Monday, August 22, 2011

The open door at the Mudita Shwe Kyaung


လာရဦးမယ်လို့ ပြောနေဖို့ဖြင့် မလိုပါ
အရှင်ဉာဏိကာဘိဝံသ
သြဂုတ် ၁၉၊ ၂၀၁၁
မနေ့က အင်ဒီယာနာပြည်နယ်မှာ ရောက်ရှိနေကြတဲ့ နောင်တော်ဆရာတော် သုံးပါးနဲ့ စကားပြောဖြစ် တယ်။ အဲဒီမှာ ဆရာတော် ဦးဇာဂရ (ကံထွန်းသစ်) က အရှင်လေးလည်း ကျောင်းထောင်ကျနေပြီမို့ စာ မရေးနိုင်ဖြစ်နေထင်တယ်။ စာတွေ မဖတ်ရတာ ကြာပြီရယ်လို့ စာရေးဖို့ တိုက်တွန်းသံပါတဲ့ စကားကို မိန့်ပါတယ်။
          "မှန်ပါ၊ ဟုတ်ပါတယ်ဘုရား" လို့ ပြန်လည်လျှောက်ထားဖြစ်တယ်။ သူမိန့်ကာမှ ဟုတ်တာပေါ့။ မရေးဖြစ် တာ တော်တော်ကြာနေခဲ့ပြီပဲလို့ ရုတ်တရက် စဉ်းစားမိတယ်။ နောက်ပြီး ညနေပိုင်းကပဲ ရင်းနှီးတဲ့ ဒကာတစ်ဦးနဲ့ တွေ့ခဲ့လို့ သူလျှောက်ထားတာပတ်သက်ပြီး စာရေးဦးမယ်လို့ ပြောဖြစ်ခဲ့တယ်ဆိုတဲ့ အကြောင်း ဆရာကံကို ပြန်လည်လျှောက်ထားခဲ့တယ်။
ညတွင်းချင်းပဲ ရေးဖို့စိတ်ကူးခဲ့ပေမယ့် တစ်နေ့လုံးလာသမျှ ပရိတ်သတ်နဲ့ စကားပြောနေရတဲ့ အရှိန်က ပြလာပြီမို့ ခဏအိပ်ရာပေါ်လှဲလိုက်တာ အိပ်ပျော်သွားခဲ့လို့ တစ်ကြောင်းမှ မရေးနိုင်ခဲ့ဘူး။ စိတ်နောက် ကို မလိုက်နိုင်တဲ့ရုပ်က ရွှေရတုသက်တော် နီးလာခြင်းရဲ့ အမှတ်လက္ခဏာသင်္ကေတကို ပြလို့နေပြီ လေ။
မုဒိတာရွှေကျောင်းကို ဖွင့်လှစ်ခဲ့တာ ခုဆို တစ်လကျော်ကျော် ရှိနေခဲ့ပြီ။ ကျောင်းဖွင့်ပွဲ မတိုင်မီမှာ ပြင် ဆင်ချိန်က တစ်လနီးပါးလောက်နဲ့ဆိုတော့ မုဒိတာရွှေကျောင်းနဲ့ ဆက်စပ်တဲ့ ရက်တွေက နှစ်လခန့် ရှိခဲ့ပြီပေါ့။ ဒီနှစ်လလောက်အတွင်းမှာ တွေ့ကြုံဆုံခဲ့ရတဲ့ အတွေ့အကြုံက အဖုံဖုံ။ မြင်ရ ကြားရ ရောင်စုံ အစအနတွေရယ်က အပြည့်။ ကြမ်းထမ်းတာတွေလည်း ရှိ။ လွမ်းတမ်းစရာတွေလည်း ရှိ။ ဘဝရှိခြင်းရဲ့ နောက်ကွယ်မှာ ဘယ်လိုမှ ရှောင်ပယ်လို့ မရနိုင်တဲ့ လောကသဘာဝ။ အကောင်းအဆိုး တရားတွေနဲ့ မြိုင်လို့ ဆိုင်လို့။ တစ်ပွင့်စီ၊ တကန့်စီကို စနစ်တကျ ရွေးချယ်ကာ စာစီကုံးရလျင်ဖြင့် အရောင်အသွေး တော်တော်စုံမယ့် စာပန်းကုံးကောင်းကောင်း ဖြစ်လိမ့်မယ်လို့ပင် တွေးမိပါသေးရဲ့။



ရွှေရတု ကျင်းပနိုင်ဖို့ နီးကပ်လာတဲ့ သက်တမ်းတစ်ခုလုံး။ တစ်နည်းပြောရရင် ရာစုတစ်ဝက် နှစ်များစွာ လုံးလုံး သူတစ်ပါးတွေရဲ့ ဦးဆောင်မှုအောက်မှာပဲ အလိုက်သင့် နေနေခဲ့တာ။ သင့်ရာစား၊ ညွှန်ရာလုပ်၊ တာဝန် သိပ်မရှုပ်ပဲ၊ ခပ်ကုပ်ကုပ် နေလာခဲ့တယ်လို့ ဆိုနိုင်မလားပေါ့။ ကုပ်ကုပ်ဘဝနဲ့ ငုပ်နေရတာ အနေကြာလာတော့ အညောင်းတောင် မိချင်သလိုဖြစ်လာတယ်လေ။ ဒါကြောင့် ဖြန့်ကြည့်ချင်၊ ဆန့် ကြည့်ချင်တဲ့ စိတ်ကရှေ့ကို ထွက်လာခဲ့တယ်။ ဒီတော့ ဘဝ အသစ်မဟုတ်ပေမယ့် ခုလိုပဲ အစဖြစ်နေ ရတော့ ပြန်တာပေါ့။ ကိုယ်တိုင်ဦးစားကာ တစ်သီးတသန့် တစ်နေရာဖန်တီးခဲ့ပြီဆိုတော့ အစစအရာ ရာ ကိုယ့်တာဝန်ကိုယ်ယူ၊ ကိုယ့်အပူ ကိုယ်သိမ်း၊ ကိုယ့်ငြိမ်းချမ်းမှု ကိုယ်အရယူတတ်လေအောင် ကြိုး စားရပြီပေါ့။
နေရာသစ်တစ်ခုမှာ အဆောက်အဦ ဟောင်းတာကလွဲလို့ အရာအားလုံး အစကနေ အသစ် စတည်ရ တာဆိုတော့ ဖြည့်ဆည်းရတာက နေရာတကာမှာ။ ကောင်းမယ်ထင်တာလေးတွေ ဖြည့်ရင်း ပြည့်စုံ ခြင်းနဲ့က ပိုနီးလာတယ်ရယ် မရှိနိုင်ဘူး။ အနီးအဝေးက အားပေးသူ၊ ကူညီသူတွေရဲ့ အားပေးကူညီမှု တွေသာ မပါခဲ့ဘူးဆိုလျင် ခုလောက်ခရီးကိုပင် ရောက်နိုင်ခဲ့ဖို့ ဘယ်လွယ်ပါ့မလဲ။ ဒါကြောင့် အနီးအ ဝေးက မုဒိတာပွား၊ မုဒိတာ ထားကြတဲ့ နောင်တော် ညီတော် သံဃာတော်များ၊ ဒကာဒကာမများ အား လုံးကို အထူးကိုကျေးဇူးတင်မိပါတယ်။ သူတို့ရဲ့ မေတ္တာစေတနာများအတွက် ကြည်နူးဝမ်းသာ ဖြစ်ရပါ တယ်။
တချို့တချို့များရဲ့ အားပေးစောင့်ရှောက်ကူညီမှုများဆို သူတို့ရဲ့သားရင်းပမာ၊ ညီရင်းအလား၊ မောင်တစ် ယောက်၊ အကိုတစ်ယောက်နှယ်။ ထင်မှတ် မထားခဲ့လောက်အောင်ကိုပဲ တွေ့ခဲ့ရပါတယ်။ ဒီ အထဲမှာ အလျင်က ခင်မင်ဖူးသူတွေတင်မက သာမန်သိဖူးယုံမျှသူတွေပင် ပါဝင်နေလို့ ကြည်နူးမှုသာမက အံ့သြမှုပါ ဖြစ်ရပါတယ်။
ခုလိုအားပေးကူသူတွေကို ကြည်နူးဝမ်းသာဖြစ်ရပါတယ်။ လှိုက်လှိုက်လှဲလှဲပဲ ကျေးဇူးတင်ပါတယ်လို့ ပြောရတာမို့  ကိုယ့်အတွက် လွယ်ကူပါတယ်။ ဒါပေမယ့် ခက်နေတာက အကြောင်းကြောင်းကြောင့် ကူညီတဲ့အဆင့်ထိ မရောက်ဖြစ်နိုင်သေးတဲ့ အလျင်က ခင်မင်ရင်းနှီးဖူးသူတွေပါ။
တစ်နေရာရာမှာ အကြောင်းတစ်ခုခုနဲ့ သူတို့တွေနဲ့ဆုံဖြစ်တိုင်း အားနာတဲ့မျက်နှာထားနဲ့ “အရှင်ဘုရား ကျောင်းသစ်တည်ထောင်တယ်ကြားတယ်။ အဲဒါ တပည့်တော်လည်း လာရဦးမယ်။ ခုထိမလာနိုင်သေး ဘူး။ လာပါဦးမယ်။ ခွင့်လွှတ်ပါ-စသဖြင့် အားနာတဲ့ မျက်နှာထားနဲ့ တောင်းပန်စကား ဆိုတတ်ကြ တယ်။
တကယ်တော့ ကိုယ်ကလည်း သူတို့ကို လာရမယ်လို့ ပြောမထားခဲ့သလို သူတို့ကလည်း လာပါ့မယ်  ရယ်လို့ ကိုယ့်ကိုယ် ကတိစကားဆိုထားတာမျိုးမှ မရှိတာ။ လာလိုက လာနိုင်သလို မလာလိုကလည်း မလာပဲ နေနိုင်တာပဲဟာ။ ဒါက သူတို့တွေရဲ့ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ပဲဟာ။ လူတွေမှာက ဟို အရေး ဒီအရေး၊ အရေးပေါင်းများစွာနဲ့ အားနိုင်ခဲသား။ ဒါကြောင့် အမှန်တကယ် လာဖို့စိတ်ဆန္ဒ ရှိပေ မယ့်လည်း လာဖို့က အဆင်ပြေနိုင်ချင်မှ ပြေနိုင်တတ်တာမျိုး။
ဒါကြောင့် လာရမယ်ဆိုတဲ့ အသိတရားက အကြောင်းကြောင်းကြောင့် မလာနိုင်ဖြစ်နေသူတွေအတွက် ဝန်တစ်ခု မဖြစ်စေချင်သလို အချုပ်အနှောင်တစ်ခုလည်း မဖြစ်စေချင်ပါဘူး။ အဆုံးစွန်လွတ်လပ်မှုဆို တဲ့ (ဝိမုတ္တိသုခ-နိဗ္ဗာန်)ချမ်းသာတိုင် မျှော်လင့်မှုအပြည့်နဲ့ တည်ထောင်ခဲ့တဲ့ မုဒိတာရွှေကျောင်းက ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ စိတ်ထဲမှာပင်လျင် ဝန်တာ မပိစေချင်ပါဘူး။
ပြောခဲ့သလို သားတစ်ပါး ပမာ၊ ညီအကို မောင်တစ်ဦးအလား ကူညီခဲ့ကြသူတွေကို ကျေးဇူးတင်ဝမ်း မြောက်ပါကြောင်း တုံ့ပြန်စကားဆိုဖို့ မခက်ပေမယ့် ခုလို အကြောင်းကြောင်းကြောင့် မလာရောက်နိုင် မကူနိုင်သေးသူများအတွက် ကိုယ်က ဘယ်လိုပြန်ပြောရမယ်ဆိုတာ ကိုယ့်မှာအဖြေမရှိပါဘူး။ ရပါ တယ်၊ ကျေးဇူးပါလို့ ပြန်ပြောလိုက်ပြန်ရင်လည်း သူတို့တွေကို ရွဲ့သလိုများ ဖြစ်နေလေမလား။ ဒါမှ မဟုတ်လည်း အားနာမျက်နှာထားနဲ့ စကားဆိုတတ်တဲ့ သူတို့တွေအတွက် ပိုပြီးတော့များ အားနာစိတ် တွေ ဝင်သွားလေမလားရယ်လို့ တွေးမိပါတယ်။
ဒါကြောင့် သူတို့တွေအတွက် ကိုယ်ရော သူတို့တွေရော နှစ်ဦးနှစ်ဖက် အတွေးမခက် အနေမခက်ရ လေအောင် “စာနာစွာ နားလည်ပါတယ်။ လာရဦးမယ်လို့ ပြောနေဖို့ဖြင့် မလိုပါဘူး” ရယ်လို့ စကား လေးတစ်ခွန်းကိုတော့ ကိုယ်က ကြိုတင်ကာ ဆိုထားချင်ပါတယ်။

No comments:

Post a Comment