အဝေးက နီးကြသူတွေ
အရှင်ဉာဏိက။ နိုဝင်ဘာ ၂၅၊ ၂၀၁၁
နေရာသစ်လေးတစ်နေရာ အတန်အသင့် အခြေခိုင်ဖို့ ကြိုးစားတည်ဆောက်နေတဲ့ကိုယ့်ကို
အနီးအဝေးက အား ပေးကူညီကြတယ်။ ဒါဟာဖြင့် ပုဂ္ဂိုလ်ရေးအနေနဲ့ပဲကြည့်ကြည့်၊ ဒီထက်ခန့်ညားတဲ့စကားကို
ယူသုံးရမယ်ဆိုရင် ဖြင့် သာသနာရေးရှုထောင့်ကပဲကြည့်ကြည့် ကျေးဇူးတင်ဝမ်းမြောက်စရာချည်းပါပဲ။
ပုဂ္ဂိုလ်ချင်း ရင်းနှီးကျွမ်းဝင် လို့ လေးစားခင်မင်မှုနဲ့ ထောက်ပံ့တယ်ဆိုလျင်တောင် သာသနာကိုအမှီပြုပြီး
နေထိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးရဲ့ နေ့စဉ် ဘဝလှုပ်ရှားမှုများဟာ သာသနာအတွက်သာ ဦးတည်ထားတယ်ဆိုတာ
ကာယကံရှင်ကိုယ်ကိုယ်တိုင်ကတော့ အသိဆုံးပါပဲ။ သာသနာဆိုတဲ့ အဆုံးအမ ကင်းတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊
ပုဂ္ဂိုလ်ဆိုတဲ့ လိုက်နာကျင့်ကြံသူ မရှိတဲ့ သာသနာပဲဖြစ်ဖြစ်၊ တစ်ဖက်ဖက်က ချို့ယွင်းနေတယ်ဆိုလျင်ဖြင့်
လှပတင့်တယ်နိုင်တော့မယ် မဟုတ်ပါဘူး။ ပြည့်စုံလှပတဲ့အရာတစ်ခုဖြစ်ဖို့ဆိုလျင်ဖြင့် မှီရာသာသနာကိုလည်း
လိုက်နာဖြည့်ကျင့်ပါမှ၊ သာသနာတည်စေရာ ပုဂ္ဂိုလည်ကိုလည်း ဝိုင်းဝန်းကာဖြည့်တင်းကြကာမှ
ဖြစ်မှာပါ။ ဒါကြောင့် ကူညီအားပေးသူတွေဆိုတာ သာသနာ အတွက် အခရကျတဲ့သူတွေချည်းပါပဲ။
အနီးမှာ တွေ့နေရသူတွေကို အခါအားလျော်စွာ ဝမ်းမြောက်စကား
ကျေးဇူးစကားဆိုဖြစ်ပေမယ့် ဝေးဝေးကနေ အားပေးသူတွေအတွက် သီးသန့်ကျေးဇူးစကား မဆိုဖြစ်သေးဘူး။
ကိုယ့်အတွက်တော့ ဝေးပေမယ့် အဝေးနေ မဟုတ်သူတွေ၊ အဝေးက နီးကြသူတွေ တော်တော်များများရှိနေခဲ့ပါတယ်။
ဒါကြောင့် ဝေးဝေကနေ အားပေးကြ တဲ့သူတွေအတွက် စာတစ်စောင်ရေးကာ ကျေးဇူးစကားဆိုဖို့ စိတ်ကူးမိခဲ့တာ
ကြာပြီ။
ကျောင်းတက်နေစဉ်ကတော့ ကျောင်းစာတွေလုပ်ဖို့၊ ဆရာတွေ၊
အတန်းဖော်တွေ၊ ကျောင်းတာဝန်ရှိသူတွေနဲ့ ဆက်ဆံဖို့နဲ့ အခြားအခြားကိစ္စများကြောင့် ကွန်ပြူတာရှေ့မှာ
ထိုင်ဖြစ်တဲ့အချိန်က တော်တော်များခဲ့တယ်။ ဘယ် လောက်ပဲ မအားလပ်သည် ဖြစ်ပစေ၊ ကွန်ပြူတာနဲ့
အချိန်တော်တော်များများရှိနေတော့ စာရေးချင်စိတ်ပေါက် လာရင် ရေးချင်တဲ့အကြောင်းအရာကို
ကောက်ကာငင်ကာ အလွယ်တကူရေးဖြစ်တယ်။ ဒါကြောင့် မကြာမကြာ စာရေးဖြစ်ခဲ့တယ်။
ကျောင်းပြီးသွားတော့ ကွန်ပြူတာနဲ့အထိအတွေ့က အရင်လောက်
မများတော့ဘူး။ အလွယ်တကူ ရေးချင်တာ ရေး၊ ရိုက်ချင်တာ ရိုက်နိုင်အောင် ကွန်ပြူတာကို တချိန်လုံး
ဖွင့်ထားတာတောင် ကီးဘုဒ်ကို လက်နဲ့တို့မိတဲ့ အချိန်က သိသိသာသာ နည်းလာတယ်။ ရေးမယ်လို့
စိတ်ကူးပေါ်လာတတ်တဲ့ အကြောင်းအရာတွေကတော့ မနည်းမနော။ သို့ပေမယ့် ရေးဖြစ်တဲ့အထိ ရောက်မလာတတ်ဘူး။
ကိုယ့်စာတွေ မဖတ်ရတာကြာနေလို့ ပရိတ်သတ်တော်တော်များများကတော့
နေရာသစ်အတွက် ကြောင့်ကြ စိုက်နေရတာနဲ့ အချိန်မရလို့ စာမရေးနိုင်ဖြစ်နေပြီလားလို့ မေးတတ်ကြတယ်။
ကျောင်းထောင်ကျနေပြီလားလို့ လည်း စတတ်ကြတယ်။
တကယ်တော့ စာမရေးဖြစ်တာက မအားလပ်လို့ မဟုတ်ပါဘူး။ ဟိုအလျင်က
စာတွေအဆက်မပြတ် ရေးနေ တတ်တုံးကလည်း အားလို့ရေးဖြစ်ခဲ့တာ မဟုတ်ပါဘူး။ တကယ်တော့ ကိုယ့်စရိုက်က
အားနေချိန်မှာထက် မအားလပ်တဲ့အချိန်များမှာသာ ရှားပါးတဲ့အချိန်ထဲက ကုတ်ကတ်ပြီး ရေးတတ်လေ့ရှိခဲ့တာပါ။
ခုတော့ အချိန် များများ အားနေတတ်ပါတယ်။ ရေးမယ်ဆိုလျင် ရေးဖို့ အချိန်တွေက အများကြီး။
သို့ပေမယ့် ပြောခဲ့သလို ကွန် ပြူတာရှေ့ထိုင်ချိန်က နည်းနေလို့ မရေးဖြစ်ခဲ့တာပါ။
ဒီနေ့တော့ ဖေ့စ်ဘွတ်မှာ တွေ့ရတဲ့ ကာတွန်းလေးက စာရေးဖြစ်အောင်
တိုက်တွန်းသလိုဖြစ်နေလို့ စလိုက်ပြီ။ ဘယ်တော့ ဒီစာ ဆုံးမလဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။
ခုလိုပဲ စစပြီး အဆုံးမသတ်ခဲ့စာတွေက များခဲ့လှပြီ လေ။ ပြောရရင် ပြီးဆုံးအောင်ရေးခဲ့တဲ့စာနဲ့
တစ်ပိုင်းတန်းလန်း အဆုံးမသတ်နိုင်ခဲ့တဲ့စာ ယှဉ်ကြည့်မယ်ဆိုလျင် အဆုံးမသတ်နိုင်ခဲ့တဲ့စာကတောင်
ပိုများနေခဲ့တာ။ ဒီစာကိုတော့ ကျေးဇူးတော်များအခါတော်နေ့မှာ မှတ်မှတ်ရရ ကျေးဇူးစကားဆိုချင်တဲ့စိတ်က
ပြီးဆုံးအောင် ဆွဲခေါ်သွားမယ်လို့ မျှော်လင့်မိပါရဲ့။
“အကွာအဝေးဆိုတာ ကြောက်ဖို့ မကောင်းပါဘူး။ ကြောက်ဖို့ကောင်းတာက
နှလုံးသားချင်း ဝေးသထက် ဝေး ဝေးသွားတာပါပဲ”-တဲ့။
ဒီစာလေးဖတ်ရတော့ လောကထဲမှာ နီးပြီး ဝေးနေကြသူတွေ၊ ဝေးပေမယ့်
နီးနေသူတွေ၊ ကိုယ်လည်းနီး စိတ် လည်း နီးကြသူတွေနဲ့ ကိုယ်လည်းဝေး စိတ်လည်းဝေးကြသူတွေဆိုပြီး
ရှိနိုင်ကြောင်းကို စဉ်းစားမိတယ်။ နောက် ပြီး အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရဲ့ တရားခေါင်းစဉ်ဖြစ်တဲ့
‘အနေဝေးပေမယ့် အဝေးနေ မဟုတ်ပါ’ဆိုတဲ့ စကားကိုလည်း သွားသတိရမိပါတယ်။ တခါက ကြားနာခဲ့ရဖူးတဲ့
ဆရာတော်တစ်ပါးရဲ့ ‘တစ်ဦးနဲ့တစ်ဦး ချစ်ချစ် ခင်ခင် မေတ္တာစိတ်ထားရင် တစ်နေရာဆီ ဝေးနေလဲ
အတူနေသလိုပဲ’ ဆိုတဲ့ လင်္ကာလေးကို ပြန်လည်အမှတ်ရ မိပါတယ်။
တစ်အိမ်ထဲ တစ်ဆောင်ထဲ အတူတူနေနေပါလျက် တစ်ဦးနဲ့တစ်ဦး
ဖေးမခြင်းလည်း မရှိ၊ စာနာခြင်းလည်းကင်း။ ရန်စောင်မာန်တင်းပြီး အမုန်းတရားတွေ ပွားနေတတ်တာမျိုးလည်း
ရှိတတ်ကြတာပဲ မဟုတ်လား။ သူ့ကိုလည်း ကိုယ် မခင်။ ကိုယ့်ကိုယ်လည်း သူက မကြင်။ ကိုယ့်လည်း
သူက မလေးစား။ ကိုယ်ကလည်း သူ့ကို အားမနာ။ အပြန်ပြန်အလှန်လှန် ညှာတာခြင်းတွေကင်းပြီး
စစ်တလင်းမှာ တွေ့ကြတဲ့ ရန်သူတွေအလား သဘောထား တင်းကြတဲ့ သူတွေလည်း ရှိတတ်တာပဲလေ။ ဒီလို
အနေမျိုးကတော့ ကိုယ်တွေဘယ်လောက်ပဲ နီးနေနီးနေ၊ စိတ်အချင်းချင်းက ဝေးလွန်းကြတာမို့
နီးလျက် ဝေးနေသူတွေလို့ ဆိုရမှာပေါ့။ သွေးအေးနေကြသူတွေလို့ ပြော ရမှာပေါ့။ မနွေးထွေးပဲ
အေးခဲတဲ့သွေးက နီးလျက်ဝေးနေသူတွေအဖြစ် ရောက်နေကြသူတွေပါပဲ။ ကြောက်ဖို့ ကောင်းတဲ့ နှလုံးသားချင်း
ဝေးဝေးသွားခြင်းတွေပေါ့။
အပြန်အားဖြင့်တော့ ကံ အလှည့်မပေးလို့ ခပ်ဝေးဝေးမှာ
နေကြရပေမယ့် သူ့လိုအင်ကိုယ်ကဖြည့်၊ ကိုယ့်လိုအင် သူက ကူ။ အပြန်ပြန်အလှန်လှန် ဖေးမကူညီစိတ်ထားပြီး
လေးလေးစားစား ဆက်ဆံကာ နေထိုင်ကြသူများ လည်း ရှိကြတာပါပဲ။ အချို့သူများကြားမှာဆိုလျင်
အချင်းချင်း မတွေ့မကြုံမဆုံကြဘူးတာတောင်မှ အပြန်ပြန် အလှန်လှန် ဖေးမကူညီကြတဲ့ မေတ္တာကာယကံအမှု၊
မေတ္တာဝစီကံအမှုများရယ်ကြောင့် စိတ်အချင်းချင်း အလွန် ရင်းနှီးပြီး မေတ္တာမနောကံတွေ ထုံမွှန်းပွားများနေတာမျိုးလည်း
ရှိကြတာပါပဲ။ မအေးပဲ နွေးထွေးနေကြတဲ့ သွေးတွေကြောင့် ဝေးပေမယ့် နီးနေကြတဲ့သူတွေပေါ့။
အနေဝေးပေမယ့် အဝေးနေမဟုတ်ကြတဲ့သူတွေပါပဲ။
ကိုယ်ချင်းလည်း နီးနီး၊ စိတ်ချင်းလည်း မကွာ။ တစ်ဦးကိုတစ်ဦး
ချစ်ခင်စိတ်ထားများနဲ့ ကြည့်ရှုကာ နို့နဲ့ရေ ရော ထားသလို ခွဲခြားမရနိုင်တဲ့ အနေမျိုးနဲ့
နေကြတဲ့ အားကျဖွယ် စံပြုဖွယ် နေုထိုင်ကြသူတွေလည်း ရှိကြတာပါပဲ။ ခန္ဓာကိုယ်ချင်းသာ ကွဲပြားပေမယ့်
စိတ်ကတော့ တစ်သားတည်းဖြစ်နေသူတွေပေါ့။
ရှည်လျားလှတဲ့ သံသရာထဲမှာ အခိုက်အတန့် ဘဝတစ်ခုအနေနဲ့
အဖေ အမေ၊ ညီအကို မောင်နှမ၊ ဆွေမျိုးသား ချင်း၊ ဆရာတပည့်၊ မိတ်ဆွေသူငယ်ချင်းစသဖြင့်
တော်စပ်ကြရ ခင်မင်သိကျွမ်းခွင့်ရကြရတာ။ ရာစုနှစ် တစ်ခုမျှ တောင် မကြာလိုက်တဲ့ အချိန်လေး။
သူ ဘယ်ဆီက လာခဲ့တာ ကိုယ်မသိနိုင်သလို ကိုယ်ဘယ်ဆီက လာခဲ့ တယ်ဆိုတာကိုလည်း သူကသိနိုင်တာမျိုး
မဟုတ်ဘူး။ နောက်ပြီးတော့ သူလည်း ဘယ်ဘဝဘယ်ခရီး ဘယ် လိုဆက်မယ် မသိနိုင်သလို ကိုယ်လည်းဘယ်ဆီဘယ်ဝယ်
ခရီးဆက်မယ်ဆိုတာ မသိနိုင်ဘူးလေ။ သံသရာထဲ မှာ ဒါဟာ တစ်ခါတည်းသာ ဆုံကြတာမျိုးလည်း ဖြစ်နိုင်တာမျိုး။
သူနဲ့ကိုယ်အကြား အမုန်းမကင်းတဲ့ အလုပ်အပြောတစ်ခုခုကြောင့်
မပေးမဆပ်နိုင်လိုက်တဲ့ အညိုးအကြွေး အာဃာတ တစ်ခုတလေများ သူသယ်ဆောင်သွားရလျင်လည်း သူ့အတွက်
မကောင်းသလို ကိုယ့်နောက်ပါလာ မယ်ဆိုလျင်လည်း ကိုယ့်အတွက် သက်သာလှမယ် မဟုတ်ပါဘူး။
ရှေးရှေးက အတူပြုခဲ့ကြဘူးတဲ့ အကြောင်းကံတစ်ခုခုကြောင့်သာ
ခုဘဝမှာ လာရောက်ဆုံတွေ့ခွင့် ရကြတာ။ ကြုံကြဆုံကြဖို့ဆိုတာ ဘယ်ဖက်ကပဲ လှည့်စဉ်းစားစဉ်းစား
လွယ်ကူလှတာတော့ မဟုတ်ဘူး။ အကြောင်းတိုက် ဆိုင်လို့ မိဘနဲ့သားသမီး၊ ဇနီနဲ့ခင်ပွန်းအဖြစ်
လာရောက်ဆုံတွေ့ခွင့်ရှိကြတာတောင် ကံလေလွှင့်မှုကိုခံရလျင်ဖြင့် တနယ်တပြေဆီ ဝေးကွာလို့
နေနေကြရတာ။ သူဖျားလို့မှ ကိုယ်မကူနိုင်၊ ကိုယ်နာလို့မှ သူမကယ်နိုင်၊ သတင်း စကားလေး
ကြားနိုင်ဖို့တောင် အတော်ခက်ခက်ခဲခဲဖြစ်ကြရတာမျိုးလည်း ရှိနိုင်တတ်တာမျိုးပါ။
ဒီလောက်ထိပင် တွေ့ဖို့ကြုံဖို့ အပြန်ပြန်အလှန်လှန်
ဖေးမကူညီဖို့ ခက်လှတဲ့ ဘဝလေးတစ်ခုမှာ တွေ့ခိုက်ကြုံ ခိုက်လေး နီးလျက်ဝေးနေသူတွေ မဖြစ်ဖို့တော့
သိပ်အရေးကြီးလှပါတယ်။
ခဏကြုံ ဆုံတွဲလို့၊ ခွဲကြရ ဒို့သူငါ၊ များလှဘဝါ၊ လူ့ဘုံမှာ
ကြုံလာရ ခုချိန်တွင်း၊ သူ့လိုအင် ငါကူလို့ ငါ့ကိုယ်ပင် သူကူလို့ စိတ်ထားဖြူ တူညီကြလျင်ဖြင့်
ကောင်းလှဘိခြင်း ဆိုတဲ့ အရှင်သုန္ဒရ (ဘီအေ)ရဲ့ ကဗျာလေးလို တွေ့ ကြုံရတဲ့ ခဏတာအခိုက်လေးမှာ
အပြန်ပြန်အလှန်လှန် ဖေးမကူညီကာ နေထိုင်လို့သွားကြမယ်ဆိုလျင်ဖြင့် ဟောဒီကမ္ဘာကြီးဟာ အလွန်မှပဲ
နေပျော်ဖွယ်ရာ ကမ္ဘာကြီးဖြစ်လေမှာပါ။
အခြေအနေ မပေးလို့ တွေ့ဆုံရန်အခက်အခဲကြောင့် ကိုယ်ခန္ဓာချင်း
ခပ်ဝေးဝေးမှာ နေနေကြရပေမယ့် မအေး တဲ့သွေးရယ်ကြောင့် ဝေးပေမယ့် နီးနေတယ်လို့ပဲ ခံစားရလေအောင်
စွမ်းဆောင်ကြသူတွေအတွက် ဒီနေ့လို Thanksgiving Day ဆိုတဲ့ ထူးခြားတဲ့ ‘ကျေးဇူးတော်များအခါတော်နေ့’
မှာ ဒီစာတိုလေးနဲ့ ကျေးဇူးစကား ဆို လိုက်ပါတယ်။ ခုလိုဆိုလိုက်တဲ့ ကျေးဇူးစကားဟာ ကိုယ်ချင်းလည်းနီး၊
စိတ်ချင်းလည်းနီးနေသူတွေအတွက်ပါ ရည်ရွယ်လေတယ်ဆိုတာကိုတော့ အထူးပြောနေဖို့တောင် လိုမယ်မထင်ပါဘူးလေ။
။
No comments:
Post a Comment