေးမှာ သွေးမအေးတတ်သူတို့ရဲ့ သဘောသဘာဝ။
          လက်ရှိအခြေအနေနဲ့ပတ်သက်လို့ အကျိုးအကြောင်းလျှောက်ထားပြီး ဖုန်းချခါနီးမှာ အမေရိ ကန်မှာ အခြေမကျနိုင်သေးတဲ့ မိတ်ဆွေဆရာတော်တစ်ပါးအကြောင်း စကားစပ်မိတယ်။ ခရီး ထွက်လို့ အဆင်ပြေတဲ့တစ်နေ့မှာ မုဒိတာရွှေကျောင်းမှာလာရောက်ပြီး အေးအေးဆေးဆေး အနားယူဖို့ အမိန့်ရှိလိုက်ပါဦးလို့ ဆရာတော်ကို လျှောက်ထားရင်း ခုဘေးခြံက Homeless (အိုးမဲ့အိမ်မဲ့)တွေ အချို့သွားကြပြီ။ ကျန်နေသူအချို့လည်း သွားကြတော့မယ်။ နောက်ဆိုလျင် တော့ ဒီနေရာမှာ (Kyaungless) ကျောင်းမဲ့သူတွေအတွက် နေရာဖြစ်လာမှာပါလို့လည်း မိန့် လိုက်ပါဦးလို့ အပျော်သဘော လျှောက်ထားလိုက်တယ်။
ဆရာတော်နဲ့စကားပြောပြီးတော့ ကိုယ်တစ်ခါက ရေးခဲ့ဘူးတဲ့ ‘အိုးမဲ့အိမ်မဲ့’ ဆောင်းပါးတစ်ုပုဒ် အကြောင်းကို ရုတ်တရက်သတိရမိလိုက်တယ်။ ဆောင်းပါးထဲမှာ ဟိုနိုင်ငံ ဒီနိုင်ငံတွေမှာ ရောက်ပြီး နိုင်ငံပျောက်နေကြတဲ့ ကိုယ့်မွေးချင်းနိုင်ငံသား အိုးမဲ့အိမ်မဲ့တွေအကြောင်း ရေးထား တာ။
ခုတစ်ခါမတော့ အကြောင်းကြောင်းကြောင့် နေစရာကျောင်းပျောက်ကြရတဲ့ ကိုယ့်ညီနောင် ရဟန်းသာမဏေတွေအကြောင်းက စိတ်ထဲမှာ ပေါ်လာတယ်။ ကျောင်းပျောက်လို့ ဘဝ ပျောက်ကြရတဲ့ ကိုယ့်သီတင်းသုံးဖော် ညီနောင်တွေဆိုတာ နည်းမှ မနည်းတာ။ ပြန်တွေးမိ တိုင်း စိတ်မှာဒဏ်ရာသင့်ကာ နာကျင်မှုတွေက အသစ်အသစ်ဖြစ်တတ်လို့ မတွေးပဲ နေလာခဲ့ တာ။ ကြာပေမယ့် ကျက်နိုင်ခဲတဲ့ ဒဏ်ရာတွေ။
မကြာမီက မြန်မာပြည်ကိုပြန်ရောက်တော့ မန္တလေးမှာ အတူတူနေခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တော်တော်များများဆီ ရောက်ဖြစ်တယ်။ ရဟန်းတော်များရော၊ ရဟန်းဘဝကနေ ရွေ့လျောခဲ့ ကြရတဲ့ သူများဆီကိုရော။
တတိုင်းပြည်လုံး ပါဝင်ခဲ့တဲ့ ရှစ်ဆယ့်ရှစ်ခု ပြည်သူ့အရေးတော်ပုံမှာ ယုံကြည်မှုတူ ညီနောင် တွေပေါင်းပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့ကြတယ်။ နေ့ညမနား သွားစရာရှိတာသွား၊ ရေးစရာရှိတာရေး။ ရပ်ကွက်လုံခြုံရေးကအစ အုပ်ချုပ်ရေးပိုင်းအထိ။ ပြည်သူပြည်သားအရေး ဟာ ကိုယ့်အရေး၊ တိုင်းပြည်အန္တရာယ်ဆိုတာလည်း ကိုယ့်အန္တရာယ်။ ဘာအရောင်မှ မချယ် သတဲ့ တကယ့်မွန်မြတ်စိတ်ထားများနဲ့။
အရေးအခင်းအလွန် အာဏာသိမ်းအစိုးရတက်လာတော့ မန္တလေးက ထင်ရှားတဲ့ဘုန်းတော် ကြီးကျောင်း တော်တော်များများထဲ အာဏာပိုင်အဖွဲ့အစည်းများက ဝင်ရောက်ရှာဖွေခဲ့တယ်။ ကိုယ်နေထိုင်ခဲ့တဲ့ မစိုးရိမ်တိုက်သစ်ကတော့ အဓိက ပစ်မှတ်ပေါ့။ နှစ်ပေါင်းများစွာ ကိုယ်စု ဆောင်းထားခဲ့တဲ့ စာအုပ်စာတန်းတော်တော်များများ ရှာဖွေဖျက်ဆီးသူများရဲ့ ရမ်းကားမှု ကြောင့် ပျောက်ဆုံးပျက်စီးသွားခဲ့တယ်။ ကံကောင်းလို့ အသက်မပျောက်တဲ့ကြားကနေ ကိုယ်နှစ်သက်တဲ့ စာအုပ်စာတမ်းတွေ ပျောက်ဆုံး၊ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူတော်တော်များများလည်း နေထိုင်ရာကျောင်းကနေ တိမ်း ရှောင်ကြရတယ်။ အချို့လည်း တိမ်းရှောင်ဖို့ အချိန်မရလိုက်တာကြောင့် အဖမ်းအဆီးခံပြီး နှစ် ရှည်ထောင်ဒဏ်အသီးသီးချတာခံခဲ့ကြရတယ်။ အချို့ကတော့လည်း ပြေးရင်းလွှားရင်း ရောက် ရာ အရပ်တွေမှာ အဖမ်းအဆီး ခံကြရ။
အဖမ်းဆီးခံ ရဟန်းသာမဏေများထဲမှာ အရေးတော်ပုံအတွင်း လှုပ်ရှားမှုများမှာ လုံးဝမပါဝင်ပဲ အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်အနေဆုံး ရဟန်းတော်တွေ တော်တော်များလည်း ပါ ဝင်ခဲ့တယ်။ အရေးတော်ပုံအတွင်း မပါဝင်ပဲ အေးအေးဆေးဆေးကျောင်းထဲမှာပဲ နေထိုင်ခဲ့ကြ တာကြောင့် တိမ်းရှောင်ဖို့ မလိုဖူးအထင်နဲ့ ကျောင်းမှာပဲ ဆက်လက်သီတင်းသုံးနေခဲ့ကြတာ။ ကျောင်းထဲကို အာဏာပိုင်ဆိုသူတွေ ဝင်ရောက်စီးနင်းရှာဖွေတော့ ဝါဝါမြင်ရာ အကုန်ဖမ်းခဲ့ တာမို့ အအေးဆေးဆုံး သူတို့တွေ အဖမ်းဆီးခံပြီး နှစ်ရှည်ထောင်ဒဏ်အသီးသီး ကျခံကြရ တယ်။ အရွယ်ရောက် အရွယ်လွန် သာမဏေ ရဟန်း သက်တမ်းစုံစွာ။ ကလေးစစ်သား အကြောင်းကို မီဒီယာများက ပြောကြပေမယ့် ကလေး(သာမဏေငယ်) အကျဉ်းသားများ အကြောင်းကို ပြောဖို့မေ့နေကြတာအတွက် စိတ်မကောင်းဖြစ်မိခဲ့တယ်။
ထောင်ကပြန်လွတ်လာသူတွေရှိသလို အချို့လည်း ရဲဖက်စခန်းများမှာ အသက်ပေးသွားကြသူ တွေလည်း ရှိပါတယ်။ အချို့ကတော့ ခုချိန်အထိ ဘယ်ဆီရောက်လို့ ဘယ်ဆီပေါက်နေတယ် ဆို ဘယ်သူမှ မသိကြရဘူး။ အသက်ရှင်လျက် ရှိနေသေးလား၊ အသက်ရှင်လျက်မှ ရှိနေပါ သေးလားဆိုတာကိုလည်း ဘယ်သူမှ မပြောနိုင်ဘူး။
လူထုကြားမှာ အတန်အသင့်ထင်ရှားသူတွေရဲ့ အခြေအနေကို အပြင်မှာကျန်ရစ်နေတဲ့ မိဘ ဆွေမျိုးတွေ၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ မီဒီယာကသူတွေက ကြားသိနိုင်ပေမယ့် အညတရ သာမန်သူတွေအကြောင်းကိုတော့ အခြားဘယ်သူမှ မသိကြရပါဘူး။ အဖမ်းအဆီး အချုပ် အနှောင်ခံရသည့်တိုင် သူတို့တွေအတွက် ဘယ်သူမှ နောက်ကနေ လိုက်လံထုတ်ဆောင်တာ မျိုး၊ အကူအညီပေးတာမျိုးကိုလည်း မရနိုင်ကြပါဘူး။ ဒီလိုပဲ လူမသိ သူမသိနဲ့ အသက်စတေး ပေးဆပ်သွားကြတဲ့ရဟန်းသာမဏေတွေ ကိုယ့်အသိထဲမှာကိုက နည်းမှ မနည်းတာ။
ဝမ်းနည်းဖွယ်ကောင်းတာက အရေးအခင်းတစ်ခုဖြစ်လေတိုင်း အာဏာပိုင်အဖွဲ့အစည်းများက ကျောင်းတွေပိတ်ဖို့ သံဃာတော်တွေကို ကိုယ့်ရပ်ကိုယ့်ရွာပြန်စေဖို့ ဖိအားပေးတတ်တယ်။ ရဟန်းဖြစ်ပြီဆိုတာနဲ့ အိမ်ထောင်စုစာရင်းကနေ အပါယ်ဖျက်ခံရတဲ့ ရဟန်းတော်တွေအဖို့ တကယ်တော့ ရောက်ရှိနေထိုင်ရာအရပ်သာ ကိုယ့်အရပ်ကိုယ့်ဒေသပဲ ဖြစ်သင့်တာပါ။
တဖက်မှာ နေထိုင်ရာမြို့ကြီးများက စာသင်တိုက်တွေကိုပိတ်ဖို့ ဖိအားပေးသလို အခြားတဖက် မှာတော့ မြို့ကသံဃာတော်တွေ ကိုယ့်အရပ်ပြန်ရောက်လျင် လက်သင့်မခံဖို့ကိုလည်း သက် ဆိုင်ရာဒေသက အောက်ခြေအာဏာပိုင်အဖွဲ့အဆင့်ဆင့်ကို ညွှန်ကြားထားတယ်။
ဒီအခါမျိုးမှာ ဒေသခံအာဏာပိုင်အချို့က ကိုယ့်ဇာတိသားတွေ အခက်အခဲရှိလို့ ကိုယ့်ရပ်ကိုယ့် ရွာပြန်အလာကို နွေးထွေးစွာကြိုရမည့်အစား အုပ်ချုပ်သူအလိုတော်ကျ ကိုယ့်ဇာတိမှာရှိတဲ့ ဘုန်းတော်ကြီးများကို မြို့ကပြန်လာတဲ့ရဟန်းတော်တွေရှိလျင် လက်သင့်မခံဖို့၊ လက်သင့်ခံ လျင် တစ်ခုခုဖြစ်မည့်ဟန်နဲ့ ခြိမ်းခြောက်တတ်ကြလို့ ကိုယ့်ဇာတိသားတွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်လာတာကို လက်သင့်မခံရဲတဲ့ ဘုန်းတော်ကြီးအချို့ကိုလည်း တွေ့ခဲ့ဘူးတယ်။
မြို့ကစာသင်တိုက်များကလည်း အကြောင်းကြောင်းကြောင့် နယ်ပြန်လွှတ်၊ နယ်ကျောင်းများ ကလည်း လက်သင့်မခံဝန့်၊ ဒီလိုနဲ့ နားရာခိုရာ မဲ့ကြရတဲ့ ရဟန်းသာမဏေတွေရဲ့ ဘဝ။ ကျောင်းပျောက်လို့ ဘဝပျက်ကြရတဲ့ ရဟန်းသာမဏေများရဲ့ဘဝ။
မိဘဆရာသမား၊ မွေးရပ်မွေးရွာ၊ အစုံအလင်ရှိပါလျက်ကယ်နဲ့ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေအတွင်း နားစရာ ခိုစရာ နေရာမဲ့ကျရတဲ့ ရဟန်းသာမဏေတွေရဲ့ ဘဝဟာ စဉ်းစားကြည့်လျင် အထူးပဲ ရင်နာဖို့ ကောင်းလှပါတယ်။ နေစရာနေရာ၊ နားခိုစရာကျောင်းမရှိလို့ သာသနာမှာ ပျော်ပါ လျက်ကယ်နဲ့ သင်္ကန်းဝတ်ချွတ်ကာ လူ့ဘဝကူးပြောင်းသွားကြရတဲ့ ရဟန်းတော်တွေ သာမ ဏေတွေဆိုတာ နည်းတာမှ မဟုတ်တာ။ ဒီအဖြစ်ဆိုးတွေဟာ တစ်ကိုယ်ရေ အသီးသီး ဘဝ များသာ  နာကျင်ထိခိုက်မှုလို့ လွယ်လွယ်ပြောလို့ ရတာမျိုးတွေ မဟုတ်ပါဘူး။ သာသနာ အတွက်ပါ ထိခိုက်ရတာမျိုးပါ။
ဒီအဖြစ်တွေဟာ ဆယ်စုနှစ်အတွင်းမှာပဲ ဖြစ်သွားခဲ့တဲ့ အရာတွေပါ။ အခြေအနေမှန်တွေကို အမှန်အတိုင်း မသိခဲ့ကြလို့၊ ဒါမှမဟုတ်လည်း မသိဟန်ဆောင်ခဲ့ကြလို့ လူတော်တော်များများရဲ့ ရင်ထဲကနေ မေ့ပျောက်ကောင်း မေ့ပျောက်သွားလောက်ကြပါလိမ့်မယ်။ သို့ပေမယ့် ကိုယ့် သား၊ ကိုယ့်ညီ၊ ကိုယ့်ရဲ့အရင်းနှီးဆုံး မိတ်ဆွေတွေရဲ့ နာကျင်ဖွယ်အဖြစ်တွေနဲ့ နီးနီးကပ်ကပ် တွေ့ခဲ့ရတဲ့ သူတွေရဲ့ နှလုံးသားထဲမှာတော့ ဒဏ်ရာတွေက ကျက်နိုင်ဦးမယ် မဟုတ်ပေဘူး။
ဘာပဲဖြစ်ဖြစ်ပါ၊ လွန်ခဲ့တဲ့အရာတွေမို့ ဘာမှမလုပ်နိုင်တော့တာတော့ ရှိပစေတော့။ ဒါပေမယ့် လုပ်နိုင်တဲ့အရာတွေ လွန်မသွားစေဖို့ကိုတော့ အချိန်ရှိခိုက်မှာ ကြိုးစားကာလုပ်ဆောင်ကြဖို့ တော့ အမှန်ပဲလိုအပ်ပါတယ်။
အိုးမဲ့အိမ်မဲ့ ရွှေငွေမဲ့ ၊ ကျောင်းမဲ့ကန်မဲ့ နေရာမဲ့ ၊ မိမဲ့ ဖမဲ့ မိတ်ဆွေမဲ့၊ အသိမဲ့ အတွေးမဲ့ ပညာမဲ့၊ ဘယ်လို အမဲ့မျိုးပဲဖြစ်ပစေ၊ အမဲ့ဆိုတာ ကောင်းတာမျိုးမှ မဟုတ်တာ။          ။

Sunday, July 22, 2012

Anniversary by Anniversary

နှစ်လည်များစွာ
အရှင်ဥာဏိက

မုဒိတာရွှေကျောင်းရဲ့ နှစ်ပတ်လည်ပွဲဖိတ်စာကိုရိုက်နေရင်း တစ်နှစ်တာကာလဆိုတဲ့ အချိန်အကြောင်း စဉ်းစား မိတယ်။ နှစ်ပတ်လည်ပွဲကျင်းပမယ်လို့ နီးစပ်သူအချို့ကိုပြောဖြစ်တော့ အော် တစ်နှစ်တောင် ပြည့်သွားပြီလား၊ ဘာမှ မကြာသေးဘူး၊ ခဏလေးပဲထင်ရတယ်လို့ ပြောကြတာ မနည်းဘူး။ တစ်ဦး နှစ်ဦးစကတော့ အော်ခုမှ တစ်နှစ်ပဲ ရှိသေးတာလား။ တော်တော်ကြာသွားပြီလို့ အောက်မေ့နေတာလို့ ပြောပါတယ်။

တစ်နှစ်ဆိုတဲ့အချိန်ကာလဟာ ကုန်လွယ်တယ်ထင်သူတွေအဖို့ မြန်လွန်းနိုင်သလို အကုန်မြန်လို သူ တွေ အတွက်တော့ အလွန်ပဲကြာညောင်းပါလိမ့်မယ်။ အချိန်ကာလက လူအမျိုးမျိုးကိုလိုက်ပြီး အတို အရှည် ပြောင်းရိုး မရှိပေမယ့် လူအမျိုးမျိုကတော့ ကိုယ့်ခံစားချက်ကိုအခြေခံလို့ အချိန်ကာလအတို အရှည်ကို အဓိပ္ဗါယ်ဖွင့်ကြတာမို့ ခုလိုပဲ အချိန်ကာလ အတိုအရှည် ဖြစ်သွားတာဖြစ်မှာပါ။

ပြီးခဲ့တဲ့တစ်နှစ်အတွင်း ကျောင်းပြုပြင်ရေး အဟောင်းပြုပြင်ရေး တော်တော်များများလုပ်နေခဲ့လိုက် တာနဲ့ အချိန်က ကုန်လို့ကုန်သွားမှန်းတောင် မသိလိုက်ဘူး။ အချိန်အကုန်မြန်လွန်းလိုက်တာလို့ ထင်သူတွေထဲမှာ ကိုယ်လည်းပဲ အပါအဝင်လို့ဆိုရမှာပေါ့။ လုပ်လိုပါလျက်ကယ်နဲ့ မလုပ်နိုင်သေးတဲ့ အလုပ်တွေလည်း တော်တော်များများကိုပဲ ရှိနေသေးတာမို့ တစ်နှစ်တာအချိန်ကာလဟာ အကုန် မြန်လွန်းတယ်လို့ ထင်မိတာလည်း ဖြစ်မှာပါ။

မုဒိတာရွှေကျောင်း မပြုပြင်မီကအနေအထားနဲ့ လက်ရှိအနေအထားက တော်တော်ကွာခြားသွားလို့ ကျောင်းက တစ်ခေါက်နဲ့တစ်ခေါက် မမှတ်မိလောက်အောင်ပဲ ပြောင်းလဲသွားတယ်လို့လည်း ပြော တတ်ကြ တယ်။ ကျောင်းလေးက သိပ်ချစ်စရာကောင်းတာပဲလို့ ထူးထူးခြားခြား ပြောကြသူတွေလည်း မနည်းဘူး။ သက်ရှိ အရာများနဲ့ပတ်သက်ပြီး ချစ်စရာကောင်းတယ်ဆိုတဲ့ စကားကို ကြားမိတတ်တာ မဆန်းပေမယ့် အဆောက်အဦ တစ်ခုကိုကြည့်ပြီး ချစ်စရာကောင်တယ်ဆိုတဲ့စကားကို ပြောခဲ့ကြသူတွေ ထဲမှာ ရဟန်းတော်များရော၊ အမျိုးသား များရော၊ အမျိုးသမီးများမှာ ပါနေခဲ့တာကိုလည်း ထူးထူးခြား ခြား သတိပြုမိတယ်။

ပြောကြသူတွေက အတန်းအစားစုံဆိုတော့ တစ်ခုခုထူးလို့ပဲဖြစ်မယ်လို့ ယူဆပါတယ်။ အဆောက်အဦ တစ်ခု ချစ်စရာကောင်းတယ်လို့ အမြင်ခံရခြင်းမှာ အရောင်လှလှချည်းကြောင့်လည်း မဟုတ်သလို ပုံစံ ကျမှု တစ်ခုကြောင့် လည်းပဲ ဟုတ်မယ်မထင်ပါဘူး။ အရောင်ရွေးတာ ဘယ်သူလဲ၊ ဒီဇိုင်းရွေးတာဘယ် သူလဲစသဖြင့် လည်း မေးတတ်ကြတယ်။ ကျောင်းထဲကိုရောက်တော့ အေးချမ်းမှုတစ်ခုကို ခံစားရတယ် လို့လည်း အချို့က ပြော တတ်တယ်။ ခုလိုပြောတတ်သူတွေကိုတော့ လာရောက်သူတွေ ကြည်နူးချမ်း မြေ့နိုင်စေဖို့ ၊ အေးချမ်းစေ ဖို့ မေတ္တာတွေ စေတနာတွေအများကြီးထည့်ပြီး ပြင်ဆင်ခဲ့တာလို့ ပြန်ပြော မိတတ်ပါတယ်။

နေ့စဉ်တွေ့မြင်နေရတဲ့ ကိုယ့်အဖို့ တဖြေးဖြေးပြောင်းလဲသွားတာကို သတိမထားခဲ့မိပေမယ့် ရံဖန်ရံခါ မှ ရောက်လာတတ်ကြသူတွေအတွက်တော့ တစ်ခေါက်နဲ့တစ်ခေါက် တစ်ကြိမ်နဲ့တစ်ကြိမ် ပြောင်းလဲသွား တာက သိသိသာသာ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။

တစ်ခေါက်နဲ့တစ်ခေါက် မတူဘူးလို့ပြောတတ်ကြသူတွေရဲ့စကားနောက်ကွယ်မှာ ကျောင်းဝင်းနဲ့ ကျောင်းအဆောက်အဦက အလျင်တစ်ေ ခါက်ကထက် ပိုမိုသပ်ရပ်လာတယ်၊ ပိုမိုပြီးလည်း သစ်လွင် တောက်ပလာတယ်လို့ ဆိုလိုချင်တာလည်း ပါပါလိမ့်မယ်။ ကြည့်ပျော်ရှုဖွယ်မရှိတဲ့ အရာတော်တော် များများကို ပြုပြင်မွန်းမံလိုက်တာဆိုတော့ မူလအနေအထား နဲ့ တော်တော် ကွာခြာသွားခဲ့ပါပြီ။

ခြားနားသွားတယ်၊ တော်တော်ပြောင်းသွားတယ်ဆိုတဲ့ စကားကိုကြားရတိုင်း သူတို့တွေ မမြင်နိုင် တဲ့ ပြောင်းလဲခြင်းအကြောင်းကိုလည်း သတိရမိတတ်ပါတယ်။ နေထိုင်ရာ အဆောက်အဦတစ်ခုကို ပိုပြီး ကြည့်ပျော် ရှုပျော်ဖြစ်အောင် ဦးစီးစီမံနေတဲ့ သူကိုယ်တိုင်က ကိုယ့်ခန္ဓာအဆောက်အဦကိုကော ပိုပြီးကြည့်ပျော်ရှုပျော်ဖြစ်ေ   လအောင် ဖန်တီးနိုင်စွမ်းရှိပါရဲ့လား။

အဆောက်အဦတစ်ခုကို သစ်လွင်လာအောင် ဦးစီးမွမ်းမံခဲ့တဲ့သူကိုယ်တိုင်မှာတော့ တစ်နှစ်တာအတွင်း ယွင်းယို လာမှုများက မနည်းမနော။ အပေါ်ယံကြော ရုပ်လွှာကို မြင်ရသူတွေအဖို့ ထင်ထင်ရှားရှား သတိ ထားမိကောင်းမှ ထားမိနိုင်မှာဖြစ်ပေမယ့် ကိုယ်ကိုယ်တိုင်ကတော့ ပြောင်းလဲခြင်းများကို ကောင်း ကောင်း အမှတ်ပြုမိပါတယ်။ ကိုယ့်ထံကိုရောက်ရောက်လာတဲ့ အပြောင်းအလဲတစ်ခုခုကို အမှတ်ပြုမိ လေတိုင်း ဟိုတုန်းကဆို . . .ဟိုတုန်းကဆို . . .ရယ်လို့ အလျင်အချိန်များနဲ့ လက်ရှိကိုယ့်အနေအထား ကိုလည်း ပြန်လည်နှိုင်းယှဉ်ကြည့်မိတတ်ပါတယ်။

ခန္ဓာကိုယ်က ထိလွယ်ခိုက်လွယ်၊ နာလွယ်ကျင်လွယ်ဖြစ်လာတတ်တာ သိသာလာသလို မောလွယ်ပမ်း လွယ် ဖြစ်လာတာကလည်း ထင်ထင်ရှားရှား။ နေထိလို့ နွမ်းတတ်တာ၊ လေထိလို့ချမ်းတတ်တာ၊ မြေထိ လို့ ပမ်းလွယ်တတ်တာက ဟိုယခင်အချိန်ကများနဲ့ တူမှ မတူတော့တာ။ ပမ်းလွယ် နွမ်းလွယ်တဲ့ရုပ် နောက်ကိုလိုက်ပြီး စိတ်ကပါ မပမ်းလွယ် မနွမ်းလွယ်စေဖို့ လေ့ကျင့်မွေးမြူနေနိုင်လို့သာ တော်တော့ တယ်လို့လည်း ကိုယ့်ကိုယ်အားပေး လို့ ဖေးဖေးမမ တွေးဆမိတတ်ပါသေးတယ်။

အထူးသဖြင့်တော့ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတဲ့ ကိုယ့်အသက်အရွယ်ကို သတိပြုမိလေတိုင်း ကိုယ့်ရဲ့ အသက်ကြီးမှုက အဓိပ္ဗါယ်ရှိတဲ့ ကြီးရင့်မှုမျိုးကော ဟုတ်ပါလေစရယ်လို့လည်း ဆင်ခြင်မိပါ တယ်။

မကြာမီက ဆရာသမားတစ်ပါးထံ အဖူးမြော်ရောက်ခဲ့တော့ ဘယ်နှစ်ဝါရပြီလဲလို့ ဆရာသမားက မေးပါ တယ်။ ရောက်ရှိနေတဲ့ဝါကို ပြန်လည်လျှောက်ကြားတော့ အော် မဟာထေရ်ဖြစ်နေပြီပဲလို့ ဆရာသမား က မိန့်ပါ တယ်။ သာသနာတော်အသုံးအနှုန်းအရ ရဟန်းတော်တွေမှာ ဝါ ၂၀ ကျော်လာလျင် မဟာ ထေရ်လို့ ခေါ်တာကို ရည်ညွှန်းပြီး မဟာထေရ်ဖြစ်နေပြီလို့ မိန့်တာဖြစ်မှာပါ။ ထေရ် ဆိုတဲ့စကားရဲ့နောက် မှာက တည်ကြည်ခြင်းတွေ၊ ရင့်ကျက်ခိုင်မာမှုတွေစတဲ့ လေးစားဖွယ်ဂုဏ်တွေ ကိန်းတည်နေတယ်လေ။

ဆရာသမားစကားကိုကြားမိတော့ ဓမ္မပဒမှာ မြတ်ဗုဒ္ဒမိန့်ကြားတော်မူတဲ့ ထေရ်(မဟာထေရ်) လို့ ခေါ် ထိုက်သူ အကြောင်းကို သတိရမိလိုက်တယ်။ အသက်အရွယ်ကြီးရင့်လာလို့ သတ်မှတ်ချက်အရ မဟာ ထေရ်ဖြစ်လာ တာတော့ ဟုတ်ပါပြီ။ မဟာထေရ်တစ်ပါးမှာ ရှိရမည့်အချက်အလက်တွေရော ကိုယ့်မှာ တကယ်ရှိတာကော ဟုတ်ရဲ့လား။ အသက်အရွယ်ကြီးရင့်မှုနဲ့အညီ ကြီးသင့်တဲ့ အခြားအရာများက ကော ကြီးလာခဲ့တာမှ ဟုတ်ပါလေစ။ တကယ်ကော မထေရ်ခေါ်ဆိုနိုင်တဲ့ ဂုဏ်အင်္ဂါများ ကိုယ့်မှာ ရှိတာမှ ဟုတ်ပါလေစလို့လည်း ဆင်ခြင်မိပါတယ်။

ဘဝတစ်ခုဖြစ်တည်မှုနဲ့ စပ်နေတဲ့ ဆင်းရဲခြင်းအမှန်တရား၊ ဆင်းရဲခြင်းကိုဖြစ်ပေါ်စေတဲ့ လက်သည် တရားခံ အကြောင်းမှန်၊ ဆင်းရဲအားလုံးကနေ လွတ်မြောက်ရာအရပ်၊ ဒီလွတ်မြောက်ရာအရပ် ကို ရောက်ရှိနိုင်စေ ဖို့ လျှောက်လှန်းရမည့်လမ်းကြောင်းနဲ့ လုပ်ရမည့်နည်းလမ်းအသွယ်၊ ဒီအရာတွေကို သိရှိသူတစ်ယောက်ဖြစ်နေပြီ လား။

လောကဆင်းရဲကလွန်မြောက်ရာဌာနကို အရောက်လှန်းဖို့ အကျင့်ကောင်းတွေကို ကျင့်ကြံနေခဲ့တာ ကော ဟုတ်ရဲ့ လား။ ကိုယ့်လိုပဲ သံသရာခရီးသွား သက်ရှိသတ္တလောကသားများနဲ့ ကိုယ်မှီတည်နေတဲ့ သက်မဲ့သြကာသ ကမ္ဘာကြီးအပေါ်မှာ ကိုယ့်ကြောင့် မထိခိုက်မနာကျင်ရလေအောင် ညှာတာထောက် ထား အကြင်နာတရားတွေ ထားခဲ့တာရော ဟုတ်ပါရဲ့လား။ ကိုယ့်ရဲ့ကိုယ်နှုတ်နှလုံး အမူအကျင့် သုံးမျိုး လုံးကို ထိန်းချုပ်စောင့်ရှောက်ခဲ့တာကော ဟုတ်ရဲ့လား။ အတိုးလောဘ၊ အညိုးဒေါသ၊ အဆိုးမောဟ တရားတွေကို ပါးသထက်ပါးသွားအောင် ကိလေသာ အလွှာတွေကို ခဝါချနိုင်ခဲ့တာကော ဟုတ်ရဲ့လား။ အခါခါ စဉ်းစားမိပါတယ်။

မြတ်ဗုဒ္ဓကတော့ ‘ထိုရဟန်း၏ ဦးခေါင်းသည် ဖွေးဖွေးဖြူ၏၊ ထိုဦးခေါင်းဖွေးဖွေးဖြူကာမျှဖြင့် ထိုရဟန်း သည် မထေရ် မမည်။ ထိုရဟန်း၏ အရွယ်ရင့်အိုမှုကို အကျိုးမဲ့ အရွယ်ရင့်အိုမှုဟု ဆိုအပ်၏။ အကြင် ပုဂ္ဂိုလ်၌ သစ္စာလည်းရှိ၏၊ တရားလည်းရှိ၏။ ညှင်းဆဲမှုမရှိ။ သီလစောင့်ခြင်းလည်းရှိ၏။ ဣနြေ္ဒကိုလည်း ဆုံးမ၏။ ကိလေသာပျို့အန်ပြီးသော ထိုပညာရှိပုဂ္ဂိုလ်ကိုသာ မထေရ်ဟု ဆိုအပ်၏’-လို့ မိန့်တော်မူ တယ်။

ဝါကြီးရုံမျှနဲ့ မထေရ်လို့ မခေါ်နိုင်သလို အသက်ကြီးရုံမျှနဲ့ လူကြီးတစ်ယောက်ရယ်လို့ မဆိုနိုင်ဘူးတဲ့။ ရက်တွေ တစ် ရက်ပြီးတစ်ရက် ကုန်လွန်သွားလို့ အသက်တွေ တစ်နှစ်ပြီးတစ်နှစ် ကြီးရင့်လာတဲ့ကိုယ့် အဖို့ ကုန်လွန်သွား မည့်နှစ်တွေဟာ အချည်းနှီးကုန်လွန်သွားတာမျိုး မဖြစ်ရအောင် နေထိုင်တတ်ဖို့ လို ပေလိမ့်မယ်။ ဒါမှသာ လျင် နှစ်ပတ်လည်ပွဲကျင်းပခြင်းကလည်း အဓိပ္ဗါယ်ပြည့်တဲ့ ကျင်းပခြင်းမျိုး ဖြစ်ပေလိမ့်မယ်။ ။